စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 65
Translator – Utopia
အစောင့်တွေလည်း တဖြေးဖြေး နောက်ဆုတ်နောက်ဆုတ်နဲ့ တိုက်ခိုက်ကြရင်း ပိုကျယ်တဲ့ ရပ်ပြင်ဆီထိပါ ရောက်လာကြတယ်။ သူတို့ဖာသာသူတို့ ရှဲ့ရွှမ်းချန်ကို မထိန်းချုပ်နိုင်မှန်း တပ်စုခေါင်းဆောင်လည်း သိတယ်။ အခု သူတို့ လုပ်နိုင်တာဆိုလို့ ရှဲ့ရွှမ်းချန် အားပြတ်ပြီး သူ့ဟာသူ သတိလစ်သွားတဲ့အထိ တတ်နိုင်သလောက် အချိန်ဆွဲထားဖို့ပဲ။
သူ့အင်အားကို လျော့လာအောင် အချိန်ဆွဲတိုက်ခိုက်ရတာက သိပ်ကို ခက်ခဲတယ်။ ခဏအတွင်းမှာကို လူအချို့က ဆွဲပစ်လှဲခံထားလိုက်ရပြီးပြီ။ အစပိုင်းမှာတော့ အသစ်ဝင်တဲ့အစောင့်တချို့ က ရှဲ့ရွှမ်းချန် ဘယ်လောက်လုပ်နိုင်မှန်း မသိသေးတာကြောင့် အနောက်ကနေ ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားကြပေမဲ့ ရှဲ့ရွှမ်းချန်က တစ်ချက်တောင် လှည့်မကြည့်ဘဲ ကန်ထည့်လိုက်ပြီး ခြေထောက်တွေကို ထက်ဝက်ချိုးပစ်လိုက်တော့တယ်။ အကြိမ်အနည်းငယ် ကြိုးစားပြီးတဲ့နောက် ဘယ်သူမှ ရှဲ့ရွှမ်းချန်အနား မကပ်ရဲတော့ဘဲ အဝေးကိုသာ ထွက်ပြေးကြတော့တယ်။ သူ့ကို အားကုန်အောင် ခံတော့ချနေပေမဲ့ ဘယ်သူမှ အရင်စပြီး သွားမတိုက်ခိုက်ရဲတော့ချေ။
တန်ပြန်တိုက်ခိုက်ဖို့ မပြောနဲ့ ဒီနေ့ အသက်ရှင်ရင်ကို တော်တော်လေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်။ အချိန်တစ်ခုနီးပါးရှိလာတဲ့အခါ သူ့ကို ခံချပေးနေရတာကတောင် အတော်လေးကို ခက်ခဲမှန်း နားလည်လာကြတယ်။ ဒီမြင်ကွင်းထဲ သူ့ကို ခံချပေးနေရတဲ့ အစောင့်တွေရဲ့စိတ်ထဲ သောက,က တိုးဝင်လာတော့တယ်။
ဒါတောင် အခု ရှဲ့ရွှမ်းချန်ရဲ့ခန္ဓာကိုယ်က တော်တော်လေး မမာမကျန်း ဖြစ်နေလို့သာပဲ။ ဟိုးအရင် သူ သန်သန်မြန်မြန် ရှိတုန်းကသာဆို ဘယ်လိုလူသတ်စက်မျိုးတောင် ဖြစ်နေမလဲ မှန်းဆလို့တောင် မရဘူး။ ပြောကြတာတော့ ချန်ကျဲမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုတွေက ရှဲ့ရွှမ်းချန်ရဲ့နာမည်ကို ကြားတာနဲ့တင် တပ်ဆုတ်ပြေးခဲ့ကြတယ်တဲ့။ ကြည့်ရတာ ကောလာဟလတွေက တကယ်ပဲနဲ့ တူတယ်။
ဘယ်လိုမှ ဖျောက်လို့မရတဲ့ ဝမ်းနည်းခြင်းက တပ်စုခေါင်းဆောင်ရဲ့ရင်ထဲ တိုးဝင်လာတယ်။ ဒီနေ့ သူ ဒီမှာ သေရတော့မှာပါလား။ ကျားကို လှောင်အိမ်ထဲ ထည့်ဖို့ ကြိုးစားရင်း နောက်ဆုံးတော့ ကျားစာဖြစ်ရတော့မယ်။
တပ်စုခေါင်းဆောင်လည်း ကျန်တဲ့တပ်စုတွေကို ပြန်စုစည်းပြီး လက်နက်တွေ ပြောင်းကိုင်ခိုင်းလိုက်တယ်။ ဓားနဲ့ အလျားတိုတဲ့ လက်နက်တွေက ရှဲ့ရွှမ်းချန်ရှေ့မှာ အသုံးမဝင်ဘူး။ လက်နက်အရှည်တွေကို သုံးရင် သူတို့ အသက်ရှင်နိုင်ချေ ပိုများတယ်။ တပ်စုခေါင်းဆောင်က အစောင့်တွေကို စုဖွဲ့မှုပုံစံ ပြန်တည်ဆောက်ခိုင်း ရှဲ့ရွှမ်းချန်ကို လှံရှည်နဲ့ ပြန်တိုက်ကြတယ်။ အနီရောင်လှံရှည်ကို လေးလံခိုင်ခံ့အောင် အထူးပြုလုပ်ထားတာပဲ ဖြစ်တယ်။ အားလုံး သတ္တိပြန်မွေးပြီး စုတိုက်ကြဖို့ လုပ်လိုက်တယ်။ ပထမအနေနဲ့ သူ့ရဲ့ခါး၊ နောက် လက်နဲ့ ခြေတွေကို လှံနဲ့ ထောက်ရင်း နောက်ဆုံးတော့ သူ့ကို လှုပ်မရအောင် ထိန်းချုပ်နိုင်သွားတော့တယ်။
တပ်စုခေါင်းဆောင်က ကျယ်လောင်အက်ရှစွာနဲ့ အော်လာတယ်။
"ဒီနည်းလမ်းက အလုပ်ဖြစ်တယ်။ သေချာ မြဲမြဲ ကိုင်ထားကြ!"
ဒါပေမဲ့ သူ အဲ့စကားပြောပြီးချိန်မှာပဲ ရှဲ့ရွှမ်းချန်က လှံဖျားကို လက်နဲ့ ပြန်ဆွဲကာ ချိုးပစ်ပြီး လေထဲ ပစ်ထုတ်လိုက်တယ်။ စုဖွဲ့မှုပုံစံအတိုင်း အတတ်နိုင်ဆုံးထိန်းထားကြတဲ့ အစောင့်တွေလည်း လေထဲ အတုံးအရုန်း လွင့်စင်ကုန်တော့တယ်။
အခုအချိန်မှာ တပ်စုခေါင်းဆောင်လည်း တော်တော် စိတ်ဆင်းရဲနေပြီ။
ရှဲ့ရွှမ်းကျီ ရောက်လာတဲ့အခါ ဒီမြင်ကွင်းနဲ့ ပက်ပင်းတိုးတော့တာပဲ။ လူအများကြီးက စုဖွဲ့မှုပုံစံအတိုင်း ဝိုင်းထားကြပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ တစ်ယောက်ပြီးတစ်ယောက်ကို ပစ်ထုတ်နေတယ်။ အဲ့အချိန်မှာ ပျောက်နေပြီထင်ခဲ့တဲ့ ရှဲ့ရွှမ်းကျီရဲ့ အကြောက်တရားက ပြန်ပေါ်လာတော့တယ်။ ရှဲ့ရွှမ်းချန် မေ့မြောသွားကတည်းက သူ အကြောက်တရားဆိုတာကို မခံစားခဲ့ရသလောက်ပဲ။ သူ ကြောက်ရွံ့ထိတ်လန့်မိတဲ့အချိန်တိုင်းကလည်း အခု သူ့မျက်စိရှေ့ကသူကြောင့်ပဲ။
ရှဲ့ရွှမ်းကျီရဲ့မျက်နှာက ဖြူဆုတ်သွားပြီး
"ကျင်းအာ သက်စောင့်ဆေး ဘယ်မှာလဲ"
"ကျွန်တော်မျိုးတို့ သွားယူခိုင်းထားပြီးပါပြီ။ ဒါပေမဲ့ ဘယ်သူမှ ချီယန်ဝမ်အနား မကပ်ရဲကြတာနဲ့ ဆေးတိုက်လို့မရဘူး ဖြစ်နေတာ"
အစောင့်က ပြောရင်း အရှေ့ကို တိုးလာပြီး ပိုးသေတ္တာထဲက ကျင်းအာ သက်စောင့်ဆေးကို ရှဲ့ရွှမ်းကျီဆီ ပြလိုက်တယ်။ ရှဲ့ရွှမ်းကျီ တစ်ချက်ကြည့်ပြီး သူ့ရှေ့က အခြေအနေတွေကို ပြန်ကြည့်လိုက်တော့ အစောင့်ပြောတဲ့စကားက မှန်နေမှန်း သူ သိလိုက်တယ်။
အခု အရေးအကြီးဆုံးအရာက ရှဲ့ရွှမ်းချန်ကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ပဲ၊ ပြီးရင် အခွင့်အရေးရှာပြီး ကျင်းအာ သက်စောင့်ဆေးကို တိုက်ရမယ်။ သက်စောင့်ဆေးကို အရည်အချင်းရှိတဲ့သမားတော်တစ်ပါးက ဖန်တီးထားတာဖြစ်တယ်။ ရှဲ့ရွှမ်းချန် စိတ်ဖောက်ပြန်သွားတိုင်း မြင်မြင်သမျှ လိုက်သတ်တတ်ပြီး ဒီကျင်းအာ သက်စောင့်ဆေးကသာ သူ့ကို ငြိမ်သွားအောင် လုပ်ပေးနိုင်တာ။
ရှဲ့ရွှမ်းချန် ဘယ်အတိုင်းအတာထိ လုပ်နိုင်တယ်ဆိုတာကို ရှဲ့ရွှမ်းကျီ လျှော့မတွက်ရဲချေ။ သူ အေးစက်စက်နဲ့ပဲ အမိန့်ပေးလာတယ်။
"ဘယ်လက်နက်မှ သူ့ကိုတိုက်ဖို့ အသုံးမဝင်ဘူး။ လက်နက်တွေအားလုံးကို ဖယ်ပစ်လိုက်တယ်။ သူ့လက်ထဲ မင်းရဲ့ဓားရောက်နေရင် အခြေအနေတွေ ပိုဆိုးကုန်လိမ့်မယ်။ ကျိုးမု မင်းက ဒုတိယအဖွဲ့ကို ဦးဆောင်ပြီး သူ့ကို ကြိုးနဲ့တုတ်၊ မှတ်ထားနော် မင်းမှာ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်၊ မင်း ကျရှုံးသွားတာနဲ့ ချက်ချင်း နောက်ပြန်ဆုတ်ခဲ့။ လီဖန့် မင်းက တတိယအဖွဲ့ကို ဦးဆောင်ပြီး မြှားနဲ့ပစ်။ ပထမအဖွဲ့က ငါ့အမိန့်အတိုင်း လှုပ်ရှား၊ ငါ မင်းတို့ကို ပြောထားတဲ့အတိုင်း လုပ်တော့!"
____________________________________________________________________________________________