Chapter 21
December 3, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 21
Translator – Utopia
“ မင်္ဂလာပွဲ ”
“ချီယန်ဝမ်က သူ ဖြစ်နေတာလား”
သူမကိုသာ ကျန်းမင်ဝေ့ထက် လျှော့ပြီး လက်ဖွဲ့ပြင်ပေးမယ်ဆို ကတုံးတုံးပြီး မယ်သီလရှင်ဝတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ကျန်းသခင်မ ဒေါသအလိပ်လိပ်ထွက်နေပေမဲ့ သူမ တခြားဘာတတ်နိုင်မှာလဲ?
မုမင်ထန်က အဖေလည်း မရှိ အမေလည်း မရှိ၊ သူမကို ဘာနဲ့မှ ခြိမ်းခြောက်လို့ မရဘူး။ သူမပြောတဲ့အတိုင်း မယ်သီလရှင် ကောက်ဝတ်ချသွားရင် ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီးက လွှတ်တော်တစ်ခုလုံးရဲ့ရှေ့မှာ ကျန်းမိသားစုရဲ့ဒုတိယသမီးကို ချီယန်ဝမ်ဖေးအနေနဲ့ တင်မြှောက်လိုက်တယ်ဆိုပြီး ကြေညာခဲ့တာကို မင်္ဂလာအချိန်ကျမှာ သူမက မရှိတော့ရင် အစားထိုးကို ချက်ချင်းသွားရှာဖို့ကလည်း မလွယ်ကူပြန်ဘူး။
ဒီကိစ္စက စွန့်စားဖို့ရာ အန္တရာယ် ကြီးလွန်းတယ်။ ကျန်းမင်ဝေ့ကလည်း တစ်ခါထွက်ပြေးထားဖူးတာကြောင့် မုမင်ထန်အလှည့်ကျရင်တော့ ထွက်ပြေးသွားအောင် သူတို့ ထားလို့ မဖြစ်ဘူး။
အဲ့ဒီနေ့ ညမှာပဲ ကျန်းသခင်မက မုမင်ထန် သူမကို ဘယ်လိုခြိမ်းခြောက်ထားလဲ ကျန်းဟုန်ဟောက်ကို ပြောပြလိုက်တယ်။ ကျန်းဟုန်ဟောက်လည်း အံကြိတ်ရင်း
“ငါတို့မိသားစုရဲ့အနာဂတ်နဲ့ ယှဥ်လိုက်ရင် ပိုက်ဆံက ဘာမှမဟုတ်ဘူး။ သူမ ပြောတဲ့အတိုင်း လုပ်ပေးလိုက်၊ မင်ဝေ့ရတဲ့ လက်ဖွဲ့အတိုင်း သူမကိုလည်း ပြင်ပေးလိုက်။ အမတ်ကြီး ၃ ပါးထဲက အာဏာအကြီးဆုံးသူ ဖြစ်လာမှာနဲ့ ယှဥ်လိုက်ရင် ဒီလောက် လက်ဖွဲ့က တန်ပါတယ်”
သူမ တွန့်ဆုတ်နေပေမဲ့လည်း ကျန်းဟုန်ဟောက်ရဲ့စကားကို ကျန်းသခင်မ မလွန်ဆန်ဝံ့ဘူး။ နောက်တစ်နေ့ရောက်တဲ့အခါ မုမင်ထန်ရဲ့ မင်္ဂလာလက်ဖွဲ့ကို အသင့်ပြင်ပေးထားတယ်။
ကျန်းသခင်မကလည်း ကျန်းမင်ဝေ့ကို မွေးပြီးတဲ့နောက် ကလေးမရတော့ဘူး၊ ကိုယ်လုပ်တော်တွေကလည်း သားမမွေးပေးနိုင်တာကြောင့် ကျန်းဟုန်ဟောက်လည်း လက်လျှော့လိုက်ပြီး အလုပ်ထဲပဲ အာရုံစိုက်ထားတော့တယ်။
အခု သူ့ရဲ့တစ်ဦးတည်းသော သမီးလေးက ဝမ်ဖေးတစ်ပါးဖြစ်လာပြီး ဧကရီမိဖုရားခေါင်တောင် ဖြစ်လာနိုင်တော့မယ်။ သားဆယ်ယောက်ရှိရင်တောင် ဒီသမီးလေးကို ယှဥ်နိုင်မှာမဟုတ်ဘူး။
ဒီလိုကျန်းမင်ဝေ့ရဲ့ အိမ်တော်ပါမင်္ဂလာလက်ဖွဲ့က ဘယ်လောက်ခမ်းနားလိုက်မလဲ တွေးကြည့်ရုံသာ တတ်နိုင်လိမ့်မယ်။ ဒါပေမဲ့လည်း ကျန်းမိသားစုက ပိုက်ဆံရှိတယ်ဆိုရုံလောက်သာ ဖြစ်တယ်၊ မုမင်ထန်ရဲ့ အိမ်တော်ပါမင်္ဂလာလက်ဖွဲ့ကိုပါ ပြင်ပေးဖို့လိုလာတဲ့အခါ မတတ်နိုင်တဲ့အဆုံး မင်ဝေ့ရဲ့လက်ဖွဲ့တွေကို တဝက်ခွဲပြီး သူမကို ပေးလိုက်ရတော့တယ်။
ဒီအကြောင်းကို ကျန်းသခင်မ မင်ဝေ့ကို သွားမပြောရဲဘူး။ ကျန်းမင်ဝေ့နဲ့ မုမင်ထန်တို့ရဲ့ မင်္ဂလာပွဲနေ့ မရောက်ခင် တစ်ရက်မှာ လက်ဖွဲ့စာရင်းက ဘယ်လောက်တိုလဲ ကြည့်ရင်း ကျန်းသခင်မ ဒေါသကို မျိုချကာ ဟန်လုပ်ပြီး ပြုံးပြနေရတော့တယ်။
ချီယန်ဝမ်က ကျင်းဝမ်ထက် ဝါကြီးတာကြောင့် မုမင်ထန်ရဲ့မင်္ဂလာပွဲကို အရင်ကျင်းပရတယ်။ မင်္ဂလာပွဲနေ့မှာ ဖဲမွေ့ရာပေါ် ဇာမဏီသရဖူဆောင်းလို့ မုမင်ထန် ထိုင်နေတယ်။ အကြီးအမှူးလုပ်ပေးတဲ့ အမယ်အိုက သူမ ဆံပင်ကို ဖြီးပေးရင်း မင်္ဂလာစကားတွေကို ရွတ်ဖတ်ကာ ကောင်းချီးပေးနေတယ်။
ဇာမဏီသရဖူက လေးလံပေမဲ့ မုမင်ထန်ကတော့ ခါးကို မတ်မတ်ထားပြီး မင်္ဂလာပွဲအတွက် အသင့် စောင့်ဆိုင်းနေတယ်။
ဘယ်မိန်းကလေးကများ မင်္ဂလာပွဲကို ခမ်းခမ်းနားနား မဆောင်ချင်မှာတဲ့လဲ။ တစ်သက်မှာ တစ်မင်္ဂလာလေ။ သတို့သားက မေ့မြောနေတာကြောင့် အားလုံးက တီးတိုးလှောင်ပြောင်နေကြပေမဲ့ အဲ့တော့လည်း ဘာဖြစ်လဲ၊ မင်္ဂလာပွဲအတွက် ဘယ်သူမှ မကူညီပေးရင် သူမ ကိုယ်တိုင်ဝင်လုပ်မယ်။ တခြားသူတွေ ဘယ်လိုဆက်ဆံကြပါစေ မုမင်ထန် သူမရဲ့မင်္ဂလာပွဲလေးကို တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်ဖို့ သူမ သည်းခံနိုင်ပါတယ်။
မင်္ဂလာအချိန်ကျရောက်လာတဲ့အခါ သတို့သားဘက်ကအဖွဲ့က ကျန်းအိမ်တော်ရှေ့မှာ ရပ်လိုက်တယ်။ အစေခံမိန်းကလေးရဲ့အကူအညီနဲ့ မုမင်ထန် ဝေါယာဉ်ပေါ် ထိုင်လိုက်တယ်။
ရှဲ့ရွှမ်းချန်က မေ့မြောနေတာကြောင့် မင်္ဂလာပွဲကို မတက်ရောက်နိုင်ဘူး။ မင်္ဂလာပွဲကို ဘယ်လောက်ပဲ အတိုချုံးလုပ်ပါစေ တချို့နေရာတွေမှာတော့ ကျော်သွားလို့ မရတာတွေ ရှိတယ်။ နောက်ဆုံးမှာ ရှဲ့ရွှမ်းကျီကပဲ ရှဲ့ရွှမ်းချန်အစား သတို့သားနေရာကနေ လိုက်ပါပေးရတော့တယ်။
မင်္ဂလာဝေါယာဉ်က မြို့တော်ကို ပတ်ပြီးနောက် ချီယန်အိမ်တော်ဆီ ဦးတည်လာခဲ့တယ်။ ကျောက်စီဝေါယာဉ်ထဲ ထိုင်နေရင်း မုမင်ထန် တွေးမိတယ်၊ ကျန်းမိသားစုက တကယ်ကြီး ဒီမင်္ဂလာပွဲကို အကြွားဝါဆုံးဖြစ်အောင် လုပ်ထားတာပဲ။ အရပ်သားပြည်သူတွေအမြင်မှာတော့ ဝမ်ဖေးတစ်ပါးဖြစ်ရတာက သိပ်ကို အားကျစရာကောင်းနေမှာပဲ။
ကျန်းအိမ်တော်နဲ့ ဝေးလာလေလေ ဗြောက်အိုးသံနဲ့ မင်္ဂလာတူရိယာသံတွေက ကျယ်လောင်လာလေလေပဲ။ မသိရင် သူတို့ တစ်ခုခုကို ဖုံးကွယ်ချင်နေကြသလိုမျိုးပဲ၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ဖုံးကွယ်နိုင်မှာတဲ့လဲ။ ချီယန်အိမ်တော်အနား တဖြေးဖြေး နီးကပ်လာနေပြီး လမ်းဘေးမှာ လူတစ်ယောက်ကြောင်တစ်မြီးတောင် မရှိဘဲ သုသာန်အလား တိတ်ဆိတ်ရှင်းလင်းနေတော့တယ်။ ကျယ်လောင်လှတဲ့ တူရိယာသံတွေနဲ့ သူတို့ရဲ့အကြောက်တရားကို ဟန်လုပ်နေကြတာပဲ။
ဒီနေရာက သူမ တစ်သက်လုံး နေရတော့မယ့်နေရာပဲ။ မင်္ဂလာဝေါယာဉ် ရပ်တန့်သွားတဲ့နောက် မုမင်ထန် အသက်ပြင်းပြင်းရှူကာ ဝေါယာဥ်ပေါ်က ဆင်းလိုက်တယ်။
ချီယန်အိမ်တော်က ပျားပန်းခပ်အလုပ်ရှုပ်နေကြတဲ့ ကျန်းအိမ်တော်နဲ့လည်း မတူသလို အဲ့လမ်းက အိမ်တော်တွေနဲ့လည်း မတူဘူး။ မသိရင် ချီယန်အိမ်တော်က သီးသန့်ကမ္ဘာတစ်ခုလိုပဲ။ မုမင်ထန်ရဲ့ခေါင်းပေါ်မှာ ပုဝါနီကို အုပ်လွှမ်းထားတာမို့ သူမ အပြင်ကို သေချာမမြင်ရပေမဲ့ ကြားတော့ ကြားနေရတုန်းပဲ။ ဆူညံသံတွေ ကင်းမဲ့နေတဲ့နေရာတစ်ခု .... ချောမွတ်နေတဲ့ အုတ်စီလမ်းအတိုင်း သူမ လျှောက်လာရင်း ပင်မဂိတ်တံခါးကို ဖြတ်လာခဲ့တယ်။ သူမ လူသူကင်းမဲ့နေတဲ့ မြို့တစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။
_____________________________________________________________________