Chapter 20
December 3, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 20
Translator – Utopia
“မဖြစ်ဘူးတဲ့လား”
မုမင်ထန် ခပ်သဲ့သဲ့ ရယ်လိုက်တယ်။ “ချီယန်ဝမ်က ရှေ့ဧကရာဇ်ရဲ့ သားတော်ကြီးပဲ။ အရှင်မင်းကြီးတောင်မှ သူ့ကို သားတော်အရင်းလို မှတ်ယူပါတယ်လို့ ပြောထားခဲ့တဲ့ဟာ။ ဝါစဥ်အရဆို ချီယန်ဝမ်က ကျင်းဝမ်ထက် ကြီးတယ်။ ဆိုတော့ကာ ဘယ်လိုပြောချင်သေးလဲ အမေ”
ကျန်းသခင်မ မျက်နှာက အတော်ကို အရုပ်ဆိုးနေပြီ။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဆိုင်ရှင်တွေဘက်ကို တစ်ချက်လှည့်လိုက်တယ်။ သူတို့ကလည်း အလိုက်တသိပဲ
“ကျွန်မတို့ အကြာကြီးနေဖို့ မသင့်တော်တာကြောင့် သွားခွင့်ပြုပါဦးနော်”
“ကောင်းကောင်း ဂရုစိုက်ပြန်ကြပါ” မုမင်ထန်က ပျော်ပျော်ကြီး လက်ပြနှုတ်ဆက်ရင်း “ဒီအထိတောင် လာရတာ ဘယ်လွယ်ပါ့မလဲ။ ပိုးထည်တွေအားလုံးကို ထားခဲ့လိုက်ပါ။ ကျွန်မ အကုန်လုံး သဘောကျတယ်။ အဖိုးအခအတွက်တော့ .... အွန်း လောလောဆယ် မှတ်ထားလိုက်ပါ။ ကျန်းသခင်မက အားလုံးကို ရှင်းပေးလိမ့်မယ်”
ဆိုင်ရှင်တွေက ကျန်းသခင်မကို ကြည့်လာတယ်။
“ကျန်းမင်ထန် တော်သင့်ပြီနော်”
“ကျွန်မမျိုးရိုးက မု” မုမင်ထန် အင်္ကျီလက်ကို မြှောက်ပြီး မရှိ,ရှိတဲ့ ဖုန်ကို ခါထုတ်လိုက်ရင်း မျက်ခုံးပင့်ကာ “ချီယန်ဝမ်ဖေးဖြစ်တဲ့ ကျွန်မက အဲ့လောက်တောင် အာဏာမရှိဘူးထင်နေတာလား”
အခု ကျန်းသခင်မလည်း ရွေးစရာမရှိဘဲ ဆိုင်ရှင်တွေဘက်လှည့်ကာ
“သူမ ပြောတဲ့အတိုင်းပဲ လုပ်ပေးလိုက်ပါ”
ဆိုင်ရှင်တွေကလည်း ကျန်းသခင်မရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်စကားဆိုရင်း မုမင်ထန်ကိုလည်း မင်္ဂလာဆုတောင်းပေးကာ အမြန်ပဲ ထွက်ခွာသွားကြတော့တယ်။
သူတို့ ထွက်သွားတာနဲ့ ကျန်းသခင်မမျက်နှာက ချက်ချင်း ပြောင်းသွားတယ်။
“နင် ဘာလုပ်ချင်နေတာလဲ။ ကိုယ့်နေရာ ကိုယ်သိ! ချီယန်ဝမ်ဖေးဖြစ်သွားတာနဲ့ ကျန်းမိသားစုမှာ ထင်တိုင်းကြဲလို့ရမယ်မထင်လိုက်နဲ့ !”
“အို ဟုတ်တာပေါ့” မုမင်ထန်က ရယ်လိုက်တယ်။ “ချီယန်ဝမ်နဲ့ လက်ထပ်ဖို့ အကြံ စပေးခဲ့တာလည်း ကျန်းသခင်မ ရှင်ပဲ မလား။ ကျွန်မအတွက် မင်္ဂလာလက်ဖွဲ့ပြင်ပေးရမယ့်အချိန်လည်းရောက်ကော ကျန်းသခင်ကြီးကော သခင်မကောက အတိတ်မေ့သလို လုပ်နေရတာလဲ”
“နင်!” ကျန်းသခင် မုမင်ထန်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။
“အခု ဘယ်သူ့ကို လာပြီး အထင်သေးနေတာလဲ ကျန်းသခင်မ? ချီယန်ဝမ်ဖေးဖြစ်လာမယ့်သူကို ဒီလိုပဲ ဆက်ဆံလို့ရရောလား။ အရှင်မင်းကြီးတောင်မှ ကျွန်မနဲ့ ချီယန်ဝမ်ကြားက လက်ထပ်ပွဲက ကျင်းဝမ်တို့ထက်တောင် ကြီးကျယ်ခမ်းနားစေရမယ်တဲ့။ ကျွန်မကို လက်ဖွဲ့ပြင်မပေးတာက မင်းမိန့်ကို အာခံတာနဲ့ အတူတူပဲ။ မှတ်ထားလိုက် ကျွန်မ ကျန်းမင်ဝေ့ရတဲ့အတိုင်း မင်္ဂလာလက်ဖွဲ့ကို အားလုံး လိုချင်တယ်။ တစ်ခုခု လိုနေတာနဲ့ ချက်ချင်း ကတုံးတုံးပြီး မယ်သီလရှင် ဝတ်ပစ်လိုက်မယ်။ မင်္ဂလာချိန်ကျလာလို့ ဝေါယာဉ်ပေါ် ထိုင်မယ့်သတို့သမီးမရှိရင် သိပ်ကောင်းလှတဲ့ ရှင့်သမီး ကျန်းမင်ဝေ့ကိုသာ သွားထိုင်ခိုင်းလိုက်”
သူမ ပြောပြီးတာနဲ့ ဟွန့်ကနဲ လုပ်ကာ အခန်းထဲက ချာကနဲ ထွက်သွားတယ်။ ကျန်းသခင်မခမျာ ဒေါသထွက်ရလွန်းလို့ ရင်ဘတ်ကို ဖိထားရပြီး စကားတောင် မပြောနိုင်တော့ဘူး။ အစေခံက မြင်တဲ့အခါ အမြန်ပဲ ရောက်လာတယ်။
“သခင်မ!”
ဘယ်သူက ထင်မှာလဲ ကျန်းသခင်မ အဲ့လိုဖြစ်သွားချိန်မှာပဲ မုမင်ထန်က အခန်းထဲ ပြန်ဝင်လာပြီး စားပွဲပေါ်က ပိုးထည်လိပ်ကိုပါ မ သွားတယ်။
ပိုးထည်တွေက သူမ ထင်ထားတာထက် ပိုလေးတယ်။ အားလုံးကို သူမ သယ်နိုင်မှာ မဟုတ်ဘူး။ သူမ လှည့်လိုက်ပြီး သန်သန်မာမာ အစေခံ ၃ ယောက်ကို လှမ်းကြည့်လိုက်တယ်။
“နင် နင် နင် နင်တို့ ဒီပိုးထည်လိပ်တွေယူပြီး ငါ့နောက် လိုက်ခဲ့”
သူမနောက်ကနေ လိုက်မလာတာတွေ့တဲ့အခါ
“ငါက ချီယန်ဝမ်ဖေးပဲ။ နင်တို့က တော်ဝင်အမိန့်ကို အာခံရဲတာလား”
“မဝံ့ရဲပါဘူး!” အားလုံး ကျန်းသခင်မကို တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းကို ငုံ့ကာ ပိုးထည်လိပ်တွေ သယ်ပေးလာကြတယ်။
သူများကို အာဏာပြရတာက ဘယ်ဆိုးလို့တုန်း!
“ငါ အနီရောင်ကို ကြိုက်တယ်။ သိပ်လှတဲ့အရောင်ပဲ။ ပိတ်လိပ်တွေ ပြုတ်ကျတာ ညစ်ပတ်သွားတာဖြစ်ရင် နင်တို့အားလုံး တာဝန်ယူရမယ်မှတ်!”
မုမင်ထန် အနီရောင်ပိုးထည်လိပ်တွေနဲ့ အတူထွက်သွားတာ မြင်တဲ့အခါ အစေခံခေါင်းဆောင်က ချက်ချင်းပဲ ကျန်းသခင်မဘေး ရောက်လာပြီး
“ရွံစရာကောင်မလေး ..... သူမ ကြာကြာ ဘဝင်မြင့်နေနိုင်မှာ မဟုတ်ပါဘူး!” ကျန်းသခင်မ ဒေါသထွက်ထွက်နဲ့ ပြောရင်း လဲကျသွားပြန်တယ်။ ဘေးက အစေခံက သူမကို ကူထိန်းပေးရင်း
“သခင်မ ကိုယ့်ကျန်းမာရေးကိုယ် သတိထားပါဦးနော်”
_________________________________________________