စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 41
Translator – Utopia"ကျေးဇူးပြန်ဆပ်တယ်"
"ကိုယ်တို့အရင်က တွေ့ဖူးလား"
ကျိုးသွားတဲ့ ဆံထိုးကို မုမင်ထန် တိတ်တိတ်ဆိတ်ဆိတ်ပဲ လှမ်းကြည့်လိုက်တယ်။ အကောင်းစား ကျောက်စိမ်းနဲ့ထွင်းထားတဲ့ ဆံထိုးက ရှဲ့ရွှမ်းချန်လက်ထဲ နှစ်ပိုင်းကျိုးသွားခဲ့ပြီ။ သူ အားသိပ်သုံးလိုက်တာတောင် မဟုတ်ဘူး၊ လက်ချောင်းလေးနဲ့တင် ဆွဲချိုးပစ်လိုက်တာ။
တော်သေးတာပေါ့ အစေ့လှော်တွေ ရထားပြီးပြီမို့လို့။ အခု ဖြုန်းတီးလိုက်တာက ရှဲ့ရွှမ်းချန်ရဲ့ ပစ္စည်းပဲ။ မုမင်ထန် တစ်ယောက်တည်း တွေးနေတယ်။ ပြီးမှ ရှဲ့ရွှမ်းကျီနဲ့ ရှဲ့ရွှမ်းချန်ကြား ဆက်ဆံရေးမကောင်းတာကို သတိရသွားပြီး ချက်ချင်းပဲ
"ဝမ်ရယ် အဲ့ကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်။ ကျွန်မ တကယ် အပြစ်ကင်းပါတယ်"
ရှဲ့ရွှမ်းချန် ကျောက်စိမ်းဆံထိုးကို အစိတ်စိတ်အမွှာမွှာ ထပ်ချိုးပစ်လိုက်ပြီးနောက်မှပဲ စိတ်ကျေနပ်သွားတော့တယ်။
"စကားပြောကြရအောင်၊ မင်းနဲ့ သူ့ကြား ဘာကိစ္စတွေရှိနေတာလဲ"
သူမကို ရှင်းပြခွင့်ပေးလာတဲ့အတွက် မုမင်ထန် စိတ်ထဲသက်သာရာရသွားတယ်။ သူမ ချက်ချင်းပဲ ဘယ်လိုကနေ သူမ ကျန်းမိသားစုဆီ မွေးစားခံလိုက်ရတယ်၊ ကျန်းမင်ဝေ့အစား ရှဲ့ရွှမ်းကျီနဲ့စေ့စပ်ခဲ့တာက စလို့ နောက်ဆုံး ကျန်းမင်ဝေ့ ပြန်ရောက်လာတဲ့အခါ ချီယန်အိမ်တော်ဆီ ဘယ်လိုကြောင့် ရောက်လာတယ်ဆိုတာ အကုန် သူ့ကို ပြောပြလိုက်တယ်။
ရှဲ့ရွှမ်းချန် သူတို့ကြားက ရှုပ်ထွေးပွေလီနေတဲ့ ဇာတ်လမ်းကို အချိန်အတော်ကြာ နားထောင်နေတယ်။ ပြီးနောက် ခေါင်းညိတ်လိုက်ရင်း
"ဆိုတော့ ကျန်းမင်ဝေ့နဲ့ ရှဲ့ရွှမ်းကျီက စေ့စပ်ထားကြတာ၊ ဒါပေမဲ့ ကျန်းမင်ဝေ့က ထွက်ပြေးသွားတော့ ကျန်းမိသားစုက မင်းကို အစားထိုးခဲ့တယ်။ ကျန်းမင်ဝေ့လည်း ပြန်ရောက်လာကော ကျန်းမိသားစုက မင်းကို ဘယ်နားထားရမယ်မသိတာနဲ့ ချီယန်အိမ်တော်ဆီ အတင်းပို့လိုက်ကြတာပေါ့"
"..... ဟုတ်တယ်" မုမင်ထန် ရေရွတ်လိုက်တယ်။ "ဒါပေမဲ့ အဲ့လိုတော့ မပြောလည်းရပါတယ်။ ဝမ်ရယ်ပြောလိုက်တာက ကိုယ့်ကိုယ်ကိုယ်ကော ကျွန်မကိုကော တစ်ခွန်းတည်းနဲ့ စော်ကားလိုက်သလိုပဲ"
ရှဲ့ရွှန်းချန် နှာခေါင်းရှုံ့လိုက်ပြီး မအံ့ဩတဲ့ဟန်နဲ့
"အဲ့သားအဖနှစ်ယောက်က ဘယ်လိုလူစားလဲ ပန်ဝမ် ကောင်းကောင်း သိတယ်။ ဘာတွေဖြစ်ခဲ့လဲ ကိုယ် နားလည်ပြီ။ ဒါနဲ့ ကျန်းမိသားစုဆိုတာက ဘယ်သူတွေလဲ"
မုမင်ထန် အံ့အားသင့်သွားတယ်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း သူမ အမြန်ပဲ ပါးစပ်ကို လက်နဲ့ကာလိုက်ရတယ်။
ကျန်းမိသားစုဆီကို ပိုးစိုးပက်စက်ပြောပစ်ခဲ့တဲ့ သူမတောင်မှ ရှဲ့ရွှမ်းချန်ရဲ့စကားတစ်ခွန်းကို မယှဥ်နိုင်ဘူး။ ကျန်းဟုန်ဟောက်က အောက်တန်းကျတဲ့နည်းလမ်းတွေ သုံးပြီးပါ အာဏာရှိလာအောင် လုပ်ခဲ့ပေမဲ့ ရှဲ့ရွှမ်းချန်ရဲ့မျက်လုံးထဲမှာတော့ သူ့နာမည်က မှတ်ထားဖို့တောင် မထိုက်တန်ဘူး။ ဒါက ရန်သူကို အထိုးနှက်နိုင်ဆုံးအရာပဲ။
သူမ ဘာလို့ အဲ့လောက်ရယ်နေတာလဲ ရှဲ့ရွှမ်းချန် နားမလည်ပေမဲ့ သူမကို ထင်ထားတာထက်တော့ ပိုအဆင်ပြေတဲ့သူပဲလို့ တွေးမိတယ်။ သူ နိုးလာကတည်းက သူမကို လက်ခံပေးထားလို့ရတယ်လို့ ခံစားမိတယ်၊ လောလောဆယ်တော့ သူမကို သတ်ဖို့ရည်ရွယ်ချက် သူ့မှာ မရှိသေးဘူး။ ဆိုတော့ကာ မုမင်ထန် ဘာကြောင့်ရယ်နေရမှန်း သူ မသိပေမဲ့ စိတ်ရှည်ရှည်နဲ့ပဲ သူမ ရယ်တာ ပြီးတဲ့အထိ စောင့်နေပေးလိုက်တယ်။
နောက်ဆုံး သူမကိုယ်သူမ မနည်း အရှိန်သတ်လိုက်ပြီး မျက်ရည်တွေသုတ်လိုက်တယ်။
"ကျန်းမိသားစုဆိုတာ အမတ်ကြီးသုံးပါးထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းဟုန်ဟောက်ရဲ့ အိမ်တော်ကို ခေါ်တာ။ အခုဆို သူက တရားဝင်သံအမတ်ကြီးတောင် ဖြစ်သွားပြီ"
ရှဲ့ရွှမ်းချန် ရုတ်တရက် သဘောပေါက်သွားတယ်။
"မင်းကို ဒီပို့လိုက်တဲ့အတွက်လား"
မုမင်ထန် နှုတ်ကနေ မပြောရဲတာကြောင့် ခေါင်းပဲ ညိတ်ပြလိုက်တယ်။ ရှဲ့ရွှမ်းချန် အကုန်လုံးကို သဘောပေါက်သွားပြီ။ ကလေးဘဝကတည်းက နန်းတွင်းအရှုပ်အထွေးတွေထဲ နေလာခဲ့သူမို့ ဧကရာဇ်ရဲ့ ကောက်ကျစ်တဲ့အကြံအစည်ကို သူများတွေထက် သူ ကောင်းကောင်းကြီး နားလည်ပြီးသား။
ရှဲ့ရွှမ်းချန်က ပြုံးဟန်ပြုလိုက်ရင်း
"ကြည့်ရတာ သူတို့တွေက ဒီမင်းသားကို အသက်မရှင်နိုင်တော့ဘူး တထစ်ချ တွေးထားတာပဲ။ ငါသေရင် ဘာလုပ်ရမလဲဆိုတာတွေတောင် ပြင်ဆင်နေကြပြီ"
သူပြောတာ ကြားပြီး မုမင်ထန် စိတ်ထဲ မသက်မသာဖြစ်သွားတယ်။ ထို့နောက် အသံတိုးတိုးလေးနဲ့
"အဲ့လိုမပြောပါနဲ့၊ အရှင့်သားက အသက်အရှည်ကြီး နေရမှာပါ"
ရှဲ့ရွှမ်းချန်ကတော့ နှာခေါင်းရှုံ့လိုက်ရင်း
"မင်းထက် ငါ့အခြေအနေကို ငါပိုသိတယ်။ ငါ နေရမယ့်ရက်တွေ သိပ်မကျန်တော့ဘူး၊ ဘာလို့ စကားအပိုတွေနဲ့ နှစ်သိမ့်နေမှာလဲ? မင်း အပြင်လောကကို မရောက်ဖူးဘူးနဲ့တူတယ်။ သေခြင်းရှင်ခြင်းတရားကို မင်း ဘယ်လိုနားလည်နိုင်ပါ့မလဲ"
"နားလည်တယ်"
ရှဲ့ရွှမ်းချန် နိုးလာကတည်းက သူမ သူ့အပေါ် သတိထားပြီး ဆက်ဆံခဲ့ပေမဲ့ ရုတ်တရက် ခေါင်းမာလာတယ်။
"ဒါပေါ့ သေခြင်းရှင်ခြင်း အကြောင်းတရားတွေကို ကျွန်မ နားလည်ပါတယ်။ ကျွန်မကို ချန်းလျို့မှာ ကျန်းသခင်မက တွေ့ပြီး မွေးစားသွားပေမဲ့ ကျွန်မက မျိုးရိုးမြင့်အထက်တန်းလွှာမိသားစုက မဟုတ်ဘူး။ ကျွန်မက တကယ်တော့ ရှန်းယန်ကပါ"
ရှန်းယန်? ရှဲ့ရွှမ်းချန် အံ့ဩသွားပြီး သူမကို လှမ်းကြည့်လာတယ်။ မုမင်ထန် ခဏ ရပ်လိုက်ပြီးနောက်
"ဟုံကျားသက္ကရာဇ် တတိယနှစ်မှာ ရှန်းယန်ကို ကျဲမျိုးနွယ်စုတွေက ကျူးကျော်တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်မမိဘတွေလည်း စစ်ပွဲအတွင်းမှာပဲ ဆုံးပါးသွားတယ်။ နောက်တော့ စစ်တပ်တစ်ခုနဲ့ တွေ့ပြီး မြောက်ပိုင်း ချန်းလျို့ဆီ စစ်ပြေးခဲ့ရတယ်။ ကျွန်မက စစ်အကြောင်းမသိတဲ့ မိန်းမငယ်လေးရယ်ပါ၊ ဒါပေမဲ့ မြို့တော်က ရွှေပေါ်မြတင် လုံလုံခြုံခြုံနေရတဲ့ သခင်မလေးတွေလို ဖြူစင်ရိုးအ မနေပါဘူး"
_________________________________________________________