စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 74
Translator – Utopia"အိမ်ပြန်ကြရအောင်"
ရှဲ့ရွှမ်းချန်က အခန်းထဲ အနားယူနေဆဲမို့ သူတို့ အခန်းထဲမှာ ပြောဖို့ အဆင်မပြေလှဘူး။ ကူးကူးတွေက အရှေ့က ဦးဆောင်ပြီး သူမကို ယွီလင်ခန်းမဆောင်ဘေးက ဘုရားကျောင်းဆီ ခေါ်လာတယ်။ ဘုရားကျောင်းဘေး ဝါးပင်တွေ အစီအရီ စိုက်ထားပြီး မနီးမဝေးမှာ ရေကန်လေးတစ်ခုလည်း ရှိတယ်။ ဒီနေရာက တိတ်ဆိတ်အေးချမ်းပြီး စာဖတ်ဖို့ အသင့်တော်ဆုံးနေရာပဲ။ ဒါပေမဲ့လည်း အခုက မုမင်ထန်တစ်ယောက်တည်း ကူးကူးတွေ ခေါ်တဲ့နောက် လိုက်လာရတဲ့အခါ ပတ်ဝန်းကျင်က ခြောက်ခြားစရာ ကောင်းနေတော့တယ်။
ကံကောင်းတာက ဘယ်လိုပဲဖြစ်ဖြစ် အိမ်တော်ထဲမှာပဲဆိုတော့ သူမ ထင်ထားတာထက်တော့ တော်ပါသေးတယ်။ အစက သူမကို မယ်တော်ကြီးက နန်းတော်ထဲများ ဆွဲခေါ်သွားတော့မလားလို့ ထင်နေခဲ့တာ။
ဘုရားကျောင်းကို မြင်တော့ အစက မုမင်ထန် အံ့ဩသွားတယ်၊ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ သူမ နားလည်သွားပြီ။
ရှဲ့ရွှမ်းချန်က လူသိများတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး မနေ့ကလို ရုတ်ရုတ်သဲသဲတွေလည်း ဖြစ်သွားပြီးတဲ့နောက် တဆင့်စကား တဆင့်ကြားနဲ့ တစ်မြို့လုံးက သူ သတိရပြီး နိုးလာပြီဆိုတာကို သိသွားကြလောက်ပြီ။
ဒီလို ထိလွယ်ရှလွယ်အခြေအနေမျိုးမှာ ရှဲ့ရွှမ်းချန်ရဲ့ဝမ်ဖေးက နန်းတော်ထဲ ခေါ်ခံရပြီး ပြန်ရောက်မလာခဲ့ဘူးဆိုရင် သူတို့ဂုဏ်သိက္ခာတွေ လုံးလုံး ကျဆင်းသွားလိမ့်မယ်။ ဒါ့အပြင် မုမင်ထန်ကို အိမ်တော်ထဲ စစ်တာဖြစ်ဖြစ်၊ နန်းတော်ထဲ ခေါ်စစ်တာဖြစ်ဖြစ် ဘာမှမကွာခြားချေ၊ ဘယ်လိုပဲဖြစ်ဖြစ် ချီယန်အိမ်တော်တစ်ခုလုံးကလည်း ဧကရာဇ်ရဲ့လူတွေပဲ ဖြစ်တယ်။
အိမ်တော်ထဲရှိသေးတာကို သိလိုက်ရတော့ မုမင်ထန် စိတ်နည်းနည်းအေးသွားတယ်။ နန်းတော်ထဲသာ ဆွဲခေါ်ခံရရင် သူမ ဘယ်လိုမှ တတ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက သူမရဲ့အိမ်တော်ထဲမှာပဲ ရှိသေးတယ်ဆိုတော့ အရမ်းကြီးတော့ မစိုးရိမ်ရဘူး။
မုမင်ထန် ထိုင်ပြီးတဲ့နောက် စကားစမြည် အနည်းငယ်လည်း ပြောပြီးရော သူတို့ရဲ့လက်သည်းကို ထုတ်ပြလာတော့တယ်။
"ဝမ်ရယ် နိုးလာပြီဆိုတာကို မယ်တော်ကြီးကြားတော့ အများကြီး စိတ်ပူနေတယ်။ နောက်ပြီး ဝမ်ရယ် မေ့မြောနေစဥ်အတွင်း ဝမ်ဖေးကပဲ ပြုစုပေးခဲ့တယ်ဆိုတာကိုလည်း မယ်တော်ကြီးက သိထားပါတယ်။ ချီယန်ဝမ်ဖေး ဝမ်ရယ် ဘယ်တုန်းက နိုးလာတာလဲ မယ်တော်ကြီးက မေးလိုက်ပါတယ်"
မယ်တော်ကြီးကပဲ မေးမေး၊ ဧကရာဇ်ကပဲ မေးမေး မုမင်ထန်ကတော့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး မျက်လွှာချကာ နှုတ်ဆိတ်နေဆဲဖြစ်တယ်။ သူမ နှုတ်ဆိတ်နေတာမြင်တော့ ရွှင်းကူးကူးက ထပ်မေးလာပြန်တယ်။
"ချီယန်ဝမ်ဖေးက တော်ဝင်မိသားစုဝင်ပဲ ဆိုပေမဲ့ အနက်ရောင် သံမဏိချိန်းကြိုးတွေကို နတ်ရွာစံဧကရာဇ်ရဲ့အမိန့်နဲ့ လုပ်ထားတာပါ။ မယ်တော်ကြီးတောင်မှ အမိန့်ကို လွန်ဆန်ပြီး မဖြုတ်ရဲဘူး။ ဝမ်ဖေးကော ဘယ်လိုထင်လဲ"
"မယ်တော်ကြီးပြောတာ မှန်ပါတယ်"
"မနေ့ကတုန်းက ချီယန်ဝမ် စိတ်ဖောက်ပြန်သွားတဲ့အခါ မယ်တော်ကြီးကော ဧကရာဇ်ပါ ဒီကိစ္စကို အတော်လေး စိတ်ပူပန်နေကြရပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံး သံသယက သံမဏိချိန်းကြိုးတွေ ဘယ်လိုပွင့်သွားလဲဆိုတာပါပဲ။ ဝမ်ဖေးက ဝမ်ရယ့်ဘေး အမြဲရှိနေတာဆိုတော့ကာ ဘယ်လိုလုပ်ပြီး ချိန်းကြိုးတွေ ပွင့်သွားလဲ သိထားပါသလား"
မုမင်ထန် မျက်လွှာချပြီး ကြမ်းပြင်ကိုသာ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့တယ်။ ခဏကြာတဲ့နောက်
"အဲ့နေ့က ကျွန်မ ကျင်းဝမ်ရဲ့မင်္ဂလာပွဲမှာ ရှိနေတာပါ၊ ကျွန်မ ဘာတစ်ခုမှ မသိဘူး"
သူမအဖြေကြောင့် ရွှင်းကူးကူးက မျက်မှောင်ကြုတ်သွားပြီး တခြားကူးကူးတွေလည်း စိတ်ညစ်လာကြတယ်။ ရွှင်းကူးကူးက နောက်တစ်ခါ သူမကို ထပ်ပြောလာပြန်တယ်။
"နတ်ရွာစံဧကရာဇ်က ချီယန်ဝမ်ကို သံမဏိချိန်းကြိုးတွေနဲ့ သော့ခတ်ထားဖို့ အမိန့်ချထားမို့ ဒါက လိုက်ကို လိုက်နာရမှာပါ။ အခုလို အမိန့်ကို အာခံခဲ့ရတဲ့ အကြောင်းအရင်းတစ်ခုခုသာ ရှိမယ်ဆို အရှင်မင်းကြီးက ခွင့်လွှတ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နတ်ရွာစံဧကရာဇ်ရဲ့အမိန့်ကို အာခံရဲတဲ့ဘယ်သူ့ကိုမဆို အရှင်မင်းကြီးက လွယ်လွယ်ထားမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တယ်။ နတ်ရွာစံဧကရာဇ်ရဲ့အမိန့်ကို အာခံတာက ကြီးမားတဲ့အပြစ်ကြီးပဲ။ ဝမ်ဖေးသာ နန်းတော်ထဲအဖြေရှာမရဖြစ်နေတဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆို အပြစ်ဒဏ်တွေအကုန်လုံးကနေ ကင်းလွတ်ခွင့်ရမှာပါ။ ကျွန်တော်မျိုးမ ဘာကိုဆိုလိုလဲ ဝမ်ဖေး နားလည်မယ်ထင်ပါတယ်၊ ဟုတ်တယ်မလား"
"ကျွန်တော်မျိုးမ ထပ်မေးမယ်၊ မုဝမ်ဖေး အနက်ရောင်သံမဏိကြိုးကို ဘယ်လိုဖွင့်လိုက်တာလဲ"
"ကျွန်မ ဘာမှမသိဘူး"
မုမင်ထန်ကတော့ သူတို့အလိုတိုင်း လိုက်မလုပ်ဘဲ ဘူးခံငြင်းနေကာ ကူးကူးတွေကို ဒေါသထွက်အောင် လုပ်နေတယ်။ ရွှင်းကူးကူးက အင်္ကျီလက်စကို ခါထုတ်လိုက်ပြီး အေးစက်စက်နဲ့
"ဝမ်ဖေးရဲ့ ကောင်းကျိုးအတွက် ကျွန်တော်မျိုးမတို့ လာခဲ့တာပါ။ အခုလို ဝမ်ဖေးက ခေါင်းမာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလိုဆိုမှတော့ ဝမ်ဖေး ဒီမှာပဲနေပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို မှတ်မိလာတဲ့အထိ တရားထိုင်နေလိုက်ပါ"
ရွှင်းကူးကူးက နောက်လိုက်ကူးကူးတွေကို ဦးဆောင်ပြီး အခန်းထဲက ထွက်သွားတယ်။ သူမဖို့ အခန်းထဲ ဘာမှမထားခဲ့ပေးချေ။ မုမင်ထန် ဘုရားကျောင်းထဲ ထိုင်နေရင်း အပြင်ကနေ သူတို့ သော့ခတ်လိုက်ကြတဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရဝယ်။
ကောင်းတာပေါ့၊ အခု သူမလည်း သော့ခတ်ခံထားရပြီ။ ရှဲ့ရွှမ်းချန်နဲ့ သူမတို့ တစ်ယောက်တစ်နေရာစီ ပိတ်လှောင်ခံထားရတယ်ဆိုတော့ကာ တကယ်ကို အေးအတူပူအမျှ ဖြစ်နေတာပဲ။
မုမင်ထန် တံခါးကို တွန်းဖွင့်ကြည့်ပေမဲ့ နည်းနည်းလေးတောင် လှုပ်မလာဘူး။ ပြတင်းပေါက်ကို သွားဖွင့်ဖို့လည်း စိတ်မပါဘူး၊ ပြတင်းတံခါးကိုပါ သော့ခတ်ထားလား မခတ်ထားလားလည်း သူမ ဂရုစိုက်မနေတော့ဘူး။ သူမက ချီယန်အိမ်တော်မှာပဲ ရှိနေတာလေ၊ သူမ ထွက်ပြေးနိုင်ရင်တောင်မှ ဘယ်ကို သွားလို့ရမှာတဲ့လဲ??
____________________________________________________________________________________________