Chapter 51

2.1K 203 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 51
Translator – Utopia

"ပြန်လည်ထိမ်းမြားခြင်း"
"မင်း ထွက်သွားတာ မဟုတ်ဘူးလား"

ရှဲ့ရွှမ်းချန် သတိရလာကတည်းက မုမင်ထန်အတွက် စိတ်အဖိစီးရဆုံးအချိန်က နေ့လယ်စာဘူးသွားယူပြီး ပြန်ပို့ရတဲ့အချိန်ပဲ။ တော်သေးတယ် အိမ်တော်မှာက ကျင့်ဝတ်တွေကို အလေးပေးကြတာမို့ အိမ်တော်သခင်တွေကို တစ်နေ့ ထမင်းသုံးနပ် မှန်မှန် ပြင်ဆင်ပေးကြတယ်။ မုမင်ထန်လည်း သူမကိုယ်သူမ အစားကြီးသူဟန် မကြာခဏ ဟန်ဆောင်ရတော့တယ်။

ကျန်းမင်ထန်က အိမ်တော်ကို ရောက်လာကတည်းက အစားအသောက်သိပ်ရွေးလွန်းတယ်၊ ကိုယ့်နေရာကိုယ် မသိဘူး၊ အမိန့်တွေကလည်း ပေးလွန်းတယ်၊ ဒီအချက်တွေကို စားဖိုဆောင်က အစောင့်တွေကော စားတော်ကဲတွေကော အားလုံးက မုမင်ထန်ရဲ့ ကရိကထများတဲ့ စားသောက်ပုံကို အရည်ထူသွားကြပြီဖြစ်တယ်။ ဆိုတော့ကာ သူမ ထွေလီကာလီတွေ ချက်ခိုင်းလာလည်း အံ့ဩမနေတော့ဘဲ သူမ မှာတဲ့အတိုင်း နေ့တိုင်း မတူတဲ့ဟင်းအမယ်စုံကို ချက်ပေးကြတယ်။ သူမရဲ့ စားစရာတွေကလည်း အရသာရှိတဲ့စားစရာတွေကနေ အာဟာရရှိတဲ့စားစရာတွေဆီ ပြောင်းလဲလာတယ်။

ဝမ်ဖေးက ပြဿနာမရှာတဲ့နေ့ တစ်ရက်မှ မရှိဘူး။ သူမ ငြိမ်နေပြီဆိုရင် ဘာတွေများကြံနေတာလဲဆိုပြီး အိမ်တော်က ရှိတဲ့သူမှန်သမျှ လန့်နေကြရပြီ။

ညရောက်တဲ့အခါ မုမင်ထန် ထမင်းဘူး အခန်းထဲ ယူလာတော့ ရှဲ့ရွှမ်းချန်က အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။ အခုအချိန်မှာ သူ တစ်ရက်ကို ၂နာရီလောက်ပဲ နိုးသေးတယ်။ အကြာကြီးမဟုတ်ပေမဲ့လို့ပေါ့။ ဒါပေမဲ့ အာဟာရဖြစ်တာတွေကို စားလာရတာကြောင့် နိုးလာတိုင်း အရင်ကထက်ပိုပြီး အားအင်ပြည့်ဝနေတယ်။ အနည်းဆုံးတော့ ခဏထိုင်ပြီးတာနဲ့ မောပန်းပြီး မေ့လဲသွားတာမျိုး မဖြစ်တော့ဘူး။

အခုဆို သူ့ဟာသူတောင် အိပ်ရာပေါ် ထိုင်နိုင်နေပြီ။ ဒါပေမဲ့ လမ်းလျှောက်ဖို့တော့ အကူအညီလိုနေတုန်းပဲ။ နောက်ပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးတာနဲ့ ခဏ ပြန်နားရပြန်တယ်။ မုမင်ထန်က သူ့အပေါ်ကိုဆို စိတ်ရှည်ပြီး ဘယ်တုန်းကမှ အတင်းအကြပ် မလုပ်ချေ။

ဒါပေမဲ့ ဒီနေ့တော့ နေ့လယ်က တစ်ခါနိုးလာပြီးကတည်းက အိပ်ပျော်နေတာ အခုထိပဲ။ မုမင်ထန် အိပ်ရာဘေး ဒူးထောက်ထိုင်လိုက်ရင်း နူးနူးညံ့ညံ့ခေါ်လိုက်တယ်။

"အရှင့်သား ညစာစားဖို့ အချိန်ရောက်ပါပြီ"

သူမ လေးငါးခါ ခေါ်ကြည့်ပေမဲ့ ရှဲ့ရွှမ်းချန်က နိုးမလာခဲ့ဘူး။ သူ အိပ်ချင်နေလို့ ဖြစ်မှာပါလို့ပဲ သူမလည်း တွေးလိုက်တယ်။ ထို့နောက် ထမင်းဘူးကို ထားခဲ့ပြီး အရှေ့ဘက်ခန်းဆောင်ကို မီးထွန်းဖို့ ထွက်သွားတော့တယ်။

ရှဲ့ရွှမ်းချန်က သတိပြန်ရနေပြီမို့ မုမင်ထန် အခန်းတံခါးတွေ အကုန်လုံးကို မဖွင့်ထားရဲတော့ချေ။ အခုအပြင်မှာ အလင်းရောင်တော့ ရှိသေးပေမဲ့ အခန်းထဲမှာ မှောင်စပြုလာပြီ ဖြစ်တယ်။ အရှေ့ဘက်ခန်းဆောင်တွေကစပြီး ယွီလင်းခန်းမဆောင်အထိ မီးအိမ်တွေကို တစ်ခုချင်း လိုက်ထွန်းနေတယ်။

ရှဲ့ရွှမ်းချန် နိုးလာတဲ့အခါ မြင်နေကြ သူမရဲ့ပုံရိပ်ကို မတွေ့ရတော့ စိတ်ထဲ တစ်မျိုးခံစားလိုက်ရတယ်။ သူ အိပ်ရာပေါ်က ဖြေးဖြေးချင်း ထထိုင်လိုက်တယ်။ အိပ်ခန်းဆောင်တစ်ခုလုံးက လစ်ဟာနေသလိုပဲ။

ရှဲ့ရွှမ်းချန်ရဲ့ နှလုံးသားက အေးစက်သွားတယ်။

သူမ ထွက်သွားပြီလား?

ရုတ်တရက် သူ့ရင်ထဲက လစ်ဟာသွားတဲ့ခံစားချက်ကို သူ ကိုယ်တိုင်လည်း နားမလည်ဘူးဖြစ်နေတယ်။ သူမ တစ်နေ့ကျ ထွက်သွားမှာကို သူ မသိတာလည်း မဟုတ်ဘူး။ သူ သတိပြန်ရတဲ့အချိန်ကတည်းက မုမင်ထန် သူနဲ့ တစ်အိပ်ရာထဲ မအိပ်တာကို သတိထားမိတယ်။ ရှဲ့ရွှမ်းချန် ဒီအတွက် ဘာမှမခံစားခဲ့ရဘူး၊ တစ်ယောက်နဲ့တစ်ယောက် ထဲထဲဝင်ဝင် မပတ်သက်ကြတာကလည်း တစ်မျိုး ပိုကောင်းပါတယ်လေလို့တောင် သူ တွေးခဲ့သေးတာ။

သူတို့နှစ်ယောက်က တရားဝင် ခင်ပွန်းနဲ့ဇနီးဆိုပေမဲ့ တကယ်တမ်းကျ အတူမနေကြရသေးဘူး။ မိဘတွေ နာမကျန်းဖြစ်တဲ့အခါ သားသမီးတွေတောင် စွန့်ခွာသွားတတ်သေးတာ သူစိမ်းတစ်ယောက်အတွက်ဆို ပြောမနေနဲ့တော့။ အစကတည်းက မုမင်ထန်က သူ့ဘေး နေပေးမှာပဲလို့ ရှဲ့ရွှမ်းချန် မျှော်လင့်ချက် မထားခဲ့ဘူး။

ဒီရက်တွေမှာ သူမက သူ့ကို အဖော်ပြုပေးပြီး လက်ထိတ်တွေကိုလည်း ကူဖြုတ်ပေးခဲ့တယ်။ သူမက သူ့အတွက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီပဲဟာ။ အခု သူမ တိတ်တိတ်လေး ထွက်သွားပြီဆိုတော့ သူနဲ့အတူ တစ်သက်လုံး ဒုက္ခခံစရာမလိုတော့ဘူးပေါ့။ ပြောရရင် ဒါက သူမအတွက် သူ နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာလို့တောင် ပြောလို့ရတယ်။

ရှဲ့ရွှမ်းချန် ဦးနှောက်ကတော့ ဒါကို ကောင်းကောင်း သိပေမဲ့ သူ့နှလုံးသားထဲ လစ်ဟာနေသလို ခံစားနေဆဲဖြစ်တယ်။ အမြဲ ဒီလိုပါပဲ၊ အမြဲ ဒီလိုပဲ အဆုံးသတ်သွားတာပါပဲ။ တစ်လောကလုံးက သူ့ကိုဆို စွန့်ပစ်သွားကြတယ်။ လူတိုင်းက သူ့ကို ဆန့်ကျင်နေပြီး မေးခွန်းတွေ ထုတ်ပြီး သူ့ကိုဆို မျက်စိဒေါက်ထောက် လိုက်ကြည့်နေကြတယ်။

တဖြေးဖြေးနဲ့ သူက လူတစ်ယောက်တောင် မဟုတ်တော့ဘဲ စက်ဆုပ်စရာ သားရဲတိရိစ္ဆာန်တစ်‌ကောင်သာသာပဲ ရှိတော့တယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now