စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 53
Translator – Utopia
"စကားတတ်တိုင်း လျှောက်ပြောမနေနဲ့၊ မင်းလှည့်ကွက်ထဲ ပန်ဝမ် မျောပါသွားမှာမဟုတ်ဘူး။ ကျန်းမိသားစုက မင်းကို လက်ဖွဲ့တွေ အလုံအလောက် ထည့်ပေးထားတယ်၊ မင်း ထုခွဲရောင်းချရလွယ်တဲ့ ရွှေငွေတွေကို ယူသွားလို့ရတယ်။ မင်း မလုပ်ရဲဘူးဆိုရင်လည်း အိမ်တော်ရဲ့ဘဏ္ဍာတိုက်ထဲက သွားယူလိုက်။ ကိုယ့်မှာ အရင်ကလို အာဏာမရှိတော့ဘူးဆိုပေမဲ့ စုဆောင်းထားတာတွေတော့ ရှိပါသေးတယ်။ မင်းတစ်သက်စာတော့ စားလို့မကုန်ဘူး"
"ဘာလို့လဲ" မုမင်ထန်က ခေါင်းမာမာနဲ့မေးလာပြန်တယ်။ "ကျွန်မတို့က ထုံးတမ်းတွေအတိုင်း မင်္ဂလာဆောင်ခဲ့ကြတဲ့ အကြင်လင်မယားတွေပါ။ ကျွန်မထွက်သွားရမယ်ဆိုရင်လည်း အရှင့်သားသေပြီး ကျွန်မ မုဆိုးမဖြစ်မှပဲ အိမ်ထောင်ထပ်ပြုဖို့ ထွက်သွားမှာ။ အဲ့အချိန်ကျရင်တော့ ကျွန်မတို့ကြား ဘာမှပတ်သက်စရာ မရှိတော့ဘူး အရှင့်သားက အခု အကောင်းအတိုင်းကြီးရှိနေတာကို ကျွန်မကို ဘယ်နှယ့်ကြောင့် နှင်လွှတ်နေရတာလဲ"
"မင်း ဒီလိုတွေးတယ်ဆိုရင်လည်း ကောင်းပြီလေ။ မင်း ကိုယ့်ကို မယုံဘူးဆိုရင် မင်းကို ကွာပေးတဲ့ ကွာရှင်းစာချုပ်ကို ယူထား။ နောက်ပိုင်း နန်းတော်ထဲက သိသွားတဲ့အခါကျ ကိုယ် မင်းကို အိမ်ထောင်သစ်ပြုခွင့်ပေးခဲ့တာလို့ ပြောလိုက်။ စာကြည့်ခန်းထဲက ဗီရိုအံဆွဲထဲမှာ စုတ်တံရှိတယ်၊ အဲ့တာ ယူ ....."
"အခုထိ မတော်နိုင်သေးဘူးလား!" မုမင်ထန် ဒေါသထွက်ထွက်နဲ့ ထအော်လိုက်တယ်။ ထို့နောက် အင်္ကျီစကို ခါထုတ်လိုက်ရင်း မတ်တတ်ရပ်လိုက်ပြီး "အဲ့လောက် အားရှိနေပြီဆိုရင်လည်း ကိုယ့်ဟာကိုယ် စုတ်တံသွားယူ။ ကျွန်မကို လာမလုပ်ခိုင်းနဲ့"
မုမင်ထန် ပြောပြီးတာနဲ့ ထမင်းဘူးကိုင်ပြီး သူမအခန်းထဲကို ပြန်သွားတယ်။ ရှဲ့ရွှမ်းချန် အိပ်ရာပေါ်မှာ ကြောင်တောင်တောင်နဲ့ ထိုင်နေတုန်းပဲ။ အချိန်အတော်ကြာတော့မှပဲ သူမ သူ့ကို စိတ်ဆိုးသွားမှန်း သဘောပေါက်တော့တယ်။
သူ့ကို စိတ်ဆိုးဒေါသထွက်ရဲတဲ့သူဆိုတာ လက်ချိုးရေလို့တောင် မရဘူး။ ကလေးဘဝထဲက မိသားစုထဲမှာလည်း အရေးပါတဲ့သူဖြစ်ခဲ့ပြီး ဖအေဖြစ်သူတောင်မှ သူ့ကို အတင်းအကြပ် မထိန်းချုပ်နိုင်ချေ။ ဧကရာဇ်တောင်မှ သူ့ကို ရိုကျိုးလာအောင် မလုပ်နိုင်တာကို အခု မုမင်ထန်က သူ့ရှေ့ လာစိတ်ဆိုးသွားတာတဲ့လား?
ရှဲ့ရွှမ်းချန်ခမျာ အံ့အားသင့်သွားပြီး အချိန်အတော်ကြာတဲ့အထိ သူ ဘာလုပ်မိလို့ စိတ်ဆိုးခံလိုက်ရမှန်း မသိသေးချေ။
ခဏကြာတဲ့နောက် မုမင်ထန် ညစာစားပြီးသွားပြီး ထမင်းဘူးကို အခန်းရှေ့ လာချပေးတယ်။ တပ်စုခေါင်းဆောင်လည်း ထုံးစံအတိုင်း သူမကို လိုက်ကြည့်ပြီး စစ်ဆေးနေတယ်။ မုမင်ထန်က ပက်ခနဲ တပ်စုခေါင်းဆောင်ကို ပြန်ကြည့်ပေးလိုက်တယ်။
တပ်စုခေါင်းဆောင် : ဘာဖြစ်လို့ပါလိမ့်? ငါလည်း ဘာမှမလုပ်မိပါဘူး?
ထို့နောက် မုမင်ထန် အခန်းထဲ စိတ်ဆိုးမာန်ဆိုးနဲ့ တန်းဝင်သွားတော့တယ်။
ခဏကြာတဲ့နောက် အပြင်ကနေ ဆူဆူညံညံအသံတွေ ကြားလိုက်ရတယ်။ သူမ အမြန်ပဲ ပြေးထွက်ကြည့်တော့ ရှဲ့ရွှမ်းချန်က ကုတင်ဘောင်ကို အားပြုရင်း လမ်းလျှောက်ဖို့ လုပ်နေတာကို တွေ့လိုက်ရတယ်။ မုမင်ထန် သူ့ကို ကူတွဲပေးရင်း လေသံပြတ်ပြတ်နဲ့
"အရှင့်သား စိတ်ရှိတဲ့အတိုင်း လျှောက်ချင်နေလို့ မရသေးဘူး။ တစ်ခုခုနဲ့ တိုက်မိရင် အပြင်ကလူတွေကို သတိပေးသလို ဖြစ်သွားလိမ့်မယ်။ ကျွန်မ ကူပေးမယ်"
"အွန်း"
ရှဲ့ရွှမ်းချန်က ခပ်တိုးတိုး ပြန်ဖြေလာတယ်။ သူတို့နှစ်ယောက်သား စကားမပြောဖြစ်ကြပေမဲ့ ဖြေးဖြေးချင်း လမ်းလျှောက်ရင်း အနေရခက်တဲ့အခြေအနေကို ပြေလျော့အောင်လုပ်ဖို့ နည်းလမ်းရှာတွေ့သွားတယ်။
ညစာစားပြီးတိုင်း ရှဲ့ရွှမ်းချန် လမ်းလျှောက်ပေးဖို့ လိုအပ်တာကြောင့် နားနားပြီး လျှောက်ရတယ်။ မုမင်ထန်ကလည်း သူ့ကို တောက်လျှောက် ကူတွဲပေးပြီး အိပ်ရာပေါ် ထိုင်ရအောင် ကူညီပေးတယ်။ သူမ အမြန်ပဲ နောက်မှာ ခေါင်းအုံးတွေကို စီလိုက်ရင်း လက်တစ်ဖက်ကလည်း သူ့ကို တွဲပေးထားကာ တချိန်တည်းနဲ့ သူမလှုပ်ရှားမှုက မြန်ဆန်ဖျတ်လတ်နေတာပဲ။
ရှဲ့ရွှမ်းချန်ကို ထိုင်ဖို့ ကူပေးပြီးနောက် သူမ ထွက်မသွားသေးဘဲ အိပ်ရာပေါ် ထိုင်နေဆဲဖြစ်တယ်။ အဲ့အစား သူမ ခဏတုံ့ဆိုင်းနေခဲ့ပြီးမှ စကားပြောလာတယ်။
"အရှင့်သား ကျွန်မ ကျွမ်းကျီရဲ့စကားတစ်ခွန်းကို ကြားဖူးတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ အကြောင်းအရာက တံတားတစ်စင်းပေါ်ကနေ ငါးတွေကို ကြည့်နေတဲ့သူနှစ်ယောက်အကြောင်းပဲ"
သူမပေးတဲ့ အရိပ်အမြွက်က သိသာလွန်းတယ်။ ရှဲ့ရွှမ်းချန် စိတ်မရှည်တော့တာနဲ့
"လိုရင်းကိုသာ ဒဲ့ပြောလိုက်"
____________________________________________________________________________________________