စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law )
Chapter 7
Translator - Utopia
သူမ အခန်းထဲ ဝင်လာကတည်းက စကားတစ်ခွန်းမှ ဝင်မပြောခဲ့တဲ့ ရှဲ့ရွှမ်းကျီက သူ့ယပ်တောင်ကို ခေါက်သိမ်းလိုက်ရင်း ဝင်ပြောလာတယ်။
“ယွဲ့ဖု (ယောက္ခမ-အဖေ) ပြောတာ မှန်တယ်။ ဖုဟွမ် (ခမည်းတော်) နန်းတက်ကတည်းက မနားမနေ တိုင်းပြည်တာဝန်ကို ကြိုးစားထမ်းရွက်ခဲ့ပြီး နတ်ရွာစံဧကရာဇ်ရဲ့ မျှော်လင့်ချက်တွေကို မစွမ်းဆောင်ပေးနိုင်မှာ စိုးတာကြောင့် ကောင်းကောင်းတောင် မအိပ်နိုင်ရှာဘူး။ ဒီနှစ်ပိုင်းတွေမှာ ခမည်းတော်က အောင်အောင်မြင်မြင်နဲ့ လွှတ်တော်နဲ့ ပြည်သူတွေအကြား ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ခဲ့ပြီး ပြည်သူအပေါင်းလည်း အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်နေပြီ။ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ငါတို့တိုင်းပြည်လည်း အခုမှ ပြန်ပြီး ကုစားလာနိုင်ခဲ့တာ။ ခမည်းတော်အတွက် အခုအချိန်မှာ ပူပန်စရာဆိုလို့ ငါ့ရဲ့ဝမ်းကွဲ ချီယန်ဝမ်တစ်ယောက်ပဲ ရှိတော့တယ်။ သူက ငါ့ဦးရီးတော်ရဲ့ တစ်ဦးတည်းသော ကျန်ခဲ့တဲ့ သွေးသားပဲ။ သူက အိမ်ထောင်ပြုသင့်တဲ့အရွယ်ကို ရောက်နေပြီဖြစ်ပေမဲ့ အခုထိ ဝမ်ဖေးလည်း မရှိသေးသလို ကိုယ်လုပ်တော်တောင်မှ မရှိသေးဘူး။ ယွဲ့ဖုက ကျန်းအိမ်တော်ရဲ့ဒုတိယသခင်မလေးဖြစ်တဲ့ မင်းကို ချီယန်ဝမ်နဲ့ ထိမ်းမြားဖို့ အကြံပြုလာတဲ့အခါ ခမည်းတော်လည်း စိတ်အေးသွားရပြီး ထိမ်းမြားဖို့ ခွင့်ပြုပေးခဲ့ပြီးပြီ။ ထိမ်းမြားပြီးတဲ့နောက် မင်း ငါ့ဝမ်းကွဲအစ်ကိုတော်ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်။ တကယ်လို့ မင်းသာ အမွေဆက်ခံသူတစ်ယောက် မွေးဖွားပေးနိုင်ခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပဲပေါ့။
မုမင်ထန် သူ ဝင်လာကတည်းက တစ်ချက်ကလေးမှ မော့မကြည့်ခဲ့ဘူး။ ဒါက ယုံမှားသံသယဝင်ခံရတာကနေ ရှောင်ရှားဖို့ ဖြစ်သလို သူတို့နှစ်ယောက်ကြားထဲ သိသိသာသာ စည်းတစ်ခု ခြားလိုက်တာလည်း ဖြစ်တယ်။ ကျန်းဟုန်ဟောက်က အားတက်သရောနဲ့ ပြောနေပေမဲ့ ကျန်းမင်ဝေ့တစ်ယောက်တည်းကိုသာ သမီးလို့ မှတ်တာဖြစ်တယ်။ နောက်ပြီး ရှဲ့ရွှမ်းကျီကောပဲ။ ကြည့်ပါလား အခုကတည်းကတောင် သူ့ကို ယွဲ့ဖု (ယောက္ခမ-အဖေ) လို့ ခေါ်နေပြီ။
တကယ်လို့ သူမသာ အရင်က စေ့စပ်သူဟောင်းဖြစ်တဲ့ ရှဲ့ရွှမ်းကျီကို သူမဘက်ကနေ လိုက်ပြီး ချီယန်ဝမ်နဲ့ ထိမ်းမြားဖို့ ကိစ္စမှာ ကူပြောပေးဖို့ မျှော်လင့်နေခဲ့ရင် သူမ သေချာပေါက်ကို ကျန်းအိမ်တော်မှာ မျက်စိမွှေးစူးစရာဖြစ်လာပြီး ဆိုးရွားတဲ့အဆုံးသတ်ကို ကြုံတွေ့ရလိမ့်မယ်။
ဒါကြောင့်မို့ သူမ သူ့ကို လျစ်လျူရှုထားလိုက်တယ်။ ဒါပေမဲ့လည်း သူ့စကား ကြားတဲ့အခါ သူမ မော့ကြည့်လိုက်မိတယ်။
တကယ် ရယ်ရတယ်နော်၊ မနေ့တနေ့ကထိတောင် သူက သူမနဲ့စေ့စပ်ကြောင်းလမ်းထားတဲ့သူ ဖြစ်ခဲ့တာကို အခုကျ သူမကို သူ့ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်ပြီး မြန်မြန် ကလေးမွေးတော့ဖို့တောင် တိုက်တွန်းနေလိုက်သေးတယ်။
မုမင်ထန် တွေးမိတယ်၊ သူ့ဆီမှာ သူမအတွက် ဘာခံစားချက်မှ မရှိပေမဲ့ အနည်းဆုံးတော့ ကျန်းမင်ဝေ့အတိုင်းနေပေးပြီး ၃ လကျော် စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်ခဲ့တာလေ။ သူမဘက်က အနည်းငယ် မျက်နှာသာပေးဖို့ မျှော်လင့်မိတာ အဲ့လောက်တောင် လွန်သွားလား? ဘယ်လိုလုပ် သူမကို သေခါနီးလူနဲ့ လက်ထပ်ခိုင်းပြီး အုတ်ဂူထဲ အတူသွားခိုင်းနေတာလဲ။
သူမ အံကြိတ်လိုက်တယ်။ စစ်ဘေးဒုက္ခသည်အနေနဲ့ နေထိုင်ခဲ့ရတဲ့ ခါးသီးတဲ့နှစ်တွေက သူမကို သင်ပေးလိုက်တာ တစ်ခုရှိတယ်၊ အဲ့တာက အရှက်မဲ့တတ်ဖို့ပဲ။ ဂုဏ်သိက္ခာဆိုတာ လူချမ်းသာတွေသာ စံစားခံစားနိုင်တဲ့ စည်းစိမ်တစ်ခုပဲ။ မုမင်ထန် စည်းစိမ်တွေ မလိုချင်ပါဘူး၊ သူမ အေးဆေးတည်ငြိမ်တဲ့ဘဝလေးမှာပဲ အသက်ရှည်ရှည် နေသွားချင်မိရုံလေးပါ။
သူမ စကတ်ကို မ,လိုက်ပြီး ကျန်းဟုန်ဟောက်ရှေ့ ဒူးထောက်လိုက်တယ်။
“အဖေ ဒီနေ့ သမီးမှာ ရှိနေသမျှ အရာအားလုံးက အဖေ့ရဲ့ ကြင်နာမှုနဲ့ ပျူငှာမှုကြောင့်ပါ။ အဖေက သမီးကို တစ်ကြိမ်ကယ်ပေးခဲ့ဖူးတာမို့ ဒီတစ်ကြိမ်မှာလည်း ထပ်ကယ်ပေးဖို့ တောင်းဆိုပါရစေ။ တခြားသူသာဆို သမီး နာနာခံခံနဲ့ လက်ထပ်ထိမ်းမြားယူမှာပါ။ ဒါပေမဲ့ ချီယန်ဝမ်က သာမန်လူမဟုတ်ဘူး။ သူက သွေးဆာနေပြီး သတ်ဖြတ်လိုစိတ် ကြီးမားတယ်။ သူ့ရဲ့ရူးသွပ်မှုမှာ ကိုယ့်ကိုယ်ကိုယ်တောင် ဒုက္ခပေးနိုင်တယ်။ ဘယ်အစေခံမှ သူ့ဘေးနား မခစားရဲကြဘူး .... သေချာလေ့ကျင့်ထားတဲ့ စစ်သားတွေပဲ ခစားရဲတာ။ ဒီလိုသေချာရွေးချယ်ထားတဲ့စစ်သားတွေတောင်မှ သူ့ကို မထိန်းနိုင်တာ ဘယ်လိုလုပ် သမီးလို အားနွဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်က သူ့ကို ရင်ဆိုင်ရမလဲ။ သူ့အနားမရောက်ခင်မှာတင် သမီး သေသွားနိုင်တယ်။ သမီး မသေချင်ဘူး! သမီး အဖေနဲ့အမေတို့ကိုပဲ ပြုစုရင်း နေသွားချင်တယ်! အဖေ ကျေးဇူးပြုပြီး သမီးကို သနားညှာတာပေးပါ!”
အဲ့ဒီ့နောက်မှာ မုမင်ထန် သူမခေါင်းကို ကြမ်းနဲ့ထိအောင်ထိ ဦးညွှတ်ရင်း တောင်းဆိုလိုက်တယ်။ ကျန်းဟုန်ဟောက် ရင်ထဲ လှုပ်ရှားသွားပေမဲ့ ဒီမင်္ဂလာပွဲကနေ သူတို့ရမယ့်အကျိုးအမြတ်တွေကို ပြန်တွက်ကြည့်လိုက်တဲ့အခါ အစောနကခံစားချက်က အေးစက်သွားတဲ့ ရေခဲတုံးလိုပဲ။
ကျန်းဟုန်ဟောက် သူမကို မျက်နှာလွှဲလိုက်ပြီး သက်ပြင်းချကာ
“မုထန် သမီး ကြောက်နေလောက်မယ်မှန်း ငါ သိပါတယ်။ ဒါပေမဲ့ ကောလာဟလတွေကို ယုံကြည်လို့ မရဘူး။ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတဲ့စကားတွေသက်သက်ပဲ။ ချီယန်ဝမ်က သူရဲကောင်းတစ်ယောက်ပဲ။ အခုအချိန်မှာ သူ အသိစိတ်ရှုပ်ထွေးနေပြီး တခြားသူတွေကိုလည်း တိုက်ခိုက်တတ်ပေမဲ့ ကုသမှုအောက်မှာ တဖြေးဖြေးနဲ့ ကောင်းလာနေပါပြီ။ သမီး ဝမ်ဖေးဖြစ်လာတဲ့နောက် သူ့ကို ဂရုစိုက်ပေးမယ်ဆို သေချာပေါက် လူကောင်းလို ပြန်ကျန်းမာလာတော့မှာ။ အရမ်းလည်း မကြောက်ပါနဲ့”
မုမင်ထန် ခေါင်းမော့ပြီး စကားပြောမလို့ ပါးစပ်ဟလိုက်တာ တွေ့တဲ့အခါ
“မင်းမိန့်ဆိုတာ လွန်ဆန်လို့ မရဘူး။ ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ အရှင်မင်းကြီးက ကျန်းအိမ်တော်ဒုတိယသခင်မလေးက ချီယန်ဝမ်ဖေး ဖြစ်ဖို့ ဆန္ဒရှိတယ်ကြားတော့ အထူးတလည် ချီးကျူးသွားခဲ့တယ်။ အခု တော်ဝင်အမိန့်စာလည်း တစ်တိုင်းပြည်လုံးကို ထုတ်ပြန်ပြီးခါမှ နင်က ငြင်းလိုက်မယ်ဆို နင် တစ်ယောက်တည်းတင်မကဘူး ငါတို့ တစ်မိသားစုလုံးပါ အသတ်ခံရလိမ့်မယ်။ နင် တကယ်ပဲ ကိုယ့်ကိုကျွေးတဲ့လက်ကို ပြန်ကိုက်ဖို့ ဆုံးဖြတ်ထားတာလား”
ကျွေးတဲ့လက်ကို ပြန်ကိုက်တယ်တဲ့လား??
အဲ့အချိန်အခိုက်အတန့်မှာပဲ မုမင်ထန်ရဲ့နှလုံးသားက အေးစက်သွားတယ်။ အသက်ရှင်ချင်မိတာ အဲ့လောက်တောင် အပြစ်ကြီးသွားသလား??
နောက်ဆုံးတော့ ကျန်းဟုန်ဟောက် သူမကို ရောင်းစားဖို့ ကြံထားပြီးပြီမှန်း သူမ သဘောပေါက်သွားတယ်။ သူမ ဘယ်လောက်တောင်းပန်ပါစေ သူ့ဘက်က စိတ်ပြောင်းသွားမှာ မဟုတ်ဘူး။
ချီယန်ဝမ်က နတ်ရွာစံဧကရာဇ်ရဲ့သားတော်ဖြစ်ပြီး လက်ရှိဧကရာဇ်ရဲ့ တူတော် ဖြစ်တယ်။ နတ်ရွာစံဧကရာဇ်က သူ့ညီကို ထီးနန်းလွှဲခဲ့ရတာကလည်း သူ့သားအရင်းက စိတ်ဖောက်ပြန်နေတာကြောင့်သာ ဖြစ်တယ်။ ဒီနေ့ထိတိုင်အောင် ချီယန်ဝမ်ရဲ့တည်ရှိမှုက ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပဲ။ ဘယ်လိုပဲ သူမ စဥ်းစားကြည့်ပါစေ လက်ရှိဧကရာဇ်က တော်တော်လေး သံသယဖြစ်စရာကောင်းတယ်။
____________________________________________________________________________