စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 68
Translator – Utopia
ဝိုးတဝါးပုံရိပ်လေးတစ်ခုက သူ့ဆီကို ချဉ်းကပ်လာနေတာကို ရှဲ့ရွှမ်းချန် မြင်လိုက်ရတယ်။ သူ့ကိုယ်ထဲက သတ်ဖြတ်ချင်စိတ်က ပြောနေတယ်၊ 'သတ်လိုက် ဘယ်သူ့ကိုမှ အနားကပ်မလာစေနဲ့' ။ ဒါပေမဲ့ နောက်ထပ်အသံတစ်ခုက သူ့ကို သတိပေးနေပြန်တယ်၊ 'သူမက တခြားသူတွေနဲ့ မတူဘူး၊ သူ သူမကို မသတ်သင့်ဘူး' ။
ဆန့်ကျင်ဘက် အသံနှစ်ခုက သူ့ခေါင်းထဲ အပြိုင် ပြောနေကြပြီး အရှေ့အနောက် လှည့်ကာ သူ့ခေါင်းကို မခံမရပ်နိုင်အောင် ကိုက်ခဲလာစေတယ်။ ရှဲ့ရွှမ်းချန် ဆက်တောင့်ခံမထားနိုင်တော့ဘဲ ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်တယ်။ အဲ့အချိန်မှာ ချီယန်ဝမ်ဖေးတော့ သေတော့မှာပဲလို့ အားလုံး တွေးလိုက်ပေမဲ့ ခဏကြာတော့ သူမက အန္တရာယ်ကင်းကင်းနဲ့ ရှိနေတုန်းပဲ။ ရှဲ့ရွှမ်းချန် လက်ဆန့်ထုတ်ပြီး နဖူးကို ဒုန်းကနဲ ထုလိုက်တယ်။ ကြည့်ရတာ သူ့ပုံစံက ဝေဒနာ အပြင်းအထန် ခံစားနေရပုံပဲ။
မုမင်ထန် နောက်ဆုံးတော့ သူ့အနားရောက်လာတယ်။ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေတာကိုလည်း ဂရုမစိုက်အားတော့ဘဲ သူ့လက်ကို ရင်ခွင်ထဲ ပွေ့ဖက်ကာ သူ့ကို ထပ်မလုပ်တော့အောင် တားလိုက်တယ်။
"အရှင့်သား ကျွန်မ ပြန်ရောက်ပြီ။ အထဲဝင်ပြီး ခဏပြန်အိပ်ကြရအောင်လား။ အရှင့်သား အဆင်ပြေသွားမှာပါ၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ဆက်မလုပ်ပါနဲ့တော့"
ဒီမြင်ကွင်းကို ကြည့်ပြီး ရှဲ့ရွှမ်းကျီ အံ့အားသင့်သွားတယ်။ အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်ကို သွားမထိသင့်ဘူးလို့ မုမင်ထန်ကို သတိ လှမ်းပေးလိုက်ချင်တယ်။ မုမင်ထန် အဲ့လောက်တောင် သေချင်နေတာလား??
ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ ဘာမှထုတ်မပြောခဲ့ချေ။ ကျန်တဲ့သူတွေအားလုံးလည်း အဲ့အတိုင်းပဲ နှုတ်ဆိတ်နေကြတယ်။ ခြံဝန်းတစ်ခုလုံး သံချပ်ကာတွေနဲ့ ပြည့်နှက်နေတယ်။ ဒီအခိုက်အတန့်မှာ သူတို့အားလုံး ကြောက်မက်ဖွယ် ကျားတစ်ကောင်ရှေ့က အားနွဲ့တဲ့ ချီယန်ဝမ်ဖေးကို တိတ်တိတ်လေး ကြည့်နေကြတယ်။ သူမရဲ့ ယုန်သူငယ်လို ခွန်အားလေးနဲ့ ကျားတစ်ကောင်ကို သူ့ကိုယ်သူ နာကျင်အောင် မလုပ်ဖို့တောင် သူမက တားနေလိုက်သေးတယ်။ ရှဲ့ရွှမ်းချန် တစ်စွန်းတစ်စကျန်သေးတဲ့ အသိစိတ်နဲ့ သူမကို ပြန်တွန်းထုတ်လိုက်ရင်း
"ကိုယ် ဘာမှမဖြစ်ဘူး။ မင်း ကိုယ်နဲ့ ဝေးဝေးနေ"
ရှဲ့ရွှမ်းချန်က သူမကို တွန်းထုတ်လိုက်ပေမဲ့ မုမင်ထန်ကတော့ ခွာထုတ်မရတဲ့ ကပ်စေးနှဲမုန့်လိုပဲ သူ့ဘေး ပြန်ရောက်လာပြန်တယ်။
"အရှင့်သား နေရသက်သာလာပြီဆို ကျွန်မ အခန်းထဲ လိုက်ပို့ပေးမယ်လေ။ ကျွန်မ တော်ဝင်သမားတော်ကို ခေါ်ပေးမယ်။ သူတို့ အရှင့်သားကို သေချာပေါက် ကုသပေးကြမှာပါ"
ရှဲ့ရွှမ်းချန် သူမကို အကြိမ်ကြိမ် တွန်းထုတ်ပေမဲ့ သူမကတော့ ပြန်ရောက်ရောက်လာနေတုန်းပဲ။ အစောနကတင်တောင် စစ်သားရင့်မာကြီးတွေကို တစ်ချက်တည်းနဲ့ သူ လွင့်ထွက်သွားအောင် လုပ်နိုင်ပေမဲ့ မုမင်ထန်ကိုတော့ သူ မလုပ်နိုင်ဘူးဖြစ်နေတယ်။ သူ့စိတ်ထဲက သတ်ဖြတ်လိုစိတ်ကို မနည်း ထိန်းချုပ်ထားရတာမို့ အခုအချိန်မှာ သူ့သွေးကြောတွေတောင် ပေါက်ထွက်လာတော့မတတ် ခံစားနေရတယ်။
"ထွက်သွားစမ်း!"
"ကျွန်မက ဒီမှာ နေတာ၊ ဘယ်ကို သွားရမှာလဲ။ အရှင့်သား လာပါ အိမ်ပြန်ကြရအောင်"
ဘယ်စကားလုံးက သူ့ကို အရှိုက်ထိသွားစေတာလည်း မသိပေမဲ့ သူ မုမင်ထန်ကို တွန်းမထုတ်တော့ချေ။ မုမင်ထန် သူ့ကို ကူပေးပြီး နှစ်လှမ်းလောက် လျှောက်ပြီးတဲ့နောက် ရုတ်တရက် ရှဲ့ရွှမ်းချန် အားပြတ်ပြီး မေ့လဲသွားတော့တယ်။
"အရှင့်သား! အရှင့်သား!"
...............................
ချွေ့ကုံးခန်းမဆောင်မှာ ရှဲ့ရွေ့ ရုတ်တရက် လျှောက်တင်လွှာကို ပစ်ပေါက်လိုက်တယ်။ လျှောက်တင်လွှာက ပလ္လင်ထက်နေ မြေကြီးကို လိမ့်ကျသွားပြီး စုတ်တံနဲ့ မှင်ခွက်ပါ ပြုတ်ကျကုန်တယ်။ အားလုံးလည်း ခေါင်းငုံ့ထားကြပြီး ဘယ်သူမှ ဧကရာဇ်ကို မော်မကြည့်ရဲကြဘူး။
ရှဲ့ရွေ့ ဒေါသအလိပ်လိပ်ထွက်နေပြီး တစ်ခုပြီး တစ်ခုပစ်ပေါက်နေတယ်။ အမတ်တွေရှေ့ လမ်းလျှောက်ကာ တစ်ယောက်ချင်းစီ လက်ညှိုးထိုးရင်း
"မင်းတို့အားလုံးကို သူ့ကို သေချာစောင့်ကြည့်ထားပါလို့ ငါကိုယ်တော် အမိန့်ပေးထားတယ်၊ ဒါပေမဲ့ မင်းတို့ လုပ်ပုံကို အခုကြည့်စမ်း။ သူ မေ့မြောနေရာကနေ နိုးမလာနိုင်ပါဘူးလို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့ကြတာ၊ အခု သူက နိုးလာရုံတင်မကဘူး သံလက်ထိတ်တွေကိုပါ ဖြုတ်ပြီး အိမ်တော်အပြင်ဘက် ထွက်လာတာတောင် မင်းတို့ နကန်းတစ်လုံးမှ မသိကြဘူး!"
ဘယ်သူမှ ပြန်မလျှောက်တင်ရဲဘဲ ဧကရာဇ်ကို ဒေါသထွက်ခွင့်သာ ပြုထားရတယ်။ တော်ဝင်သမားတော်တွေကစလို့ တော်ဝင်တရားသူကြီးတွေသာမက ရှဲ့ရွှမ်းကျီအထိ ဧကရာဇ်က တစ်ယောက်ချင်းစီကို ပစ်ပစ်နှစ်နှစ် ကြိမ်းမောင်းနေတယ်။ ရှဲ့ရွေ့ ဒေါသထွက်ရလွန်းလို့ ခေါင်းထဲတောင် နောက်တောက်တောက် ဖြစ်လာတယ်။
"မင်းတို့က သိပ်ကောင်းတယ်၊ ငါကိုယ်တော်ရဲ့ သစ္စာရှိမှူးမတ်တွေ နဲ့ သားတော်ပီသပါပေတယ်! ကျင်းဝမ် သူ ဘယ်တုန်းက နိုးလာတာလဲ လျှောက်တင်ချေ"
ရှဲ့ရွှမ်းကျီ ခံပြင်းမိတယ်။ သူ တကယ်ကို မသိတာ။ ရှဲ့ရွှမ်းချန် ဘယ်တုန်းက နိုးလာတာလဲ သူလည်း သိချင်တယ်။
သူ့စိတ်ထဲတော့ အဆိုးဆုံးမှန်းဆချက်တစ်ခုရှိနေတယ်။ အဲ့ဒီနေ့ သူ မုမင်ထန်ကို ယွီလင်ခန်းမဆောင်မှာ သွားတွေ့တဲ့နေ့ ရှဲ့ရွှမ်းချန် နိုးလာပြီး သွေးအန်ခဲ့တယ်။ အဲ့အချိန်က သူ မေ့မြောနေရာကနေ နိုးလာတဲ့အချိန်ပဲ။ အဲ့ဒီနောက် ရှဲ့ရွှမ်းချန်က အားပြတ်ပြီး မေ့လဲသွားတဲ့ပုံ ဟန်ဆောင်ခဲ့တာပဲ။ တကယ်တမ်းက သူ ပြန်မေ့မြောသွားတာ မဟုတ်ဘူး။
သူ့လူယုံက စစ်သားတွေက ထင်မထားလောက်အောင် လှည့်ဖြားတတ်တယ်လို့ ရှဲ့ရွှမ်းကျီကို ပြောခဲ့ပေမဲ့ သူလည်း သတိထားခဲ့ပေမဲ့ ထောင်ချောက်မိသွားတုန်းပဲ။ ဒီ့မတိုင်ခင်ကတည်းက ရှဲ့ရွှမ်းချန်က နိုးနေတာပါလို့ ဧကရာဇ်ကိုလည်း သူ သွားမလျှောက်တင်ရဲဘူး။ အခုလောက်ဆို ဧကရာဇ်ကလည်း အကြမ်းဖျင်းတော့ ဒီကိစ္စကို သိနေပြီးသား ဖြစ်လောက်ပြီ၊ သူကိုယ်တိုင်လည်း အစဖော်ပြီး ပြန်မပြောချင်တော့ဘူး။ သူသာ ပြောလိုက်ရင် အဲ့ကိစ္စသေးသေးလေးက မရီးတော်နဲ့သူ့ကြား ယုံမှားဖြစ်စရာကိစ္စတစ်ခုခု ရှိနေတယ်လို့ အထင်မှားခံရနိုင်တယ်။ ဒါပေမဲ့လည်း အခုလို ထိမ်ချန်ပြီး သတင်းမပို့ခဲ့တာနဲ့တင် ဧကရာဇ်က သူ့ကို လိမ်ညာမှုနဲ့ အပြစ်ပေးလို့ ရနေပြီ။
____________________________________________________________________________________________