စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 88
Translator- Utopiaမုမင်ထန်လည်း ရှက်ပြီး ပါးလေးတွေ နီရဲသွားတယ်။ သူမ ထပ်ရှင်းပြမလို့ လုပ်လိုက်ချိန်မှာပဲ ရှဲ့ရွှမ်းချန်က နောက်ကနေ ချောင်းဟန့်လိုက်တယ်။
မုမင်ထန်လည်း ဆက်မပြောရဲတော့ဘူး။ အစေခံမလေးတွေလည်း ခေါင်းကို ပိုလို့တောင် တိုးငုံ့ထားကြရင်း စားစရာတွေ ချပေးပြီးတာနဲ့ သုတ်ခြေတင် ထွက်သွားကြတော့တယ်။
မုမင်ထန် တရုတ်ကဒက်ဥနဲ့ ကြက်သားမျှင်ဆန်ပြုတ်ကို ယူလိုက်ရင်း အိပ်ရာဘေး ထိုင်လိုက်တယ်။ သူမစိတ်ထဲ မတရားသလို ခံစားနေရတုန်းပဲ။
"ဘာလို့ ကျွန်မကို ပြီးအောင် ပြောခွင့်မပေးတာလဲ"
ရှဲ့ရွှမ်းချန် စိတ်တိုလာပြီး ခပ်ဖျော့ဖျော့ အံကြိတ်လိုက်တယ်။
"ဘာကို ရှင်းပြချင်နေတာလဲ။ မင်း ရှင်းပြမှ ပိုဆိုးသွားလိမ့်မယ်"
"ဒါပေမဲ့ ကျွန်မတို့က သူတို့ မြင်လိုက်သလိုမျိုး လုပ်နေကြတာမှ မဟုတ်တာ!"
ရှဲ့ရွှမ်းချန်ရဲ့မျက်လုံးထဲ သတ်ဖြတ်ခြင်းအရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
"မင်း ဆက်ပြောနေဦးမှာလား"
မုမင်ထန် ပါးစပ်ပိတ်ပြီး စူပုပ်ပုပ်နဲ့ ရှဲ့ရွှမ်းချန်ကို ဆန်ပြုတ် ခွံ့ကျွေးနေတယ်။ ရှဲ့ရွှမ်းချန် ပထဆုံး နိုးလာတဲ့နေ့တုန်းက သူမ ခွံ့ကျွေးတာကို မစားချင်သလို အင်တင်တင်နဲ့၊ ဒါပေမဲ့ အခုကျ ဆရာသားကျကျပဲ သူမခွံ့ကျွေးလာတာကို အသင့်စားနေတော့တယ်။
ရှဲ့ရွှမ်းချန်ကို ကျွေးပြီးတဲ့နောက် သူမရဲ့ ထမင်းဘူးကို ဖွင့်လိုက်တဲ့အခါ စားစရာတွေက ပူပူနွေးနွေး ရှိနေတုန်းပဲ။
မုမင်ထန် အံ့ဩတကြီးနဲ့ ထမင်းဘူးကို ကြည့်နေမိတယ်။
"သူတို့ ဘယ်လိုလုပ်ထားတာပါလိမ့်၊ အခုထိ ပူပူနွေးနွေး ရှိနေတုန်းပဲ"
သူမ အပိုအကဲတွေ လုပ်နေတယ်လို့ ရှဲ့ရွှမ်းချန်တွေးလိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ မုမင်ထန် ထမင်းမစားရတာ တစ်ရက်နဲ့တစ်ည ရှိပြီမို့ သူမ ဗိုက်အတော်ဆာနေပြီ ဖြစ်တယ်။ ဆီများတဲ့စားစရာတွေကိုလည်း သူမ မစားရဲတာကြောင့် ဆန်ပြုတ်ကိုသာ စားရတော့တယ်။ ထို့နောက် ပန်းကန်တွေကို ထမင်းဘူးထဲ ပြန်သိမ်းနေချိန်မှာပဲ ရှန့်နန်ချွမ်က အိပ်ရာပစ္စည်းတွေကိုင်ရင်း ဝင်လာတယ်။
"ဝမ်ဖေးအတွက် အိပ်ရာပစ္စည်းတွေကို ဘယ်နားထားပေးရပါမလဲ"
မုမင်ထန် ခေါင်းနည်းနည်းစောင်းကြည့်လိုက်တော့ ရှန့်နန်ချွမ်ရဲ့နောက်မှာ အစေခံတွေက ခေါင်းအုံးသယ်တဲ့သူက သယ်၊ စောင်နီကို သယ်တဲ့သူက သယ်နဲ့၊ အားလုံး တံခါးဝမှာ ရပ်နေကြတယ်။
ရှန့်နန်ချွမ် အိမ်တော်ကို ရောက်လာတဲ့အချိန်မှာ မုမင်ထန်ကို ကူးကူးတွေက ခေါ်သွားခဲ့တာမို့ သူတို့နှစ်ယောက် အတူမအိပ်မှန်း သူမ မသိထားဘူး။ သူမ စရောက်ကတည်းကလည်း မုမင်ထန်နဲ့ မတွေ့ခဲ့ရသလို ဘယ်သူကမှလည် ဝမ်ဖေးအကြောင်းကို မပြောကြဘူး။ ဒီလိုနဲ့ သူမလည်း ဝမ်ဖေးက ဝမ်ရယ်နဲ့ အတူအိပ်တယ်ပဲ ထင်လိုက်တာ။
အိပ်ရာထဲ ဘာလို့ ပစ္စည်းတွေက တစ်ယောက်တည်းစာပဲ ရှိနေလဲ ရှန့်နန်ချွမ်လည်း သိချင်မိပေမဲ့ အစေခံတစ်ယောက်အနေနဲ့ သူမ စကားနည်းနည်းပြောပြီး အလုပ်များများ လုပ်ရမှာသာ ဖြစ်တယ်။ ဝမ်ရယ်တို့ ထမင်းစားလို့ ပြီးမယ့်အချိန်လောက်ကို သူမ ခန့်မှန်းပြီး ထွက်လာခဲ့လိုက်တာ တကယ်လည်း သူတို့ ညစာစားပြီးတဲ့အချိန်နဲ့ ကွက်တိပဲ။ ဒါပေမဲ့ သူမက အိပ်ရာပစ္စည်းအသစ်တွေ ကိုင်ပြီး ဝင်လာတာမို့ သူတို့နှစ်ယောက် နှစ်ကိုယ်ကြားကိစ္စကို လုပ်ခွင့်မရတော့ချေ။
ဆန်ပြုတ်ပန်းကန်ကို ချလိုက်တဲ့ မုမင်ထန်ရဲ့လက်တွေက စိတ်ကျဉ်းကျပ်နေသလိုပင်။ လူတွေအများကြီးရှေ့မှာ သူမ ဒီမှာ မအိပ်ပါဘူးလို့ ပြောရမှာကလည်း ရှက်စရာကြီး။ သူမ ရှဲ့ရွှမ်းချန်ကို လှမ်းကြည့်လိုက်ပြီး သူ တစ်ခုခု ပြောလာပေးဖို့ အရိပ်အကဲ ပြလိုက်တယ်။ ဒါမှ ဒီ ကိုးရိုးကားရားမေးခွန်းကြီးကနေ သူမကို ကယ်ထုတ်ပေးနိုင်မှာ။
တစ်ဖက်မှာ ရှဲ့ရွှန်းချန်ကလည်း မိန်းကလေးတွေကိစ္စထဲ ဝင်ပါဖို့ ရှက်ရွံ့နေမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုမင်ထန်က ကောင်မလေးသာသာပဲ ရှိသေးပြီး သူကတော့ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး သူမ ဘယ်မှာအိပ်သင့်လဲဆိုတာကို ဝင်ဆုံးဖြတ်ပေးရမလဲ။ မသိရင် သူကပဲ သူမကို တစ်ခုခု လုပ်ချင်စိတ်ရှိနေသလိုမျိုး ဖြစ်နေပြီ။ ဒီလိုနဲ့ ရှန့်နန်ချွမ် အိပ်ရာပစ္စည်းတွေနဲ့ ဝင်လာတဲ့အခါ ရှဲ့ရွှမ်းချန် နောက်ကို မသိမသာလေး မှီနေလိုက်ပြီး မုမင်ထန်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တယ်။
ရှဲ့ရွှမ်းချန် ထိုင်နေရင်း ခဏကြာတော့ မုမင်ထန်က သူ့ကို လှမ်းကြည့်နေတာ တွေ့လိုက်ရတယ်။ သူလည်း ရိုးရိုးသားသားပဲ ပြန်လှမ်းကြည့်လိုက်တယ်။ တစ်ခဏအတွင်းမှာကို အခန်းထဲက လေထုက အတော်လေး ကိုးရိုးကားရားအခြေအနေ ဖြစ်လာတယ်။
ရှန့်နန်ချွမ်လည်း တံခါးဝမှာ ရပ်ရင်း ဝမ်ရယ်နဲ့ဝမ်ဖေးတို့ ဘာလုပ်နေကြတာပါလိမ့် တွေးနေမိတော့တယ်။ သူတို့က ဘာမှမပြောလာတော့ ရှန့်နန်ချွမ်လည်း အထဲမဝင်လာရဲဘူး။ သူတို့ အခန်းဝမှာပဲ စောင့်နေကြရင်း နောက်ဆုံးကျ ဝမ်ဖေးတို့ကို ကြည့်နေရတော့တယ်။ နောက်ဆုံးမှ မုမင်ထန် ဘာပြောချင်နေတာလဲ ရှဲ့ရွှမ်းချန် သဘောပေါက်သွားတယ်။ သူ့နားရွက်တွေက နီမြန်းသွားပြီး ချောင်းတစ်ချက်ဟန့်လိုက်ရင်း
"ကောင်းပြီ၊ အထဲယူလာခဲ့လိုက်"
____________________________________________________________________________________________