Chapter –28
December 7, 2023
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 28
Translator – Utopia
အစေခံတွေ မုမင်ထန်ဆီ သွားမတွေ့ဘဲ ရှောင်နေတာ အချိန်တစ်ခုရှိနေပြီဖြစ်တယ်။ ဒါကြောင့်မို့ နောက်ဆုံးတော့ အစေခံမလေးနှစ်ယောက်လည်း လက်ချင်းချိတ်ပြီး အချင်းချင်း အားပေးရင်း စံအိမ်တော်က တံခါးကို ခေါက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း တံခါးရှေ့ရောက်တဲ့အခါ ခြေထောက်တွေက ယိုင်နဲ့လာပြီး ခေါင်းတွေပါ အစာအိမ်ထဲ ရောက်ကုန်သလိုပဲ၊ ဘယ်လိုမှ တံခါးသွားမခေါက်ရဲဘူး။ သူတို့ အထဲက သားရဲကောင်ကြီးကို သွားနှိုးလိုက်သလို ဖြစ်သွားမလား? သူတို့နှစ်ယောက် မုမင်ထန်ရဲ့နာမည်ကိုသာ ခပ်တိုးတိုး ခေါ်လိုက်ကြတယ်။ ကံကောင်းစွာနဲ့ပဲ သူမကလည်း ပြန်ဖြေလာတယ်။
သူမ အခုထိ အသက်ရှင်နေသေးတာကို သူတို့ မအံ့ဩတော့ပါဘူး။ တိတ်တိတ်လေး စူးစမ်းကြည့်လိုက်တော့ မုမင်ထန်ရဲ့ပါးလေးတွေက နီမြန်းနေဆဲဖြစ်ပြီး မျက်ဝန်းတွေကလည်း တောက်ပနေတယ်။ သူမကြည့်ရတာ အားအင်အပြည့်ပဲ။ တစ်ညလုံး နှိပ်စက်ခံထားရတဲ့ပုံနဲ့တော့ မတူဘူး။
သူမ ချီယန်ဝမ်ရဲ့ဘေးမှာ အိပ်ခဲ့တယ်။ သူမ မကြောက်ဘူးလား မသိဘူး??
အစေခံတွေလည်း စိတ်ပျက်ရမလား တော်သေးတယ်လို့ ပြောရမလားတောင် မသိတော့ဘူး။ အစေခံတွေ အခန်းထဲကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာ တွေ့တော့ မုမင်ထန် ရယ်လိုက်ရင်း
“အထဲဝင်လာပြီးပဲ ကြည့်လိုက်ပါလား”
သူတို့ဘယ်လိုလုပ် ဝင်ရဲမှာတဲ့လဲ။ မုမင်ထန် လမ်းဖယ်ပေးလိုက်တယ်ဆိုရင်ပဲ အစေခံနှစ်ယောက်လည်း အခန်းထဲကနေ ကျားခုန်အုပ်တော့မလိုမျိုး အမြန်ပဲ နောက်ဆုတ်သွားကြတော့တယ်။ အစေခံတစ်ယောက်ဆို ဘယ်လောက်ကြောက်သွားလဲဆိုရင် ကိုယ့်စကတ်စကိုယ်တောင် တက်နင်းမိပြီး ဗိုင်းကနဲ ချော်လဲပါလေရော။
ကြည့်ရတာ အိမ်တော်တစ်ခုလုံးရဲ့ကိစ္စအဝဝက သူမပဲ လုပ်ရတော့မယ်နဲ့တူပါတယ်။ မုမင်ထန်နောက်က အစေခံနှစ်ယောက်လည်း တုန်တုန်ယင်ယင်နဲ့ သတိကြီးကြီးထားနေကြတယ်။ ထို့နောက် အမြန်ပဲ ပြန်ထွက်သွားကြတော့တယ်။ မုမင်ထန်ကတော့ ခပ်ပြုံးပြုံးနဲ့ လှမ်းတောင် အော်ပြောလိုက်သေး။
သူတို့ ပြန်တောင် လှည့်မကြည့်နိုင်တော့ဘူး။ သူမနှုတ်ခမ်းက တွန့်ချိုးသွားတယ်။
“သူရဲဘောကြောင်တဲ့ဟာတွေ”
သူမ တံခါးပိတ်မလို့ လုပ်လိုက်ချိန်မှာပဲ ၁၂ ယောက်တစ်တန်းနဲ့ စစ်သား ၂၄ ယောက်က စားစရာပို့ဖို့ ရောက်လာတယ်။ သူမ အသက်ရှင်နေသေးတာမြင်တော့ သူတို့တွေ စိတ်သက်သာရာရသွားတာကို မျက်နှာမှာ မြင်နိုင်တယ်။ စစ်သားတစ်ယောက်က ထမင်းဘူးကို တံခါးရှေ့ ထားပေးရင်း ချက်ချင်းပဲ ပြောလာတယ်။
“အခုဆို ဝမ်ဖေးက အိမ်တော်ရဲ့ သခင်မ ဖြစ်သွားပါပြီ၊ ကျွန်တော်မျိုးတို့ အခန်းထဲဝင်ဖို့ မသင့်တော်တော့ပါဘူး။ အခုအချိန်ကစပြီး ဝမ်ရယ့်ကို ပြုစုပြီး စားရေးသောက်ရေး သန့်ရှင်းရေးကိစ္စအဝဝကို ဝမ်ဖေးကိုပဲ လွှဲပေးလိုက်ပါတယ်”
ပြောပြီးသွားတာနဲ့ စစ်သားတစ်စုလည်း သူမကို ပြန်ပြောချိန်တောင် မပေးဘဲ အမြန်ပဲ လှည့်ထွက်သွားကြတော့တယ်။ သူတို့ သုတ်သီးသုတ်ပျာ ထွက်သွားကြပုံက ရောက်ပြန်ဆိုတဲ့အတိုင်းပဲ။
မုမင်ထန် သက်ပြင်းချလိုက်တယ်။ ထမင်းဘူးထဲ ဘာတွေများ ပြင်ဆင်ပေးထားလဲ သူမ သိချင်လာတယ်။ အခုအချိန်ကစပြီး သူမက ရှဲ့ရွှမ်းချန်နဲ့ အတူစားရတော့မယ်ဆိုမှတော့ သူမ ကြိုက်တာလေးတွေလည်း ချက်ခိုင်းရမယ်။
မုမင်ထန် သက်ပြင်းချရင်း နေ့လယ်စာဘူးကို အခန်းထဲ သယ်သွားလိုက်တယ်။ ချီယန်အိမ်တော်ကို သူမ ရောက်လာတာက ဒီကလူတွေရဲ့စိတ်အခြေအနေကို အများကြီး တောက်ပလာအောင် လုပ်ပေးလိုက်နိုင်တယ်ဆိုတာ သူမ ပြောနိုင်တယ်။ အနည်းဆုံးတော့ စားစရာပို့ရတဲ့ စစ်သားတွေက သူတို့ရဲ့ရန်သူဆီ အတင်းအကြပ် စေခိုင်းခံရတဲ့ပုံ မပေါ်တော့ဘူး။
သူတို့ ရှဲ့ရွှမ်းချန်ကို အဲ့လောက်တောင် ကြောက်ကြတာလား??
ရှဲ့ရွှမ်းချန်ရဲ့မျက်နှာကို ပြန်ကြည့်လိုက်တော့လည်း သူတို့ ဘာလို့အဲ့လောက် ကြောက်နေကြတာလဲ သူမ နားမလည်တော့ဘူး။
“သူက ဒီအတိုင်း ချောမောတဲ့ ကောင်ချောလေးမှန်း သိသာနေတဲ့ဟာ ဘာတွေအဲ့လောက် ကြေက်နေကြတာလဲ?”
သူမ ခေါင်းခါရင်း ရေရွတ်လိုက်တယ်။ မုမင်ထန် ဆန်ပြုတ်တစ်ဇွန်း ခပ်လိုက်ပြီး ညင်ညင်သာသာ မှုတ်လိုက်တယ်။ ချန်လျှို့မှာ အဖွားကျိုး နေမကောင်းဖြစ်တုန်းက ဘာအဖတ်မှ မစားနိုင်တာကြောင့် အစာပျော့ပျော့ပဲ နေ့တိုင်း စားခဲ့ရတယ်။ အဖွားကျိုး ပိုစားဝင်အောင်လို့ မုမင်ထန်လည်း ဟင်းချက်နည်းတွေကို ပြောင်းချက်ရင်း ဆန်ပြုတ်ပြုတ်နည်းမျိုးစုံကို သင်ခဲ့တယ်။
ရှဲ့ရွှမ်းချန်ဖို့ ဆန်ပြုတ်ကို မှုတ်ပေးရင်း သူမ မျက်ရည်တွေ ဝဲတက်လာတယ်။ မုမင်ထန် သေချာ အနံ့ ထပ်ခံကြည့်လိုက်ပြီး အရင် စားကြည့်လိုက်တယ်။
သေချာတာပေါ့ အထဲမှာ ဆေးတစ်မျိုး ပါနေတယ်။
သူမ ဒီဟာကို ရှဲ့ရွှမ်းချန်ကို မကျွေးရဲဘူး။ သူမ ထလာပြီး ဆန်ပြုတ်ကို အပြင်ကို ယူသွားတော့ စစ်သားတွေရဲ့ ခေါင်းဆောင်ဆိုသူက ချက်ချင်းပဲတားလာတယ်။ သူမကိုတောင် မော့မကြည့်ဘဲ အေးစက်စက်နဲ့
“ဝမ်ဖေး အထဲမှာပဲနေပြီး ဝမ်ရယ့်ကို ပြုစုစောင့်ရှောက်ရမယ်လို့ အရှင်မင်းကြီးက အမိန့်ပေးထားပါတယ်။ ကျန်တဲ့ကိစ္စအဝဝကို ကျွန်တော်မျိုးတို့ပဲ ဆောင်ရွက်ပေးပါမယ်”
ဒီလိုဖြစ်မယ် သူမ မမျှော်လင့်ထားဘူး၊ သူမကလည်း ပြန်ဆုတ်သွားဖို့ အစီအစဥ် မရှိချေ။ ဆန်ပြုတ်ပန်းကန်ကို မြှောက်ပြရင်း
“ဒီအထဲမှာ ဘာလို့ ထူးဆန်းတဲ့အနံ့တစ်မျိုးက ပါနေရတာလဲ။ ဝမ်ရယ်က အပြင်းအထန် နေမကောင်းဖြစ်နေတာ၊ ဒါ နင်တို့တွေ သူ့ကို ဆက်ဆံတဲ့ပုံလား!?”
အရှင်မင်းကြီးတောင် မလူးသာမလွန့်သာရှိတဲ့ ဒီစွပ်စွဲချက်ကို တပ်စုခေါင်းဆောင်လောက်က ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ။ သူ အမြန်ပဲ အနောက်ကို ဆုတ်သွားပြီး
“ဒီငယ်သား မလုပ်ဝံ့ပါဘူး။ ဝမ်ဖေးကတော့ မသိလောက်ပေမဲ့ အတိတ်တုန်းက ဝမ်ရယ်က ဘယ်ဆေးကိုမှ အတိုက်မခံဘူး။ ဒီလိုနဲ့ တော်ဝင်သမားတော်လည်း ကြံရာမရတဲ့အဆုံး ဆေးကို ဆန်ပြုတ်ထဲ ထည့်ပြီး ကျွေးဖို့ပဲ လုပ်ခဲ့လိုက်ရတယ်။ ဝမ်ရယ် တစ်ရက်မပျက် ဆေးကို သောက်ဖို့ လိုပါတယ်”
“အို” မုမင်ထန် ဆန်ပြုတ်ပန်းကန် ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ပြန်မေးလာတယ်။ “တကယ်လို့ သူ မသောက်ခဲ့ရင်ကော?”
________________________________________________________________________