Chapter 80

2.7K 234 3
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 80
Translator – Utopia

တံခါးအပြင်က အစောင့်ရဲမက်တွေလည်း အလိုလို လက်က ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ခုခုဖြစ်တာနဲ့ ဓားကိုထုတ်ဖို့ အသင့်ပြင်ထားတယ်။ ရှဲ့ရွှမ်းချန် နှာခေါင်းရှုံ့လိုက်ပြီး အားပြင်းပြင်းနဲ့ သစ်သားဆူးချွန်ကို ကြမ်းပြင်ပေါ် လှမ်းပစ်လိုက်တယ်။ အဲ့ဟာက ရှန့်နန်ချွမ်ရဲ့ အင်္ကျီလက်စကို ဖောက်ပြီး ကြမ်းပြင်မှာပါ စိုက်ဝင်နေတော့တယ်။ ရှန့်နန်ချွမ် မျက်လုံးတွေပါ ပြာသွားတယ်၊ သူမအင်္ကျီလက်စက ကြမ်းပြင်မှာ စိုက်လျက်ရှိနေပြီး ‌ဘေးက အစေခံတွေလည်း လန့်ဖျပ်ပြီး ထအော်ကုန်ကြတယ်။ ရှန့်နန်ချွမ်ရဲ့ ခြေထောက်တွေက ကြောက်လို့ ပျော့ခွေကုန်ပြီ။

ကြမ်းခင်းအောက်မှာ အုတ်စီသမံတလင်းရှိတာဖြစ်တယ်။ သာမန်သစ်သားချောင်းလေးတစ်ခုက ဒီကြမ်းခင်းတွေကိုတောင် ဖောက်ဝင်သွားတယ်တဲ့လား။

"ငါ ဘယ်သူ့ကို မေးနေတာလဲ မင်းတို့ မသိဘူးလား" ရှဲ့ရွှမ်းချန်ရဲ့မျက်နှာမှာ အပြုံးတစ်စက်မှ မရှိတော့ချေ။ သူ့မျက်နှာအရောင်က သိပ်အခြေအနေကောင်းပုံမရဘူး၊ မျက်ဝန်းထောင့် မှဲ့လေးက ဖျော့တော့ပါးလျတဲ့မျက်နှာကို ထင်ဟပ်နေပြီး သူ့ကို ပိုလို့ မည်းနက်ရက်စက်ပုံပေါက်စေတယ်။ "အခုကော သိသွားပြီလား"

ဒီတစ်ကြိမ်တော့ အမျိုးသမီးအရာရှိတင်မကဘူး အပြင်က အစောင့်ရဲမက်တွေက ကြောက်ရွံ့သွားကြတယ်။ ဒီလိုမျိုးဖြစ်လာနိုင်တာကို ကြိုမြင်လို့ ကြွေပန်းကန်တွေ၊ ငွေထည်တွေကအစ ဇွန်းတွေအဆုံး အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်း ဖြစ်လာနိုင်သမျှအားလုံးကိုတောင် ဖယ်ထားခဲ့တာ။ ဒါပေမဲ့ ရှဲ့ရွှမ်းချန်ရဲ့လက်ထဲ သစ်သားဇွန်းကို နှစ်ပိုင်းချိုးလိုက်ရုံနဲ့ သူ့လက်သက်သက်နဲ့တင် အဲ့တာက လက်နက်လို ဖြစ်သွားပြီး ကြမ်းပြင်မှာတောင် စိုက်ဝင်နေတယ်။

ဒီထက်ပိုပြီး ကြောက်စရာကောင်းတာက ဒါတောင် သူ မကျန်းမာနေသေးတဲ့အခြေအနေပဲ ရှိသေးတယ်။

ရှန့်နန်ချွမ် တော်တော်လေး ကြောက်လန့်သွားပြီး အားနည်းသွားသလို ခံစားလိုက်ရတယ်။ သူမက အမြန်ပဲ ပြန်ဖြေလာတယ်။

"အစေခံတွေနဲ့ ကျွန်တော်မျိုးမတို့က အတွင်းဆောင် အရေးကိစ္စတွေကိုသာ တာဝန်ယူထားရတာပါ။ ဝမ်ဖေး ဘယ်ရောက်နေလဲ ကျွန်တော်မျိုးမတို့လည်း တကယ် မသိရပါဘူး။ လွန်ခဲ့တဲ့ ၅ ရက်တုန်းက အတွင်းနန်းဆောင်က စွန်းကူးကူး* (အရှေ့အခန်းတွေမှာ ရွှင်းကူးကူး) က ဝမ်ဖေးကို လာခေါ်သွားပါတယ်။ ဝမ်ဖေးနဲ့အတူ သူမရယ်၊ နောက်လိုက် ကူးကူးတွေရယ်က ဘုရားကျောင်းမှာပဲ နေ,နေကြတာပါ။ ဒီကိစ္စတွေက ကျွန်တော်မျိုးမနဲ့ ဘာမှမဆိုင်ပါဘူး၊ အဲ့မှာ ဘာတွေဖြစ်နေလဲလည်း ကျွန်တော်မျိုးမ မသိရပါဘူး"

အတွင်းနန်းဆောင်က ကူးကူးတွေဆိုတော့ မယ်တော်ကြီးကို ခစားရတဲ့သူတွေပဲဖြစ်တယ်။ ရှဲ့ရွှမ်းချန် နှာခေါင်းရှုံ့လိုက်ရင်း အားယူပြီး မတ်တတ် ထလိုက်တယ်။

ရှဲ့ရွှမ်းချန် လမ်းလျှောက်နေတုန်း ဘယ်သူမှ သူ့ကို ဝင်မကူပေးရဲဘူး၊ အားလုံးက ကြမ်းပြင်မှာ ပြားပြားဝပ် ဒူးထောက်နေကြပြီး ခေါင်းတောင် မော်မကြည့်ရဲကြဘူး။ ရှဲ့ရွှမ်းချန် ထွက်သွားတာနဲ့ အစေခံမလေးက အမြန်ပဲ ရှန့်နန်ချွမ်ကို မေးလာတယ်။

"ရှန့်ကူးကူး ဝမ်ရယ်က ဘုရားကျောင်းကို သွားနေပြီ၊ ကျွန်တော်မျိုးမတို့ တစ်ယောက်ယောက်လွှတ်ပြီး စွန်းကူးကူးကို အကြောင်းကြားသင့်တယ်မဟုတ်ဘူးလား"

ရှန့်နန်ချွမ် အချိန်အတော်ကြာ မျက်မှောင်ကြုတ်နေပြီး နောက်ဆုံးမှ ခေါင်းခါပြလာတယ်။

"အခုမှဆို နောက်ကျသွားပြီ။ နင်တို့ လုပ်စရာရှိတဲ့အလုပ်ကိုသာလုပ်၊ မလိုအပ်တာတွေ မလုပ်နဲ့။ ရာထူးကြီးတဲ့သူတွေရဲ့ကိစ္စထဲ ငါတို့ ဝင်မပါတာပဲ ကောင်းတယ်"
.......

သူ့အိမ်တော်ထဲ ဘုရားကျောင်းလိုနေရာမျိုးရှိတာကို ရှဲ့ရွှမ်းချန် မေ့တေ့တေ့တောင် ဖြစ်နေပြီ။ တကယ်တော့ ဘုရားကျောင်းက ယွီလင်ခန်းမဆောင်နဲ့ သိပ်မဝေးဘူး။ ယွီလင်ခန်းမဆောင်ရဲ့အစွန်းနှစ်ဖက်မှာ ဘုရားကျောင်းနှစ်ခုရှိတယ်။ ဘယ်ဘက်ကဟာကိုတော့ ရိစစ်စာကြည့်ဆောင်လို့ ခေါ်ပြီး ညာဖက်ကဟာကတော့ ယွင်ရွေ့စာကြည့်ဆောင်ဖြစ်တယ်။ ယွင်ရွေ့စာကြည့်ဆောင်ကို ကျော်သွားတဲ့အခါ နည်းနည်းထပ်လျှောက်လိုက်ရင် ဘုရားကျောင်းကို ရောက်ပြီ။

ဒါပေမဲ့ ဘုရားကျောင်းဆိုတဲ့အတိုင်း တော်တော်လေးကို တိတ်ဆိတ်ပြီး ထိုင်းမှိုင်းတဲ့အငွေ့အသက်ရှိတယ်။ ရှဲ့ရွှမ်းချန် အဲ့ကို လျှောက်လာတော့ ဘုရားကျောင်းအပြင်ဘက်မှာ အရိပ်တွေက ချာချာလည်ရှိနေပြီး ဝါးရွက်တွေက တရှဲရှဲ တရွှမ်းရွှမ်း မြည်နေတယ်။ ဝါးတောအလယ်မှာ အရာအားလုံးက မှောင်မိုက်နေပြီး အိမ်လေးတစ်လုံးသာ မီးထွန်းထားတယ်။

သူ့နောက်ကနေ အစေခံတွေကော အစောင့်ရဲမက်တွေကော တသီတတန်းကြီး လိုက်လာတယ်။ အခုလို ရုတ်တရက် ဖြစ်သွားတာဆိုတော့ သူတို့ ပြန်သွားလျှောက်တင်ချင်ပေမဲ့ အရှေ့မှာ ရှဲ့ရွှမ်းချန်က ရပ်နေတော့ ဘယ်သူမှ မသွားရဲကြဘူး။ ရှဲ့ရွှမ်းချန် ဘာမှမပြောဘဲ ဘုရားကျောင်းရှေ့ကို ရောက်လာတယ်၊ အထဲကလူတွေကတော့ စကားပြောနေကြဆဲဖြစ်တယ်။

သူတို့ တစ်ခုခု ရွေးခိုင်းနေတာကို ရှဲ့ရွှမ်းချန် အပြင်ဘက်ကနေ နားစွန်နားဖျားကြားလိုက်ရတယ်။ မုမင်ထန်က ဘာပြောလိုက်တယ်မသိပေမဲ့ အထဲက တခြားမိန်းမရဲ့အသံက သူမကို သနားစရာတစ်ခုလို မြင်နေတဲ့ပုံပေါက်တယ်။

"မုဝမ်ဖေး ဒါကို တကယ်ပဲ ‌ရွေးချယ်လိုက်တာလား။ ဝမ်ဖေးက လှပပြီး နူးညံ့တဲ့အသားအရည်ရှိတယ်။ ကျွန်တော်မျိုးမတို့သာ အပ်ကို စိုက်ထည့်လိုက်ရင် ဝမ်ဖေး နာကျင်ရမှာ စိုးမိတယ်"

စိုက်ထည့်မယ်? ရှဲ့ရွှမ်းချန် အပြင်ကနေလည်း ကြားလိုက်ရော မျက်ခုံးပင့်ပြီး တံခါးကို ဘန်းကနဲ ဖွင့်လိုက်ကာ

"မင်းက သူမကို ဘယ်ဟာရွေးခိုင်းချင်နေတာလဲ"

စွန်းကူးကူးက အိတ်ထဲကနေ အမျှင်ဆုံး အပ်ကို ထုတ်ယူနေတာဖြစ်တယ်။ နန်းတော်ထဲမှာ အရာရာကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ရတာဖြစ်ပြီး အပ်တောင်မှ သူ့စည်းမျဉ်းနဲ့သူရှိတယ်။ အမျှင်ဆုံးကနေ အထူဆုံး၊ အရှည်ဆုံးကနေ အတိုဆုံး အစဉ်လိုက်ကို ကပြက်ကချော် လုပ်လို့မရဘူး။

သူမ တစ်ခုခုပြောမလို့ လုပ်နေတုန်းမှာပဲ အပြင်ကနေ ဘန်းကနဲ တံခါးတွန်းဖွင့်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။ စွန်းကူးကူး လန့်သွားပြီး သူမလက်တွေက တုန်ယင်နေကာ လက်ထိပ်ကိုတောင် ပြန်ဖောက်မိတော့မတတ်ပဲ။ သူမ ဒေါသထွက်ထွက်နဲ့ နောက်လှည့်ကြည့်လိုက်တော့ အမှောင်ရိပ်ကြား လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။ သူ့နောက်မှာ အစေခံမိန်းကလေးတွေအများကြီး ပါလာတယ်။ စွန်းကူးကူးက လှမ်းကြည့်နေတာမြင်တော့ တစ်ယောက်ပြီးတစ်ယောက် အကြည့်လွှဲသွားကြပြီး ဘယ်သူမှ အရှေ့ ထွက်မလာရဲကြချေ။

စွန်းကူးကူး ကြက်သေသေသွားပြီး ရုတ်တရက် သဘောပေါက်သွားတယ်။ ချီယန်ဝမ် နိုးလာတာပဲ။ အပြင်ကလူတွေက သူ့ကို ကောင်းကောင်း မစောင့်ကြည့်ထားတာက ထားပါတော့၊ ဘာလို့ သူမဆီကိုတောင် လူလွှတ်ပြီး အကြောင်းမကြားတာလဲ?

စွင်းကူးကူးက နောက်လိုက်ကူးကူး‌တွေကို ဦးဆောင်ပြီး ချက်ချင်းပဲ ဒူး‌ထောက်လိုက်ရတယ်။ သူမ အပ်အိတ်ကို ဖွက်ဖို့အချိန်တောင် မရလိုက်ဘူး။

"ချီယန်ဝမ်ရယ်ကို အရိုအသေ‌ပေးပါတယ်"

မုမင်ထန်လည်း ဖြေးဖြေးချင်း ထလိုက်တယ်။ သူမ ရှဲ့ရွှမ်းချန်ဆီ အပြေးသွားချင်ပေမဲ့ သူ့ဘေးမှာ အစေခံတွေက ဝိုင်းရံနေတော့ သူမအတွက် အလှမ်းဝေးနေသလိုပဲ။ ဘာကြောင့်ရယ်မသိ သူမ သွားမလို့လုပ်လိုက်ပြီးကာမှ ရပ်နေမိတော့တယ်။
____________________________________________________________________________________________


စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now