စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 47
Translator – Utopia
ဘယ်လိုပဲပြောပြော အခုလိုလေး စားရတာက တကယ်ကို သက်သောင့်သက်သာ ရှိတယ်။ ရှဲ့ရွှမ်းချန် မျိုချလိုက်ပြီးနောက် မေးလာတယ်။
"မင်းက အတော်များများကို တတ်တာပဲ။ ဘယ်ကနေ သင်ခဲ့တာလဲ"
"ဒါလေးလုပ်ဖို့ကို သင်ဖို့လိုလို့လား" မုမင်ထန်က ရယ်လိုက်ရင်း "မိဘရင်ခွင်ထဲမှာဆိုရင်တော့ ဒါတွေသင်စရာ ဘယ်လိုလိမ့်မလဲ။ ဒါပေမဲ့ အပြင်လောကကို ရောက်သွားတဲ့အခါ အားလုံးကို သင်ယူတတ်လာတာပါပဲ"
ရှဲ့ရွှမ်းချန်ကို ကျွေးပြီးတဲ့နောက် ရေအနည်းငယ် ခပ်တိုက်လိုက်တယ်။ ပြီးမှပဲ သူမကိုယ်တာကို စစားတော့တယ်၊ မုမင်ထန်က သူ့ထက်တောင် ပိုစားနိုင်သေးတယ်။ ရှဲ့ရွှမ်းချန်လည်း အခုမှ နိုးလာတာဆိုတော့ ခေါင်းကြည်အောင် ထိုင်နေပေးဖို့ လိုတယ်။ တခြားဘာမှလည်း လုပ်စရာမရှိတာကြောင့် သူမ စားနေတာကိုသာ ငေးကြည့်နေမိတယ်။
မုမင်ထန်က အစားစားတဲ့အချိန် သိပ်ကို သပ်ရပ်တယ်။ ဝါးနေတဲ့အချိန်မှာ နှုတ်ခမ်းကို စေ့ထားပြီး ဘာအသံမှ မထွက်စေသလို အငမ်းမရစားနေပုံလည်း မပေါ်ချေ။ သူမပါးတွေက ချစ်မန့်ရှဉ့်လေးတွေကို လုံးတစ်နေတယ်။ သူမစားသောက်နေပုံက သိမ်မွေ့ပေမဲ့ စားတာကတော့ တကယ်ကို မြန်တယ်။ အလုတ်ကြီးကြီး အငမ်းမရစားတာမျိုး မဟုတ်ဘဲ ဖြေးဖြေးမှန်မှန်ဝါးပြီး ခပ်မြန်မြန် စားတတ်တာ ဖြစ်တယ်။ သူမက အစားအသောက်လည်း ချေးမများချေ။ တစ်ချက်ကြည့်တာနဲ့တင် သူမရဲ့စားသောက်တတ်တဲ့ပုံက စစ်ဘေးရှောင်ချိန်တုန်းက အလေ့အကျင့်ဖြစ်လာခဲ့တာပဲ ဖြစ်ရမယ်။ မြို့တော်က သခင်မလေးတွေက အလိုလိုက်ခံရတာကြောင့် အစားအသောက်ချေးများက အရာအားလုံးကို ချွဲနွဲ့အပြစ်တင်နေတတ်တယ်။ သူတို့ထမင်းစားပြီးတာကိုသာ စောင့်နေရင် မြို့တော်ပါ ရန်သူ့လက်ထဲ ကျသွားလိမ့်မယ်။
ရှဲ့ရွှမ်းချန်လည်း စားတဲ့သောက်တဲ့နေရာမှာ သူမနဲ့ တူတယ်။ ရှေ့တန်းမှာ ထမင်းမြန်မြန်စားတတ်တာက စစ်သားတစ်ယောက်ရဲ့ အရည်အချင်းပဲ။ အစားအသောက် ချေးများနေတဲ့ကောင်တွေကိုဆို ရှဲ့ရွှမ်းချန်ကိုယ်တိုင် အသေရိုက်နှက်ပစ်မှာ ဖြစ်တယ်။
ရှဲ့ရွှမ်းချန် သူမကို ကြည့်နေရင်း တစ်ခုကို သတိထားမိသွားတယ်။ သူမလက်ထဲက ထမင်းပန်းကန်က ရင်းနှီးနေသလိုပဲ။
အပြင်ကသူတွေ သံသယမဝင်အောင်လို့ သူတို့ ထမင်းတစ်ပန်းကန်ထဲကိုသာ မျှသုံးရတာဖြစ်တယ်။ မဟုတ်ရင် သိပ်သိသာသွားလိမ့်မယ်။ ရှဲ့ရွှမ်းချန် ရုတ်တရက် ရှက်သွားပြီး သူမကို ဆက်မကြည့်ရဲတော့ချေ။
မုမင်ထန်က ထမင်းစားတဲ့အခါ စားတဲ့အပေါ်မှာပဲ အာရုံစိုက်ထားတာမို့ သူမကို ကြည့်နေမှန်း သတိမထားမိချေ။ သူမ စစ်ပြေးခဲ့ရတုန်းက စားခွင့်သာတဲ့အခါ မြန်မြန်စားတတ်ဖို့ အကျင့်ကို သင်ယူခဲ့ရတယ်။ သူမသာ ဟိုကြည့်ဒီကြည့်လုပ်နေရင် သူမရဲ့စားစရာကို လုယူသွားကြလိမ့်မယ်။ သူမ ထမင်းစားပြီးတဲ့နောက် ပန်းကန်တွေကို သိမ်းဆည်းရင်း အဲ့ကျမှပဲ ရှဲ့ရွှမ်းချန်က သူမကို ကြည့်နေမှန်း သတိထားမိတော့တယ်။ သူ့ အားနည်းနေတာကို သတိရတော့ သိပ်တွေးမနေတော့ဘဲ ထမင်းဘူးကိုသာ သယ်ပြီး အပြင်ထွက်လာခဲ့လိုက်တယ်။
မုမင်ထန် အပြင်ရောက်တဲ့အခါ အစောင့်တွေက သံသယဝင်ပုံမပေါ်တော့ စိတ်အေးသွားရတယ်။ ဒီနေ့ သူမအခန်းထဲမှာ တစ်စုံတစ်ယောက်ကို တိတ်တိတ်လေး ခိုးပြုစုနေခဲ့ရတာပဲ ......
မုမင်ထန် အိပ်ဆောင်ထဲ ပြန်ဝင်လာတော့ ရှဲ့ရွှမ်းချန် သံလက်ထိတ်တွေကို စူးစမ်းနေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။ အခုတော့ သူမလည်း ဒီသံမဏိကြိုးတွေ ဘယ်ကရောက်တာလဲ သိခဲ့ရပြီမို့ သူ့ပုံစံကို ကြည့်ရင်း စိတ်ထဲ ဝမ်းနည်းလာမိတယ်။
နတ်ရွာစံဧကရာဇ်ဖြစ်တဲ့ ခမည်းတော်ရှဲ့ယီကိုယ်တိုင်က ရှဲ့ရွှမ်းချန်ကို သံမဏိကြိုးတွေနဲ့ တုပ်နှောင်ခိုင်းခဲ့မယ်လို့ ဘယ်သူကထင်မှာလဲ။ ရှဲ့ယီ အမိန့်ပေးခဲ့တုန်းက ဘယ်သူမှ ဧကရာဇ်နှုတ်မိန့်မပါပဲ သူ့ကို မလွှတ်ပေးရဘူးတဲ့။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ရှဲ့ယီလည်း နတ်ရွာစံသွားခဲ့တယ်။
သူ့နှုတ်မိန့်က ဘယ်တော့မှ မရနိုင်တော့ချေ။
ဒီမြင်ကွင်းကို ကြည့်ရင်း သူမ နာကျင်လာတယ်။ သံမဏိကြိုးတွေကြောင့် ခန္ဓာကိုယ် ထိခိုက်တာထက် ခမည်းတော်ကိုယ်တိုင်က လုပ်ခဲ့တာမို့ သူ စိတ်ထိခိုက်ရတာက ပိုလိမ့်မယ်။
ဒီနက်မှောင်တဲ့ သံမဏိကြိုးတွေက သူဟာ တစ်ချိန်ကလို လူလေးစားရတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ စစ်သူကြီးတစ်ယောက်မဟုတ်တော့ဘဲ ရဲဘော်ရဲဘက်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လို့ ပြောဆိုနေသလိုပဲ။
စစ်နတ်ဘုရားကနေ ငြိမ်းချမ်းရေးကို ပျက်သုဉ်းစေသူ ဖြစ်လာခဲ့ရတယ်။
သူမ ဘာမှမမြင်ချင်ယောင် ဟန်ဆောင်ရင်း ရှဲ့ရွှမ်းချန်ဆီ လျှောက်လာတယ်။ ထို့နောက်
"အရှင့်သား ကျွန်မ စစ်ပြေးတုန်းက လူအမျိုးမျိုးနဲ့ ဆုံတွေ့ခဲ့ရတယ်။ အဲ့ထဲမှာ စောရတစ်ယောက်ပါပြီး သူ့သော့ဖျက်အတတ်ပညာက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တာလို့ ဆိုတယ်။ ကျွန်မ သူ့ဆီက အချိန်တစ်ခုကြာ သင်ယူခဲ့ဖူးတယ်။ ကျွန်မ စမ်းကြည့်လို့ရမလား"
____________________________________________________________________________________________