စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
Chapter 5
Translator – Utopia
မုမင်ထန် ဘာမှဆက်မကြားချင်တော့တာကြောင့် လှည့်ပြန်လာခဲ့တယ်။ သူမ ခပ်ဝေးဝေးကို မရောက်ခင်မှာပဲ သူမကို ရှာဖို့ လွှတ်လိုက်တဲ့ အစေခံမိန်းကလေးနဲ့ သွားတိုက်မိတယ်။ ထို့နောက် အစေခံက မျက်နှာခပ်ချီချီနဲ့
“ ဒုတိယသခင်မလေး သခင်မက သခင်မလေးကို လျှောက်သွားမနေသင့်ဘူးလို့ ပြောထားတယ်လေ။ ဘယ်လိုလုပ် ဒီလောက်လွယ်တဲ့ဟာလေးကိုတောင် မေ့နိုင်ရတာလဲ ”
အစေခံမိန်းကလေးက သစ်ပင်ကို ကျောပေးထားတာဆိုတော့ သူတို့ကြားမှာ စုံတွဲတစ်တွဲ ရပ်နေတယ်ဆိုတာကို သတိမထားမိလိုက်ဘူး။ သူမအသံကို ကြားတဲ့အခါ ရှဲ့ရွှမ်းကျီ နဲ့ ကျန်းမင်ဝေ့ တို့ နှစ်ယောက်လုံး စကားပြောတာကို ရပ်လိုက်တယ်။ ယောက်ျားလေးရဲ့မျက်နှာက ပူပန်သွားတဲ့ပုံနဲ့ မြန်မြန်ပဲ အမိုးစင်္ကြံထဲကို ဝင်လိုက်တာ မုမင်ထန် ထောင့်ချိုးကနေ ပျောက်သွားတာကို လှမ်းမြင်လိုက်ရုံ ကွက်တိပဲ။
တကယ်ကို သူမရဲ့ ဝတ်ပုံစားပုံကြောင့်ပဲလား သူမပေးတဲ့ ခံစားချက်ကြောင့်ပဲလား သူမက ကျန်းမင်ဝေ့နဲ့ တော်တော်လေး ဆင်တယ်။
ဒါပေမဲ့ သူမက ကျန်းမင်ဝေ့ မဟုတ်ဘူးဆိုတာ သူသိတယ်။ ရှဲ့ရွှမ်းကျီ မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဘာလို့ အဲ့မှာ မုမင်ထန်က ရောက်နေရတာလဲ တွေးလိုက်တယ်။
မုမင်ထန် အရင်ကတော့ ဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူးပေမဲ့ အခု ပြန်တွေးကြည့်မှ အိမ်တော်က အစေခံတွေတောင်မှ သူမအပေါ် ပွင့်ပွင့်လင်းလင်းကို အဖက်မတန်သလို ဆက်ဆံရဲလာကြတာပဲ။ သူက မျိုးရိုးမြင့် စစ်စစ်လည်း မဟုတ်ဘူး၊ ကျက်သရေ စစ်စစ်ရှိတာလည်း မဟုတ်ဘူး၊ မှုံနေအောင် လှတာမျိုးလည်း မဟုတ်ဘူး။ ဟုတ်တယ် အားလုံးက ဘာလို့ဆို သူမက အစားထိုးခံ ဖြစ်နေလို့ပဲ။ သူမက ကျန်းမင်ဝေ့ရဲ့ အစားထိုးခံ ကျင်းဝမ်ရဲ့ အချစ်ဦးကို တုပထားတဲ့အရာပဲ။ သူမက ဘယ်တော့မှ ကျန်းမင်ဝေ့လောက် ကောင်းလာမှာ မဟုတ်ဘူး၊ ဘယ်တော့မှ စစ်မှန်လာမှာ မဟုတ်ဘူး။
အစေခံမိန်းကလေးကတော့ အဆုံးမရှိအောင်ကို အာဏာပြနေတယ်။ ဒါပေမဲ့ မုမင်ထန်ကတော့ တိတ်တိတ်ကလေးပဲ သူမကို လျစ်လျူရှုနေလိုက်တယ်။ ကျန်းအိမ်တော်က နောက်ထပ် ဘယ်လိုစီစဉ်ပေးမလဲဆိုတာကိုပဲ သူမ စောင့်နေလိုက်တယ်။ ဒါပေမဲ့လည်း ညဉ့်နက်လာတဲ့အခါ သူမ ရခဲ့တာက အအေးဓာတ်မျှသာ။
“ ဒုတိယသခင်မလေး ဒီအခန်းက ပထမ သခင်မလေးရဲ့အခန်းပါ။ ပထမသခင်မလေးက သူ့ပစ္စည်းတွေကို တခြားသူထိတာ မကြိုက်ဘူးဆိုလို့ ဒုတိယသခင်မလေး ကျေးဇူးပြုပြီး ထွက်သွားပေးပါ ”
ခဏကြာပြီးတဲ့နောက် မုမင်ထန်က မတ်တတ်ရပ်ပြီး ခေါင်းညိတ်လိုက်တယ် ။
“ ဒါက အကျိုးအကြောင်းသင့်ပါတယ်။ ဒီအခန်းက ငါ့အစ်မရဲ့ အခန်းပဲလေ။ အခု သူမ ပြန်လာပြီဆိုတော့ ငါက ဒီမှာ ဆက်နေနေစရာ အကြောင်း မရှိတော့ဘူး။ ငါ့ပစ္စည်းတွေကို အခုပဲ သုံးလိုက်မယ် ”
“ မဟုတ်ဘူး ”
အထိန်းတော်က လေသံမပြောင်းဘဲ ပြောလာတယ်။
“ ဒီအခန်းထဲမှာ ရှိသမျှ အဝတ်အစား ရတနာတွေအပါအဝင် အကုန်လုံးက ပထမသခင်မလေး ပိုင်တာတွေပါပဲ။ ဒုတိယသခင်မလေးက လူတစ်ကိုယ်တည်း ထွက်သွားပေးရင် ရပါပြီ ”
ကျန်းမိသားစုက သူမကို ဘယ်လို မွေးစားခဲ့ပြီး ဘယ်လို အကောင်းစား စားစရာတွေ အဝတ်အစားတွေ ဆင်ပေးခဲ့လဲဆိုတာကို မုမင်ထန် ပြန်တွေးမိတယ်။ သူတို့ သူမ တစ်နှစ်ပတ်လုံး နေခဲ့ရတဲ့နေရာကနေ အေးစက်တဲ့ဧည့်သည်ဆောင်ကို သူမကို ဘယ်လို ပို့လိုက်လဲဆိုတာရောပဲ။ စစ်ပြေးဒုက္ခသည်အနေနဲ့ နေခဲ့ရတဲ့ အချိန်တွေက သူမရဲ့ စိတ်ကို မာလာအောင် လုပ်ပေးခဲ့တယ်။ သူမ အရှက်ခွဲခံရတော့ကော ဘာဖြစ်လဲ ? ကောင်းကောင်းနေ ကောင်းကောင်းစားခွင့်ရမယ်ဆို ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။
သူမက အမြဲ နာခံတတ်ခဲ့တာဆိုတော့ ကျန်းမိသားစုထဲက တစ်ယောက်ယောက်ကတော့ သူမကို လာတွေ့မှာပဲလို့ မုမင်ထန် တွေးခဲ့မိတယ်။
နောက်ဆုံးမှာတော့ သူမ အပိုတွေ တွေးနေခဲ့မိတာပဲဆိုတာ သဘောပေါက်သွားတယ်။ သူတို့က သူမကို ဧည့်သည်ဆောင်မှာ ၃ ရက်လုံး နေခိုင်းခဲ့တယ်။ လေးရက်မြောက်နေ့ကျမှ တစ်ယောက်ယောက်က သူမဆီ ရောက်လာပြီး
“ ဒုတိယသခင်မလေး သခင်ကြီးက အခေါ်လွှတ်လိုက်တယ် ”
နာနာခံခံနဲ့ပဲ မုမင်ထန် ကိုယ်ကိုမတ်ပြီး စာကြည့်ခန်းကို သွားလိုက်တယ်။ ကျန်းဟုန်ဟောက်က အထဲမှာ ထိုင်နေပြီးပြီ။ သူမ အံ့ဩသွားတာက ရှဲ့ရွှမ်းကျီပါ အဲ့နေရာမှာ ရှိနေတာပဲ။
သူမ သူ့ကို သေချာ တစ်ချက်စိုက်ကြည့်လိုက်ပြီးတဲ့နောက် နူးနူးညံ့ညံ့နဲ့ ကျန်းဟုန်ဟောက်ကို နှုတ်ဆက်လိုက်တယ်။
ရှဲ့ရွှမ်းကျီ အတွက်တော့ သူနဲ့ သူမကြား ပတ်သက်စရာ ဘာမှအကြောင်း မရှိတော့ဘူး။ ဒါ့အပြင် ကျန်းဟုန်ဟောက်က ဘာမှပြောမလာသေးဘူးဆိုတော့ သူမက အရင် ရှဲ့ရွှမ်းကျီကို အရင် နှုတ်ဆက်လိုက်လို့ လည်း မဖြစ်ဘူး။
“ အွန်း ”
ကျန်းဟုန်ဟောက်က ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရှေ့ရပ်နေတဲ့ ကောင်မလေးကို ကြည့်ရင်း သူမကို ပြောပြရမယ့် သတင်းအကြောင်းကို တွေးနေတယ်။ ပထမဆုံးအကြိမ်အနေနဲ့ သူ မုမင်ထန်အတွက် စိတ်မကောင်း ဖြစ်မိသွားတယ်။ အဲ့ဒီနောက် နောက်နှစ်ရက်ကြာ သူမ မင်္ဂလာဆောင်တဲ့အခါကျ လက်ဖွဲ့တွေ အများကြီး ထည့်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူ့အတွေးနဲ့သူ ကျေနပ်ရင်း မုတ်ဆိတ်မွေးကို သပ်ကာ
“ မင်းရဲ့အစ်မလည်း ပြန်ရောက်လာပြီဆိုတာ ကြားခဲ့ရောပေါ့။ ကျင်းဝမ်နဲ့ စေ့စပ်ကြောင်းလမ်းထားတဲ့ သတို့သမီးက နဂိုက ကျန်းမင်ဝေ့ပဲ။ ငါတို့မှာ မင်းကို အစားထိုးဖို့ ရွေးချယ်ရုံကလွဲရင် မရှိခဲ့ဘူး။ ဒါပေမဲ့ အခု သူမ ရောက်လာပြီဆိုတော့ ... ငါ ပြောချင်တာကို မင်း သဘောပေါက်တယ်မလား ”
မုမင်ထန်က ကျိုးကျိုးနွံနွံနဲ့ သူမခေါင်းကို ငုံ့လိုက်ရင်း
“ ဟုတ်ကဲ့ ဒီသမီး နားလည်ပါတယ် ”
“ သိပ်ကောင်းတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းက ငါ့မွေးစားသမီး ဖြစ်လာခဲ့ပြီးဆိုမှတော့ ငါ မင်းကို မမျှမတ မဆက်ဆံပါဘူး။ ရှေ့ရက်တွေတုန်းက ကျင်းဝမ်က မင်းကို ချီယန်ဝမ် ( ချီယန်မင်းသား ) နဲ့ လက်ဆက်ပေးဖို့ အရှင်မင်းကြီးဆီ လျှောက်တင်ခဲ့ပေးတယ်။ ဒီနေ့ အရှင်မင်းကြီးက ခွင့်ပြုပေးလိုက်ပြီ ”
ကျန်းဟုန်ဟောက်က ပြုံးလျက်
“ မင်းကို မွေးစားထားတာဆိုပေမဲ့လည်း ကျန်းမိသားစုက သမီးတစ်ယောက်ထဲကိုပဲ ကွက်မျက်နှာသာပေးတတ်တဲ့သူတွေ မဟုတ်ပါဘူး။ မင်း ချီယန်မင်းသားကို လက်ဆက်ပြီး ချီယန်ဝမ်ဖေး ဖြစ်လာတဲ့အခါ မင်းကော မင်းအစ်မကောက တော်ဝင်မိသားစုဝင်တွေ ဖြစ်သွားကြပြီ။ အဲ့ဒီအခါကျ တစ်ယောက်ကို တစ်ယောက် ဖေးမကြပြီး ဒီအဖေ သင်ပေးတာတွေကို ပြန်အမှတ်ရကြရမယ်။ ဒီလိုနေ့မျိုး ရောက်လာတာ မင်းအတွက် သိပ်ကံကောင်းတာပဲ ကျန်းမင်ထန် ”
ကျန်းဟုန်ဟောက် ပြောချင်တာ ဘာလဲဆိုတာ နားလည်ဖို့ မုမင်ထန် အချိန် ခဏ ယူလိုက်ရတယ်။ သူမက ဝမ်ဖေးတော့ ဖြစ်လာမယ် ဒါပေမဲ့ ချီယန်ဝမ်နဲ့ လက်ဆက်ရမှာတဲ့လား !? နောက်ပြီး ကုန်သည်သမီးကနေ စစ်ပြေးဒုက္ခသည်ဖြစ်လာခဲ့တဲ့ သူမ မုမင်ထန်က ဒီလိုဂုဏ်ကျက်သရေမျိုး သူမကို ပေးလာတဲ့ အတွက် ကျန်းမိသားစုကို ကျေးဇူးတင်သင့်တယ်ပေါ့ ??
မုမင်ထန် ဖြေးဖြေးချင်း ခေါင်းမော့လိုက်ရင်း
“ အဖေ ချီယန်ဝမ်က ... သေတော့မှာ မဟုတ်ဘူးလား ”