Chapter 97

1.2K 114 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 97
Translated by Utopia

တော်ဝင်သမားနန်းဆောင်ရဲ့အမတ်ကြီးကို အမိန့်ပေးပြီးတဲ့နောက် ဧကရာဇ်က လက်နောက်ပစ်ရင်း အရှေ့ကို ဖြေးဖြေး လျှောက်လာတယ်။
"ဒီချီယန်ဆိုတဲ့နာမည်က သိပ်မကောင်းလှဘူး။ အောင်ပွဲရတိုက်ပွဲတွေနဲ့ ဒီနာမည်က မှတ်မိရလွယ်ပေမဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတယ်။ စစ်ပွဲဆိုတာက သိပ်ကို ရုန့်ရင်းကြမ်းတမ်းလွန်းပြီး မကောင်းတဲ့ဝိညာဉ်တွေကို ဆွဲဆောင်နိုင်မယ်။ ဒါက သူ နာလန်ပြန်ထူဖို့အတွက်ဆို မကောင်းဘူး။ မင်းသားရဲ့နာမည်ကို အန်းဝမ် (မင်းသားအန်း) လို့ ပြောင်းခေါ်ကြတာပေါ့"
တစ်ခွန်းတည်းပြောရရင် ရှဲ့ရွှမ်းချန်က တော်ဝင်မင်းသားဘဝကနေ မင်းသားအဖြစ် ဘွဲ့အပ်နှင်းခံရသူဘဝကို ရောက်သွားတာပဲ။ တော်ဝင်မင်းသားဆိုတဲ့ အဆင့်အတန်းက ဧကရာဇ်ရဲ့ သားတော်ကြီးကိုသာ ပေးအပ်နိုင်တာ ဖြစ်တယ်။ ဥပမာ ရှဲ့ရွှမ်းကျီဆို လက်ရှိဧကရာဇ်ရဲ့ သားတော်ကြီးဖြစ်တာကြောင့် မင်းသားကျင်း (ကျင်းဝမ်) ဘွဲ့ကို ရထားတယ်။
ရှဲ့ယီက ရှဲ့ရွှမ်းချန်ကို ချီယန်မင်းသား (ချီယန်ဝမ်) အနေနဲ့ ဘွဲ့အပ်နှင်းခဲ့တာက ပထမအချက် - ပြည်သူတွေ စိတ်ကျေနပ်အောင်လို့၊ ဒုတိယတစ်ချက် - သူကိုယ်တိုင်ကလည်း ပုန်ကန်ပြီး ဧကရာဇ်ဖြစ်လာတာမို့ ရှဲ့ရွှမ်းချန်ကို အစကတည်းက အင်အားနည်းအောင် လုပ်ထားဖို့ ဖြစ်တယ်။
အခုမတိုင်ခင်အထိ ဘယ်သူမှ ရှဲ့ရွှမ်းချန်ရဲ့ ဘွဲ့နာမည်ကို စိတ်မဝင်စားခဲ့ကြသလို ရှဲ့ရွှမ်းချန် ကိုယ်တိုင်ကလည်း စိတ်မဝင်စားချေ။ ရှဲ့ယီမှာ ဒီသားတစ်ယောက်တည်းပဲ ရှိတဲ့ဟာ ‌အိမ်ရှေ့စံမင်းသား ဖြစ်ဖြစ်၊ တော်ဝင်မင်းသားဖြစ်ဖြစ် ဘာကွာသွားမှာမို့လို့လဲ? ဒါပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ သူ တိုက်ပွဲတွေ အောင်နိုင်ခဲ့တာကြောင့် ဒီဘွဲ့ကို ရတာဆိုပြီး သိပ်ကို ဂုဏ်ယူဝမ်းမြောက်နေခဲ့တယ်။
နောက်ပိုင်း ရှဲ့ရွှမ်းချန်ကလည်း ရောဂါရ၊ ရှဲ့ယီကလည်း နတ်ရွာစံသွားပြီး ထီးနန်းက ရှဲ့ရွေ့ဆီ ရောက်သွားတယ်။ ဒါပေါ့ ဘယ်သူမှ ဒီဘွဲ့နာမည်ကို ထွေထွေထူးထူး မပြောဖြစ်ခဲ့ကြဘူး။ ရှဲ့ရွေ့ နန်းတက်လာပြီးတဲ့နောက် သူ့သားကို တော်ဝင်မင်းသားဘွဲ့ အပ်နှင်းခဲ့တယ်။ ရှဲ့ရွှမ်းကျီကို အိမ်ရှေ့စံမင်းသားနေရာထိပါ ပေးဖို့ကျ နည်းနည်း အရှက်မဲ့ရာကျပေမဲ့ ဒီနှစ်တွေအတွင်း သူ အတတ်နိုင်ဆုံး ကြိုးစားပြီး ထီးနန်းဆက်ခံရေးကိစ္စကို ရှောင်နေခဲ့တာ ဖြစ်တယ်။
ရှဲ့ရွေ့က သူ့နာမည်လည်း မပျက်အောင် ထိန်းရင်း အမွေဆက်ခံမှုအစဉ်လိုက်ကို ဝမ်းကွဲကနေ၊ အကြီးဆုံးကနေ၊ အငယ်ဆုံးဆီကို သွားတဲ့ပုံစံကို အဆင့်ဆင့် တိုးပေးခဲ့တယ်။ ဒါက အနောက်နန်းဆောင်က နိုင်ငံရေးကိစ္စထဲ ဝင်မစွက်ဖက်နိုင်အောင်၊ ကုန်းကုန်းတွေ အာဏာအလွဲသုံးစားမလုပ်အောင် တားဆီးပေးနိုင်လိမ့်မယ်လို့လည်း လူကြားကောင်းအောင် ပြောခဲ့တယ်။ ရှဲ့ရွေ့က သူဖန်တီးထားတဲ့ စနစ်ကို သိပ်အမွှမ်းတင်လွန်းတယ်။ ဒီစနစ်အတိုင်းဆို လက်ရှိဧကရာဇ် နတ်ရွာစံတဲ့အခါ ထီးနန်းဆက်ခံရမယ့်သူက ရှဲ့ရွှမ်းချန်ပဲ ဖြစ်လိမ့်မယ်။
ရှဲ့ရွေ့က အစ်ကိုတော်ဧကရာဇ်ရဲ့ ထီးနန်းကို ဆက်ခံခဲ့တာမို့ နန်းမွေကို တူတော်ကိုသာ လွှဲပေးရမှာ ဖြစ်တယ်။ တကယ်လို့ သူ့သားသူ လွှဲပေးလိုက်တယ်ဆို ဧကရာဇ်က ကျေးဇူးမသိဘဲ ကိုယ်ကျိုးရှာတဲ့သူ ဖြစ်သွားလိမ့်မယ်။
ဒါကြောင့်မို့ ဧကရာဇ်က ထီးနန်းဆက်ခံရေးကိစ္စနဲ့ ပတ်သက်လာရင် အမြဲတမ်း စကားလမ်းကြောင်း လွှဲပစ်တတ်တာ ဖြစ်တယ်။ ဘယ်သူမှလည်း သွားမပြောရဲကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်ကလည်း ကျန်းမာသန်စွမ်းနေဆဲဖြစ်ပြီး အချိန်တစ်ခုအထိတော့ အိမ်ရှေ့စံမင်းသားနေရာအတွက် စိတ်ပူနေစရာမလိုချေ။ သူသာ ကောင်းကောင်း စောင့်နေမယ်ဆို ပြောလို့မရဘူး ရှဲ့ရွှမ်းချန်က အရင် သေသွားနိုင်တယ်။
ဒါပေမဲ့ ဒီနေ့ ရှဲ့ရွေ့က ရှဲ့ရွှမ်းချန်ကို ဘွဲ့အပ်နှင်းခံမင်းသားအနေနဲ့ သတ်မှတ်လိုက်တာဆိုတော့ကာ အခြေအနေက လုံးဝပြောင်းလဲသွားပြီ ဖြစ်တယ်။
ဧကရာဇ်ရဲ့ သားအကြီးဆုံးသာ တော်ဝင်မင်းသားဘွဲ့ကို ရကြတာ ဖြစ်တယ်။ အခု ဧကရာဇ်က ရှဲ့ရွှမ်းချန်ကို မင်းသားဘွဲ့ ထပ်အပ်နှင်းတယ်ဆိုတော့ကာ တစ်နည်းအားဖြင့် ရှဲ့ရွှမ်းချန်မှာလည်း ထီးနန်းဆက်ခံပိုင်ခွင့်ရှိတယ်လို့ အသိအမှတ်ပြုလိုက်တာပဲ ဖြစ်တယ်။
ဒီဆောင်းကုန်တဲ့အထိတောင် ရှဲ့ရွှမ်းချန် အသက်မရှင်နိုင်တာ သိလိုက်ရတဲ့အတွက် ဧကရာဇ် စိတ်အေးသွားရတယ်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ ထီးနန်းဆက်ခံတုန်းက ပေးခဲ့တဲ့ ကတိကို ပြန်သတိရသွားပြီး နန်းမွေဆက်ခံရေးကိစ္စကို ရှောင်မနေတော့ချေ။ ရှဲ့ရွှမ်းချန်ကို မင်းသားအနေနဲ့ ချီးမြှောက်တဲ့အပြင် လက်ဆောင်ပဏ္ဏာတွေလည်း  ထပ်ချီးမြှင့်လာတယ်။
"အမိန့်တော် ချမှတ်မယ်။ ငါကိုယ်တော်က အန်းဝမ်ကို သားအရင်းလို သဘောထား‌တော်မူတယ်။ အန်းဝမ် သားအကြီးဖြစ်တဲ့အတွက် နန်းမွေဆက်ခံမှုအစဉ်အတိုင်းဆိုရင် ကျင်းဝမ်ထက် အဆင့်ပိုမြင့်မားတယ်။ ဘယ်လိုလစ်ဟင်းမှုမျိုးကိုမှ ငါကိုယ်တော် ခွင့်ပြုမှာ မဟုတ်ဘူး။ အန်းဝမ်ကို မရိုမသေပြုတဲ့သူတိုင်းကို ငါကိုယ်တော် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
အမတ်တွေအားလုံးလည်း ဦးညွှတ်ပြီး အမိန့်နာခံကြတယ်။ ထို့နောက် ဒီမနက်တုန်းက မယ်တော်ကြီးလု တစ်ခုခုကို ပြောဆိုနေတာ သတိရသွားပြီး ဘေးနားက ကုန်းကုန်းကို ခေါ်ကာ
"ငါကိုယ်တော်ရဲ့အမိန့်ကို မယ်တော်ကြီးဆီလည်း ပို့လိုက်။ အန်းဝမ်ဖေးက တစ်ချိန်က သာမန်အရပ်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ တော်ဝင်မိသားစုဝင်ပဲ။ သူမမျိုးရိုးက မည်သို့ပင်ဖြစ်စေကာမူ ငါကိုယ်တော်ရဲ့ ချွေးမတော်ပဲ။ သူမက အန်းဝမ်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်တာနဲ့တင် ဒါက ကြီးကြီးမားမား စွမ်းဆောင်နိုင်တာ ဖြစ်နေပြီ။ တခြားဘယ်ကိစ္စနဲ့မှ အန်းဝမ်ဖေးကို အခက်တွေ့အောင် မလုပ်နဲ့တော့။ မယ်တော်ကြီးနန်းဆောင်ကသူတွေက အန်းဝမ်ဖေးအပေါ် အပြစ်ပြုခဲ့မိတယ်လို့ ငါကိုယ်တော်ကြားတယ်။ ငါကိုယ်တော်ရဲ့ ပဏ္ဍာတိုက်ထဲက ပစ္စည်းတချို့ကို ယူပြီး အန်းဝမ်ဖေးကို ချီးမြှင့်လိုက်တယ် ပြောလိုက်။ အခုအချိန်ကစပြီး နန်းတော်ထဲကသူတွေအကုန်လုံး အန်းဝမ်ဖေးကို လေးလေးစားစား ဆက်ဆံကြရမယ်။ ဘယ်သူမှ အန်းအိမ်တော်မှာ ပြဿနာ မဖြစ်စေနဲ့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
ကုန်းကုန်းချုပ်၊ တော်ဝင်သမားနန်းဆောင်ရဲ့အမတ်ကြီးနဲ့ ကျန်တဲ့အမတ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ခန်းမဆောင်ထဲ ရှဲ့ရွှမ်းကျီတစ်ယောက်သာ ကျန်ရစ်ခဲ့တော့တယ်။ ထို့နောက် ဧကရာဇ်က ပလ္လင်ပေါ်က ဆင်းလာပြီး ရှဲ့ရွှမ်းကျီကို ထိုင်ခုံတစ်လုံးမှာ ထိုင်ခွင့်ပြုလိုက်တယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now