စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
Chapter – 04
Translator – Utopia
ဒါတွေကို သိပေမဲ့လည်း တခြားတစ်ယောက်ရဲ့ အရိပ်အနေနဲ့ပဲ ဆက်နေဖို့ သူမ ဆန္ဒရှိခဲ့တယ်။ ကျန်းမင်ဝေ့ကြိုက်တဲ့ အရောင်ကို လိုက်ဝတ်ပြီး ကျန်းမင်ဝေ့နေတဲ့ အခန်းမှာ နေတယ်။ ကျန်းမင်ဝေ့ စကားပြောဟန်အတိုင်း လိုက်ပြောပြီး လမ်းလျှောက်တာတာတောင်မှ ကျန်းမင်ဝေ့လိုပဲ လိုက်လျှောက်ဖို့ သင်ယူခဲ့တယ်။
ကျန်းသခင်မ လမ်းမပေါ်မှာ တွေ့ခဲ့တဲ့ ကောင်မလေးရဲ့ ပုံရိပ်က တဖြေးဖြေး ဝေဝါးလာခဲ့တယ်။ မုမင်ထန်က သူမရဲ့ အစွယ်တွေနဲ့ လက်သည်းတွေကို ဖွက်ခဲ့ပြီး အဲ့အစား နာခံတတ်ပြီး စကားနူးနူးညံ့ညံ့ပြောတတ်တဲ့၊ သွားမပေါ်အောင် ပြုံးပြတတ်တဲ့၊ အသံမထွက်အောင် လမ်းလျှောက်တတ်တဲ့ သခင်မလေးတစ်ယောက် ဖြစ်လာခဲ့တယ်။ သူမက သူမရဲ့တကယ့်ပုံစံအစစ်အမှန်ကို ကောင်းကောင်း ဖုံးကွယ်ခဲ့ပြီး သူမကိုယ်သူမ တခြားတစ်ယောက်လို ပြောင်းပစ်ခဲ့တယ်။
သူမ လမ်းပေါ်နှင်ချခံရမှာကို ကြောက်တယ်။ ခွေးရိုင်းတွေနဲ့ ဘာမှမခြားတဲ့ စစ်ပြေးဒုက္ခသည်တွေကြား နေရတဲ့ အရင်ဘဝကို ပြန်ရောက်မှာ ကြောက်တယ်။ ဒီလိုအခြေအနေမျိုးမှာ ဂုဏ်သိက္ခာဆိုတာ ဘာမှအသုံးမဝင်ဘူး။ ကိုယ့်စိတ်ထဲရှိသလို နေဖို့ လုပ်ဖို့ဆိုတာ ဝေးရော။
တစ်နှစ်ပတ်လုံး အိမ်တော်ထဲ ပိတ်ပြီး လေ့ကျင့်ရေးအပြင်းအထန် ဆင်းခဲ့ပြီးရတဲ့နောက် နောက်ဆုံးမှာ သူမက ကျန်းသခင်မရဲ့ စိတ်ကူးထဲက လိုချင်တဲ့ပုံစံမျိုး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း အရေပြားတစ်ထောက်ကို ပြောင်းနိုင်ဖို့ လွယ်ပေမဲ့ လူတစ်ယောက်ရဲ့ အရိုးတွေကိုတော့ ပြောင်းဖို့ မဖြစ်နိုင်ဘူး။ သဘာဝကျကျပဲ သူမက မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာတဲ့ အထက်တန်းစား သခင်မလေး ကျန်းမင်ဝေ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူမ စကားမပြောပဲ မတ်တတ်ရပ်နေတဲ့ အခါမျိုးဆို ကျန်းမင်ဝေ့ရဲ့ ပုံရိပ်က သူမဆီ ပေါ်လာတယ်။
ဒီလိုနဲ့ မတ်လရောက်တဲ့အခါ ကျန်းသခင်မက သူမကို လူရှေ့မှာ စတင် မိတ်ဆက်ပေးခဲ့တယ်။ အဲ့အချိန်မှာပဲ ဘာလို့ ကျန်းအိမ်တော်က သူမကို မွေးစားခဲ့ပြီး ကျန်းသခင်မက သူမကို အသည်းအသန် လေ့ကျင့်ပေးခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။
ကျန်းအိမ်တော်ရဲ့ အာဏာက ကျန်းဟုန်ဟောက်ရဲ့ အမတ်ကြီးဆိုတဲ့ ရာထူးအပြင် ကျန်းမင်ဝေ့နဲ့ တော်ဝင်မင်းသားတို့ကြားက စေ့စပ်ပွဲကြောင့်လည်း ပါတယ်။
ဧကရာဇ်ရဲ့ စကားက ဥပဒေပဲ။ ထိမ်းမြားဖို့ တော်ဝင်အမိန့်စာပါ ထုတ်ခဲ့တာဆိုတော့ ပြောမနေနဲ့တော့။ မီးပုံးပွဲတော်ကတည်းက ဘယ်ကို ပျောက်သွားမှန်း မသိတဲ့ ကျန်းမင်ဝေ့ကတော့ ဒါကို ခေါင်းရှောင်သွားဖို့ လွယ်တာပေါ့။ ဒါပေမဲ့ သူမ မိဘတွေ အတွက်ကတော့ အဲ့လိုမဟုတ်ဘူး။ တစ်ဖက်မှာလည်း ပျောက်သွားတဲ့ သမီးကို စိတ်ပူရသလို တစ်ဖက်မှာလည်း ကျင်းဝမ် ( ကျင်းမင်းသား ) နဲ့ ကြောင်းလမ်းထားတာကိုလည်း စိတ်ပူနေရတယ်။
အမြင့်ဆုံး ရာထူးအဆင့်ကို ပေးအပ်ခြင်းခံထားရတဲ့ မင်းသားတစ်ပါးအနေနဲ့ ကျင်းဝမ်က အိမ်ရှေ့စံဖြစ်ဖို့ ရေပန်းအစားဆုံးသူပဲ။ အရှင်မင်းကြီးနဲ့ ကျန်းမိသားစုက ဟိုးအရင် အရှင်မင်းကြီး နန်းမတက်ခင်ကတည်းက အိမ်နီးချင်းတွေ ဖြစ်ခဲ့တာကြောင့်သာ မဟုတ်ရင် အရှင်မင်းကြီးက သူ့ကို ဒီလိုမျိုး ဂုဏ်သရေကို ပေးခဲ့မှာ မဟုတ်ဘူး။
ကျန်းသခင်မကတော့ ဒီအတိုင်း ရိုးရိုးတန်းတန်း ပျောက်သွားတာလို့ ပြောပေမဲ့ မုမင်ထန် ခန့်မှန်းမိတာတော့ ကျန်းမင်ဝေ့က လက်မထပ်ချင်လို့ ထွက်ပြေးသွားခဲ့တာပဲ။ ဒီလိုနဲ့ ချီးမြှောက်ခံရတဲ့ လက်ထပ်ပွဲကနေ အသက်ကို ခြိမ်းခြောက်နေတဲ့ အရာအဖြစ် ပြောင်းသွားတယ်။ ကျန်းမင်ဝေ့ ပျောက်သွားမှန်း သိတဲ့အခါ ကျန်းဟုန်ဟောက်တစ်ယောက် လေပေါ်တောင် ပျံတက်ချင်သလိုလို ဖြစ်သွားတယ်။ သူ့မှာ အဲ့လိုသမီးမျိုး မရှိဘူးဆိုပြီး ပြောပစ်ခဲ့ပြီး လိုက်ရှာဖို့ လူတွေတောင် မလွှတ်ခဲ့ဘူး။ ရလဒ်အနေနဲ့ကတော့ အသည်းနှလုံးမရှိတဲ့ သူ့ယောက်ျားအစား ကျန်းသခင်မတစ်ယောက် သူမကိုယ်တိုင်ပဲ ထွက်ရှာရတော့တယ်။ သူမ မုမင်ထန်ကို တွေ့တဲ့အချိန်မှာ သူမက ကြိုးအစွန်းမှာ ဖြစ်နေပြီမို့ မတတ်သာတဲ့အဆုံး မုမင်ထန်ကို အစားထိုးအနေနဲ့ သုံးဖို့ ကြံရတော့တယ်။
သူမ သမီးကို ပြန်လာမယ်လို့ မျှော်လင့်ပေမဲ့လည်း တကယ်လို့ ပြန်မလာဖြစ်ခဲ့ရင် အစားထိုးအနေနဲ့ မုမင်ထန်ကို သုံးရလိမ့်မယ်။ ပြောရရင် တော်ဝင်အမိန့်စာမှာက ကျင်းဝမ်နဲ့ လက်ဆက်ရမယ်ပဲ ပါတာလေ။ ကျန်းအိမ်တော်က ကျန်းမင်ဝေ့နဲ့ လက်ဆက်ရမယ်လို့မှ မပါတာ။ မွေးစားထားတဲ့ မုမင်ထန်ကလည်း ကျန်းအိမ်တော်ရဲ့ သမီးလို့ ပြောလို့ရတာပဲလေ။
နောက်တစ်နှစ် မတ်လမှာတော့ သူမ သမီး ပြန်လာမယ်လို့ပဲ မျှော်လင့်နေတဲ့ ကျန်းသခင်မတစ်ယောက် မျှော်လင့်ချက် လုံးလုံး ကုန်သွားတယ်။ ဧပြီလမှာတော့ မုမင်ထန်နဲ့ ကျင်းဝမ် ရှဲ့ရွှမ်းကျီတို့ လူကြီးစုံရာရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းခဲ့တယ်။ ဝတ္တရားအရ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် လက်ထပ်ဖို့ သဘောတူလိုက်ကြတယ်။
ဒီလိုတောင်မှ ကျန်းမင်ဝေ့အပေါ် ထားတဲ့ ကျင်းဝမ်ရဲ့ စွဲလမ်းမှုက တကယ် ချီးကျူးရလောက်တယ်။ သူမက လက်ထပ်ပွဲကနေ ထွက်ပြေးသွားပြီး ခိုးရာလိုက်ပြေးသွားတယ်လို့ သံသယဖြစ်ဖွယ် ရှိပေမဲ့လည်း ကျင်းဝမ်က သူမကို ခွင့်လွှတ်ပေးတဲ့အပြင် ကျန်းသခင်မကိုတောင် တိတ်တိတ်လေး ကူညီပေးခဲ့တယ်။ နောက်ကျ အချိန်ကို ဆက်ဆွဲထားလို့ မရတော့ဘဲ သူလည်း အစားထိုးခံနဲ့ လက်ထပ်ဖို့ကို လက်ခံလိုက်ရတော့တယ်။
မုမင်ထန်တောင်မှ သူ့ကို ချီးကျူးမိတယ်။ အစားထိုးခံတစ်ယောက်အနေနဲ့ ဒီလိုအထက်တန်းကျတဲ့ စည်းစိမ်တွေကို ခံစားစံစားပြီး ဝမ်ဖေးတစ်ပါး ဖြစ်လာနိုင်တယ်ဆိုတာက သူမက ကျန်းမင်ဝေ့နဲ့ ပုံစံချင်း ဆင်နေတာကြောင့်ပေ။ ကျန်းသခင်မက မုမင်ထန်ကို ကြည့်လိုက်တိုင်း သူမရဲ့ သမီးအရင်း ကျန်းမင်ဝေ့ကို မြင်ယောင်လာမိတယ်။ မုမင်ထန်အတွက်တော့ ဒီလောက်ဆို လုံလောက်တာထက်တောင် ပိုနေပြီ။ ကျင်းဝမ်ဆီက အချစ်ခံရဖို့တို့ဘာတို့ သူမ ဘာမှထပ်ပြီး လောဘမကြီးတော့ဘူး။
ဒါကြောင့်မို့ သူမအနေနဲ့ ကျန်းမင်ဝေ့ရဲ့ပုံတူအနေနဲ့ပဲ သူမ တစ်ဘဝလုံးကို နေသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ လက်ထပ်ပွဲမတိုင်ခင်အထိ သူမက ကျန်းမင်ဝေ့နဲ့ တူတဲ့ ကျန်းမင်ဝေ့ထက်တောင် ပိုသိမ်မွေ့တဲ့ သမီးအလိမ္မာလေးအနေနဲ့ နေရမယ်။ လက်ထပ်ပြီးတဲ့ အခါကျရင်တော့ သူမ အကောင်းဆုံး ကြိုးစားပြီး ကျင်းဝမ်ရဲ့ အချစ်ဦးနဲ့ တူအောင် နေမယ်။ မုမင်ထန်က ဘယ်လိုလူမျိုးလဲ သူမ ဘာတွေကြိုက်လဲဆိုတာ အရေးမကြီးတော့ပေ။
ဒါပေမဲ့ တစ်နေ့ကျ မုမင်ထန်အတွက် ကျင်းပပေးတဲ့ မွေးနေ့ပွဲမှာ ကျန်းမင်ဝေ့က ပေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူမက လူရှေ့ ဘွားခနဲ ပေါ်လာတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပွဲအလယ်မှာတင် ကျင်းဝမ်က ရုတ်တရက် ပျောက်သွားတဲ့အချိန် တစ်ခုခုတော့ မှားနေပြီဆိုတာ မုမင်ထန် သိလိုက်ပြီ။ သူမ သူ့နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့ရင်း ငယ်ချစ်ဦးနှစ်ယောက်ရဲ့ မျက်ရည်ကျလောက်စရာ ချစ်ခြင်းမေတ္တာကို လှမ်းမြင်လိုက်ရတယ်။
ဒါကို မြင်တဲ့အခါ ကျန်းမင်ဝေ့ကို ကျင်းဝမ်က ဘယ်လောက်တောင် ချစ်လဲဆိုတာ သူမ ခေါင်းထဲ ပြန် သတိရသွားတယ်။
ဒါဆိုရင် သူမကကော ?? သနားစရာ စစ်ပြေးဒုက္ခသည် အစားထိုးခံတစ်ယောက်ကို သူတို့ ဘာဆက်လုပ်ကြတော့မလဲ။