Chapter 13
November 29, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law)
Chapter 13
Translator – Utopia
ကျန်းမင်ဝေ့ ထပ်ခါထပ်ခါ အနိုင်ကျင့်အရှက်ခွဲခံခဲ့ရပြီး နောက်ဆုံး သူမ ဘယ်လိုမှ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး။ ဒါပေမဲ့လည်း ဝမ်ဖေးရဲ့မိသားစုက အာဏာရှိတဲ့အထဲကမို့ ယဲ့လုယန်က သူမကို အပြစ်ပေးဖို့ ငြင်းဆန်ခဲ့တယ်။ သူ ထီးနန်းတက်တဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့သာ ကျန်းမင်ဝေ့ကို ပြောခဲ့တယ်။ ဒီလိုနဲ့ သူမလည်း စောင့်ဆိုင်းခဲ့တယ်။
ဒါပေမဲ့ ယဲ့လုယန် ဧကရာဇ်ဖြစ်တဲ့အချိန်မှာ သူမလည်း အသက်အရွယ်ရလာခဲ့ပြီး ငယ်ရွယ်ချိန်က လှပမှုတွေကလည်း မရှိတော့ဘူး။ ဟန်မျိုးနွယ်ကိုယ်လုပ်တော်တစ်ပါးအဖို့ ဧကရာဇ်ရဲ့နှစ်သက်မှုကို ဆုံးရှုံးလိုက်ရတဲ့နောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေက သူမကိုယ်တိုင်သာ အသိဆုံးပဲ။ သူမဘဝရဲ့ အဆိုးဝါးဆုံးအချိန်မှာ သတင်းတစ်ခုကို ကြားလိုက်ရတယ်။ ယဲ့အင်ပါယာမှာ ဧကရာဇ်အသစ်က ထီးနန်းတက်ခဲ့ပြီး ဧကရီမိဖုရားခေါင်ကတော့ ကျန်းအမတ်ကြီးအိမ်တော်က သခင်မငယ်လေးဖြစ်တယ်တဲ့။
ကျန်းအမတ်ကြီးအိမ်တော်က သခင်မငယ်လေး? မဖြစ်နိုင်တာ .... ကျန်းမိသားစုရဲ့ တစ်ဦးတည်းသော သခင်မလေးဖြစ်တဲ့ သူမက ပေရုံကို ရောက်နေတဲ့ဟာ ဘယ်က နောက်ထပ် သခင်မလေးက ပေါ်လာတာလဲ??
နောက်ပိုင်း သူမ သိလိုက်ရတာက သူမမိဘတွေက မိန်းကလေးတစ်ယောက်ကို ထပ်မွေးစားခဲ့ပြီး အဲ့တစ်ယောက်နာမည်က ကျန်းမင်ထန်တဲ့။ အခု သူမက ယဲ့အင်ပါယာရဲ့ ဧကရီမိဖုရားခေါင်ဖြစ်နေပြီ။
သူမ မသေခင်မှာ ယဲ့အင်ပါယာက စစ်တိုက်ဖို့ပြင်နေတဲ့အကြောင်း ကြားခဲ့ရတယ်။ ဧကရာဇ်အသစ်ဖြစ်တဲ့ ရှဲ့ရွှမ်းကျီက တပ်ဖွဲ့တွေကို မြောက်ပိုင်းကို ရွှေ့ပြောင်းလိုက်ပြီး ယန်ယွင်ခြောက်ပြည်ထောင်ကို ပေါင်းစည်းချင်ခဲ့တယ်။ ဒါပေမဲ့ သူ့လက်အောက်မှာ အရည်အချင်းရှိတဲ့ စစ်သူကြီးတွေ မရှိတာကြောင့် သူ့အစီအစဥ်ကို ရွှေ့ဆိုင်းထားရတယ်။
ကောလာဟလသတင်းတွေအရဆို နှစ်တွေအများကြီး ကြာခဲ့ပြီးတာတောင်မှ ရှဲ့ရွှမ်းကျီက သူ့အချစ်ဦးကိုပဲ လွမ်းဆွတ်နေခဲ့တာတဲ့။ သူ့ဧကရီမိဖုရားခေါင်တောင်မှ သူမနဲ့တူတဲ့သူကို ရှာထားတာဆိုပဲ။
အချိန်တွေကြာလာတာနဲ့အမျှ ပေရုံနဲ့ ယဲ့အင်ပါယာကြား နိုင်ငံရေးအခြေအနေက ပိုတင်းမာလာခဲ့တယ်။ ဟန်လူမျိုးဖြစ်နေတဲ့ ကျန်းမင်ဝေ့လည်း ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။
သူမဘဝရဲ့နေဝင်ချိန်မှာ အကြောင်းအရာတွေအများကြီးက အဖြစ်အပျက်ဟောင်းတွေလို ပြန်ပေါ်လာခဲ့တယ်။ ယဲ့အင်ပါယာမှာဖြစ်ပျက်ခဲ့သမျှအားလုံးက မျက်လုံးထဲပေါ်လာတယ်။ သူမတင်မကဘူး သူမဘဝတစ်လျှောက်လုံးက ဝတ္ထုတစ်ပုဒ်ရဲ့ဇာတ်ကွက်တွေ ဖြစ်နေခဲ့တာပဲ။ အဲဒီ့ဝတ္ထုထဲမှာ ဖြူစင်တဲ့အချစ်ဦးပုံစံလေးတွေ၊ ညို့အားပြင်းတဲ့ မိန်းမလှလေးတွေ၊ ငယ်ချစ်ဦးတွေ၊ ထောင်လွှားတဲ့ မင်းသမီးတွေ၊ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ မိန်းမလှလေးတွေ၊ အေးစက်မာကျောတဲ့ အလှလေးတွေ စသည်ဖြင့် မိန်းကလေးအမျိုးမျိုးပါဝင်တယ်။
ကျန်းမင်ဝေ့က အချစ်ဦးတွေထဲက တစ်ယောက်ဖြစ်တယ်။ သူမက ဇာတ်လမ်းအစပိုင်းမှာတင် သေသွားပြီး ရှဲ့ရွှမ်းကျီက တစ်သက်လုံး လွမ်းဆွတ်သတိရနေခဲ့တယ်။ ဒီအပိုင်းကို သူမ မြင်ရတဲ့အခါ ဇာတ်လမ်းအစမှာ ယဲ့လုယန်နဲ့ ထွက်ပြေးခဲ့မိကတည်းက ဇာတ်ကွက်မှာ သူမက သေဖို့ ကံပါလာခဲ့ပြီးသားကိုး။ ပြောရရင် ဆောင်းဦးလလယ်မီးပုံပွဲတော်ပြီးကတည်းက သူမအကြောင်း ဘာသတင်းမှ မကြားခဲ့ရတော့တာပဲ။
ရှဲ့ရွှမ်းကျီက သူမကို မေ့မရခဲ့တာကြောင့် သူမနဲ့ရုပ်ဆင်တဲ့မိန်းကလေးတစ်ယောက်ကို ထိမ်းမြားခဲ့ပြီး ဧကရီမိဖုရားခေါင်တင်မြှောက်ခဲ့တယ်။ သူမရဲ့နာမည်က ကျန်းမင်ထန်ဖြစ်ပြီး ကျန်းမိသားစုရဲ့ မွေးစားသမီးပဲ။ ကျန်းမင်ထန်ရဲ့ နောက်ခံက နိမ့်ကျပေမဲ့လည်း ကျန်းမင်ဝေ့အတွက်နဲ့ ရှဲ့ရွှမ်းကျီက သူမကို ဧကရီမိဖုရားခေါင် မြှောက်ပေးခဲ့တယ်။
ကျန်းမင်ဝေ့ရဲ့ ဘဝနေဝင်ချိန်ဟာ အာဃာတတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အကြင်နာတရားမရှိတဲ့ ယဲ့လုယန်ကို မုန်းတယ်၊ မနာလိုတတ်ပြီး ရက်စက်တဲ့ ဝမ်ဖေးကိုလည်း မုန်းတယ်၊ ငယ်ရွယ်ပြီး မိုက်မဲခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိတယ်။ နောက်ပြီး သူမကို အစားထိုးခဲ့တဲ့ အတုအယောင်ကိုလည်း မုန်းတယ်။
ကျန်းမင်ထန်သာ မရှိခဲ့ရင် သူမက ဧကရီမိဖုရားခေါင် ဖြစ်ခဲ့မှာ။ ရှဲ့ရွှမ်းကျီရဲ့ အချစ်ကို သူမကသာ ပိုင်ဆိုင်တာ။
သူမ ပြန်လည်မွေးဖွားလာတဲ့အချိန်က ပေရုံကို စသွားတဲ့နှစ် ဖြစ်နေတယ်။ သူမ ဘာစကားမှ ချန်မထားခဲ့ဘဲ ချက်ချင်း အိမ်ကို ပြန်ချလာခဲ့လိုက်တယ်။
အမှားတစ်ခုကို နောက်တစ်ခါ ထပ်မကျူးလွန်တော့ဘူးလို့ သူမ စိတ်ဆုံးဖြတ်ခဲ့ပြီးပြီ။ အချစ်စစ်ဆိုပြီး ရူးရူးမိုက်မိုက်နဲ့ တိုင်းတစ်ပါးသား အရိုင်းအစိုင်းနောက် ဘာလို့ လိုက်သွားမှာလဲ၊ အဓိကဇာတ်ကောင် ရှဲ့ရွှမ်းကျီက သူမမှ သူမ ဖြစ်နေခဲ့တာကို။
သူမကို တုပပြီး ဧကရီမိဖုရားခေါင်ဖြစ်လာတဲ့ အတုအယောင်မလည်း သူမ လာခဲ့တဲ့ နိမ့်ကျတဲ့နေရာကိုပဲ ပြန်သွားလိုက်တော့။
ကျန်းမင်ဝေ့ ကျန်းအိမ်တော်ဆီ အမြန်ပဲ ပြန်ရောက်လာခဲ့တယ်။ သူမရဲ့ နေရာကို ပြန်ရဖို့က မခက်ခဲပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာမှ မဆောင်ကြရသေးတဲ့ဟာ။ သေချာတာပေါ့ သူမ ပြန်ပေါ်လာတဲ့အခါ ကျန်းသခင်မက မျက်ရည်တွေ ဝဲလို့၊ ရှဲ့ရွှမ်းကျီကလည်း အတုအယောင်ကို စွန့်ပစ်လိုက်ပြီး ဒီတစ်နှစ်လုံး သူမ ဘယ်ရောက်နေခဲ့တာလည်း မေးလာတယ်။
မင်္ဂလာပွဲက သူမဆီပဲ ပြန်ရောက်သွားလိမ့်မယ်လို့ ယုံကြည်ပေမဲ့ ကျန်းမင်ဝေ့ကတော့ ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး။
မုမင်ထန်က စကားနားထောင်ပြီး မင်္ဂလာပွဲကို ခေါင်းညိတ်ခဲ့ပြီမို့ ကျန်းသခင်မလည်း သူမကို မင်္ဂလာလက်ဖွဲ့အနည်းအကျဉ်းနဲ့ သာမန်အရာရှိတစ်ယောက်ရဲ့သားနဲ့ အိမ်ထောင်ချပေးလိုက်ဖို့ စီစဉ်ခဲ့တယ်။
ဒါပေမဲ့ ကျန်းမင်ဝေ့က လက်မခံခဲ့ဘူး။ ပြီးခဲ့တဲ့တစ်နှစ်လုံး သူမခံစားခဲ့ရတဲ့ ဒုက္ခတွေကို စီကာပတ်ကုံး ပြောပြရင်း သူမ မိဘတွေက နောက်သမီးတစ်ယောက် မွေးစားလိုက်တဲ့အခါ ဘယ်လောက် ဝမ်းနည်းအံ့အားသင့်ခဲ့ရကြောင်း မျက်ရည်စက်လက်နဲ့ ငိုငိုပြီးကို ပြောနေတော့တယ်။ သူမ ငိုလွန်းတာကြောင့် ကျန်းသခင်မပါ မျက်ရည်ကျရတယ်။ ရှဲ့ရွှမ်းကျီလည်း မနေနိုင်တော့တာကြောင့် မုမင်ထန်ကိစ္စကို သူ ရှင်းပေးပါမယ်လို့ ပြောလာတယ်။
ဒီလိုမှပဲ ကျန်းမင်ဝေ့လည်း စိတ်ကျေနပ်သွားပြီး ရလဒ်ကို အေးဆေး ထိုင်စောင့်နေတယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲ သူမ ကြားလိုက်ရတာက မုမင်ထန်ကို ရှဲ့ရွှမ်းချန်နဲ့ စေ့စပ်ပေးလိုက်ပြီတဲ့!
“မဖြစ်ရဘူး!” ကျန်းမင်ဝေ့ အံကြိတ်လိုက်တယ်။ “သူမက စစ်ဘေးရှောင်တွေကြား တစ်နှစ်လုံးနေလာတဲ့ ကုန်သည်သမီးတစ်ယောက်သာသာပဲ။ သူမက သန့်ရှင်းသေးရဲ့လား ဘယ်သူသိနိုင်မှာလဲ? သူမလိုလူက ရှဲ့ရွှမ်းချန်ကို လက်ထပ်ပြီး ဝမ်ဖေးဖြစ်လာဖို့ ဘာအခွင့်အရေး ရှိလို့လဲ?!”
______________________________________________________________________