ဒါပေမဲ့ အခု ရှဲ့ရွှမ်းချန်က သူတို့ဆီ ဖြေးဖြေးချင်း လျှောက်လာတဲ့အခါ ဟိုးအရင် သိမ်ငယ်ခဲ့ရတဲ့စိတ်တွေက ရှဲ့ရွှမ်းကျီကို ဝါးမျိုသွားတယ်။
အချိန်က အရာရာကို ပြောင်းလဲခဲ့တယ်။ ရှဲ့ရွေ့က ဧကရာဇ်ဖြစ်လာပြီး ရှဲ့ရွှမ်းကျီလည်း မြို့တော်ရဲ့ အထက်တန်းကျကျနေထိုင်မှုကို ကျင့်ယူနိုင်ခဲ့ပြီ။ လွှတ်တော်ထဲက အမတ်တွေလည်း အလီလီပြောင်းခဲ့ပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ အရင်အတိုင်း ရှိနေတုန်းပဲ။
ဘယ်သူ့ကိုမှ မထီတဲ့ လူ့အထက်လူလို အကြည့်မျိုးနဲ့ ဖြေးဖြေးချင်း သူတို့ဆီ လျှောက်လာနေတာ ဟိုးအရင်တုန်းကလိုပဲ။
မုမင်ထန် သူနဲ့အတူ ထိုင်လိုက်ပြီး စိတ်ထဲကနေ ဟိုလင်မယားကို ကျိန်ဆဲနေမိတော့တယ်။ မနေ့ကကျ ကျန်းမင်ဝေ့၊ ဒီနေ့ကျ ရှဲ့ရွှမ်းကျီက သူ့ကို သည်းသည်းမဲမဲ စိုက်ကြည့်နေပြန်ပြီ။
ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက အဲ့လောက်လည်း အကျည်းတန်နေတာ မဟုတ်တာကို သူတို့ ဘာကို ကြည့်နေကြတာလဲ??
မနေ့ကတော့ ကျန်းမင်ဝေ့ အံ့အားသင့်သွားပေမဲ့ ဒီနေ့တော့ နည်းနည်း အိန္ဒြေရသွားပြီ။ ရှဲ့ရွမ်းချန် ထိုင်လိုက်ပြီးနောက် သူမက ပြုံးရင်း နှုတ်ဆက်လာတယ်။
“ဒီနေ့ တကယ် ကံမကောင်းပါလားနော်။ ပထမက ဒုတိယ ယောင်းမ မနက်စာ စားနေတာကို နှောင့်ယှက်သလို ဖြစ်သွားတယ်၊ အခုကျ ဒုတိယခဲအို အိပ်နေတာကို နှောင့်ယှက်သလို ဖြစ်သွားပြန်တယ်။ ကျွန်တော်မျိုးမတို့ရဲ့ အမှားပါပဲ၊ ဒုတိယခဲအိုနဲ့ ယောင်းမတို့ ဗွေမယူပဲ ခွင့်လွှတ်ပေးစေချင်ပါတယ်”
သူမ ဘာပြောချင်တာလဲဆိုတာ ရှဲ့ရွှမ်းချန် ချက်ချင်းပဲ သတိထားမိလိုက်တယ်။ ‘အရှင့်သား မနက်စာ မစားရသေးဘူးလား’ လို့ မေးလိုက်တာပဲ။
မုမင်ထန်က အမြန်ပဲ
“ဒါပေါ့ ဗွေမယူပါဘူး” "ကျင်းဝမ်ရယ်နဲ့ ကျင်းဝမ်ဖေးတို့ မလာခင်ကတည်း ကျွန်မကိုယ်တာ မနက်စာကို စားပြီးသွားပြီ။ အရှင့်သား အိပ်နေတာကို မနှိုးချင်တော့တာနဲ့ ကိုယ့်ဟာကိုယ်ပဲ အရင် စားလိုက်တာ။ အရှင့်သားအတွက် မနက်စာက အဆင်သင့်ဖြစ်နေပြီ။ မနက်စာ စားတဲ့အခါ အရှင့်သားနဲ့အတူ ကျွန်မလည်း အဖော်ပြုပေးမယ်လေ”
ရှဲ့ရွှမ်းချန်က ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီလေ”
သူမ ရှဲ့ရွှမ်းကျီနဲ့ ကျန်းမင်ဝေ့ကို လှမ်းကြည့်လိုက်တယ်။ ဒီနှစ်ယောက်ကို နှင်လွှတ်ဖို့ကလည်း မကောင်းတာနဲ့ လောကဝတ်ရှိတဲ့အတိုင်း မေးလိုက်တယ်။
“ဝမ်ရယ်တို့နှစ်ယောက်လည်း မနက်စာ မစားရသေးဘူးထင်တယ်။ ကျွန်မတို့နဲ့အတူ ဝင် စားသွားပါလား”
ကျန်းမင်ဝေ့ ချက်ချင်းပဲ ငြင်းပစ်လိုက်ချင်တယ်။ လာနောက်နေတာလား? ကျင်းအိမ်တော်မှာ လုပ်စရာတွေ တောင်လိုပုံနေတာကို။ သူမမှာ အားအားယားယား သူတို့နဲ့ မနက်စာ စားနေဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ ရှဲ့ရွှမ်းကျီကတော့ အခုမှ အသိပြန်ဝင်လာပြီး ချက်ချင်းပဲ ခေါင်းညိတ်ရင်း ပြုံးကာ
“မရီးတော်က မေးလာမှတော့ ကျွန်တော်တို့က ဝမ်းသာတာပေါ့”
ကျန်းမင်ဝေ့ လည်ချောင်းနားရောက်နေတဲ့စကားကို မျိုချလိုက်ရတယ်။ သူမ ရှက်ရှက်နဲ့ ရှဲ့ရွှမ်းကျီကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းကျီကတော့ သူမကိစ္စက လွှတ်တော်ကလူတွေ သူ့ကို ဘယ်လိုထင်ကြမလဲထက် ပိုအရေးကြီးတယ်လို့ မမြင်ဘူး။ ဒါကြောင့်မို့ ကျန်းမင်ဝေ့ကို မျက်နှာရိပ်မျက်နှာကဲနဲ့ တစ်ချက် သတိပေးလိုက်တယ်။ နောက်ဆုံးတော့ ကျန်းမင်ဝေ့လည်း အောင့်အည်းသည်းခံပြီး သူတို့နဲ့အတူ ထမင်းစားခန်းထဲ လိုက်သွားရတော့တယ်။
ခဏကြာတဲ့နောက် အစေခံတွေက ထမင်းစားပွဲမှာ ထိုင်ခုံနှစ်လုံး ထပ်တိုးပေးလာတယ်။ ရှန့်နန်ချွမ်က အစေခံတွေကို ဦးဆောင်ပြီး စားပွဲပေါ် ဟင်းပွဲတွေ ချပေးနေတယ်။ မုမင်ထန် ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး လက်နဲ့ အပူချိန်ကို စမ်းပြီးမှ ရှဲ့ရွှမ်းချန်ဆီ ကမ်းပေးလိုက်တယ်။
မသိရင် နိစ္စဓူဝ လုပ်နေကြလိုမျိုး ဘေးလူတွေရဲ့အကြည့်ကို ရှိန်နေတဲ့ပုံစံ လုံးဝမရှိဘူး။ သူတို့နှစ်ယောက်ကို ကြည့်ရင်း ရှဲ့ရွှမ်းကျီ အံ့အားသင့်နေမိတယ်။
ရှဲ့ရွှမ်းကျီရဲ့အမြင်ထဲ မုမင်ထန်က ရုပ်သေးရုပ်လိုပဲ ပျင်းရိငြီးငွေ့စရာကောင်းတယ်။ သူတို့နှစ်ယောက် စေ့စပ်ဖြစ်တုန်းက လူကြီးတွေရဲ့ မျက်စိအောက်မှာ တစ်ခါနှစ်ခါ ဆုံဖြစ်ကြသေးတယ်။ ဒါပေမဲ့ သူမက အမြဲတမ်း ခေါင်းငုံ့ထားပြီး စိုးရွံ့နေတဲ့ မျက်နှာထားနဲ့ သူတို့ကြား ဆက်ဆံရေးကို ရှေ့ဆက်တိုးဖို့ မကြိုးစားရဲသလို စကားလည်း မပြောရဲဘူး၊ မသိရင် မျှော်စင်မြင့်ကြီးထဲ တစ်သက်လုံး ပိတ်ခံထားရပြီး ယောက်ျားသားဆိုတာကို တစ်သက်လုံး မမြင်ဖူးတဲ့သူကျနေတာပဲ။
သူမပုံစံက သိမ်မွေ့ကျိုးနွံပေမဲ့ ချစ်စရာမကောင်းဘူး။
မုမင်ထန်သာ ရုတ်တရက်ကြီး မပြောင်းလဲသွားခဲ့ဘူးဆို သူမကို ကိုယ်ပိုင်ဆန္ဒမရှိတဲ့ ရုပ်သေးရုပ်လို့ပဲ သူ ထင်ခဲ့မိမှာ။ အဲ့ဒီနေ့ စာကြည့်ခန်းထဲ သူမ သူ့ကို ပြက်ရယ်ပြုခဲ့တယ်။ နောက်ပိုင်း ချီယန်အိမ်တော်မှာ အိမ်ထောင်ကျသွားတော့လည်း သူ့ကို ပြက်ရယ်ပြုနေတုန်းပဲ။ သူမ အဲ့လောက်အကြာကြီး ဟန်ဆောင်ထားနိုင်တာကို သူ တကယ် အံ့ဩမိတယ်။ နောက်ပြီး သူမရဲ့ ရိုင်းရိုင်းစိုင်းစိုင်း လုပ်တတ်ပုံကိုဆို ပြောမနေနဲ့တော့။
အစပိုင်းတုန်းကတော့ သူမ စိတ်မပါတပါနဲ့ဆိုပေမဲ့ နည်းနည်းတော့ ရည်ရည်မွန်မွန် ရှိသေးတယ်။ အခုကျ တကယ့်ကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းပဲ၊ အထက်တန်းလွှာအမျိုးသမီးတွေရဲ့ သိမ်မွေ့နူးညံ့တဲ့အငွေ့အသက်မျိုး လုံးဝ မရှိတော့ဘူး။ အစကတော့ မုမင်ထန်က လူကြားထဲ အရှက်ရစေမယ့် တောကလာတဲ့ အရိုင်းအစိုင်းမလေးလို့ပဲ သူ တွေးခဲ့တာ။
ဒါပေမဲ့ ရှဲ့ရွှမ်းချန်နဲ့ကျတော့ သူမက လုံးဝ အသေးစိတ်ကအစ ဂရုစိုက်ပေးပြီး ရေနွေး ပူ မပူကအစ သူမ လိုက်လုပ်ပေးတယ်။ အစောနက သူ နိုးလာပြီ ကြားတော့လည်း သူမက ချက်ချင်းကို ပြေးဝင်သွားတယ်။ မသိရင် သူမရဲ့စိတ်အာရုံတစ်ခုလုံးက ရှဲ့ရွှမ်းချန်အတွက်ပဲ ဖြစ်တည်နေသလိုမျိုးပဲ။
မုမင်ထန်ရဲ့ ခင်ပွန်းလောင်း ဖြစ်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ကော ယောက်ျားတစ်ယောက်အနေနဲ့ပါ သူ့စိတ်ထဲ ခံစားချက်မကောင်းဘူး ဖြစ်နေတယ်။ ဘာလို့ သူမက သူ့ကိုကျ အေးစက်စက် ဆက်ဆံပြီး ရှဲ့ရွှမ်းချန်ကိုကျ အဲ့လောက် ဂရုစိုက်နေရတာလဲ။ ဒါပေါ့ သူမကို သူ သဘောမကျပါဘူး၊ ဒါပေမဲ့ ပိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ ယောက်ျားလေးတို့ရဲ့ သဘာဝက ရုတ်တရက် ပေါ်လာတယ်။ သူမအပေါ် ဘာခံစားချက်မှ မရှိပါဘူး၊ ဒါပေမဲ့ သူ့ကိုကျ အေးစက်စက် ဆက်ဆံပြီး ရှဲ့ရွှမ်းချန်ကိုကျ ကြင်ကြင်နာနာနဲ့ အစစအရာရာ တွေးပေးတာကို မြင်ရတော့ သူ့စိတ်ထဲ ဘယ်လိုမှ မကျေနပ်တော့ဘူး။
အထူးသဖြင့် အဲ့ဒီလူက သူ့အစ်ကို ဖြစ်နေချိန်မှာပေါ့။
____________________________________________________________________________________________