စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 69
Translator – Utopia
အစကတည်းက လိမ်ခဲ့မိမှတော့ အဆုံးအထိ သူ လျှို့ဝှက်ထားမှ ရတေ့ာမယ်။ ရှဲ့ရွှမ်းကျီ အံကြိတ်ရင်း
"သားတော်လည်း မသိရကြောင်းပါ"
ဧကရာဇ် တော်တော်ဒေါသထွက်နေတယ်၊ သူ့သားကို ဆူနေတယ်ဆိုပေမဲ့ ရှဲ့ရွှမ်းကျီက သူ့ကို လိမ်လိမ့်မယ်လို့ သူ မထင်ထားဘူး။ ရှဲ့ရွှမ်းကျီအပေါ် ဒေါသပုံချမိသလို ဖြစ်နေတာကို ဧကရာဇ်လည်း သိပါတယ်။ ရှဲ့ရွှမ်းကျီက ရှဲ့ရွှမ်းချန်နဲ့ ဘေးချင်းကပ်မှာ နေတယ်ဆိုပေမဲ့ အိမ်တော်နှစ်ခုက တစ်ဆက်တည်း ရှိနေတာ မဟုတ်ဘူး။ ရှဲ့ရွှမ်းချန်က အိပ်ခန်းထဲမှာပဲ အောင်းနေတာဆိုတော့ စိတ်သာရှိရင် ဒီကြားထဲ နိုးလာလည်း ကြိုက်သလောက် ပုန်းနေလို့ ရတယ်။ သေချာတာပေါ့ ဒါကို သတိထားမိဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ် ရှဲ့ရွှမ်းကျီက သိနိုင်မှာတဲ့လဲ။
ဒါပေမဲ့ ရှဲ့ရွှမ်းကျီက အစကတည်းက သိနေပြီး အခုထိ သူ့ကို လိမ်ညာထားမယ်မှန်းတော့ ဧကရာဇ် မထင်ထားခဲ့ဘူး။
ဧကရာဇ် ဒေါသအလျောက် ပြစ်တင်ကြိမ်းမောင်းပြီးတဲ့နောက် တဖြေးဖြေး အသိစိတ်ပြန်ကပ်လာတယ်။ တစ်ခုခုက မှားနေသလို သူ ခံစားရတာနဲ့
"မဟုတ်သေးဘူး၊ သူ နိုးလာရင်တောင်မှ သံမဏိကြိုးတွေကို သူ့ဟာသူ မဖြုတ်နိုင်ဘူး။ သူ စိတ်ဖောက်ပြန်သွားပြီး ခွန်အားအတိုင်းအဆမရှိ ဖြစ်သွားရင်တောင်မှ အနက်ရောင်သံမဏိချိန်းကြိုးတွေကို သူ မဖြုတ်နိုင်ဘူး။ အားနည်းနေတဲ့သူ့ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ်ပြီး သံမဏိချိန်းကြိုးတွေကို ဖြုတ်နိုင်သွားတာလဲ"
ဒီအကြောင်းကို ဘယ်သူမှ မသိသလို ရှဲ့ရွှမ်းကျီလည်း အဖြေမရှာနိုင်ဖြစ်နေတယ်။ ရှဲ့ရွှမ်းကျီ ခဏ စဥ်းစားပြီးနောက် အရှေ့ထွက်ကာ မေးလာတယ်။
"ခမည်းတော် သော့က ခမည်းတော်နဲ့အတူ ရှိနေသေးလား"
ဧကရာဇ်က ခေါင်းညိတ်ပြလိုက်တယ်။ သော့ကို တော်ဝင်စည်းတံဆိပ်နဲ့အတူ သိမ်းထားတာ ဖြစ်တယ်။ တကယ်လို့ ရှဲ့ရွှမ်းချန်ရဲ့သော့ကို ပျောက်သွားတယ်ဆိုရင် အဲ့တာက တော်ဝင်စည်းတံဆိပ်ပါ ပျောက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
တစ်ခုခုက ထူးဆန်းနေတယ်၊ ရှဲ့ရွှမ်းကျီ မျက်မှောင်ကြုတ်ရင်း
"သားတော်ရဲ့သော့ကလည်း သားတော်ဆီမှာပဲ ရှိတယ်။ ဒီသော့ကို ရကတည်းက တစ်နေ့ သုံးကြိမ် သေချာ စစ်ဆေးပြီး ဘယ်တုန်းကမှ အပျောက်မခံခဲ့ဘူး။ ဒါ့အပြင် သားတော် ဂရုမစိုက်မိလို့ သော့အလဲခံလိုက်ရတယ်ဆိုရင်တောင်မှ ခမည်းတော်ရဲ့ သော့က တားမြစ်နန်းတော်ထဲ ရှိနေတုန်းပဲ။ သော့နှစ်ချောင်းကို သုံးပြီးမှ ဖွင့်လို့ရမှာကို သူက ဘယ်လိုလုပ် သော့ဖွင့်လိုက်နိုင်တာလဲ"
အဲ့အချိန်မှာပဲ တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့တဲ့ တော်ဝင်တရားသူကြီးက ရှေ့ထွက်လာပြီး
"အရှင်မင်းကြီး၊ အရှင့်သား သော့နှစ်ချောင်းရှိမှ လက်ထိတ်ကို ဖွင့်နိုင်မယ်ဆိုတာ မှန်ပေမဲ့ လက်ထိတ်ဖွင့်ဖို့ မဖြစ်မနေ သော့ရှိမှ ရတာ မဟုတ်ပါဘူး"
ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး
"ဆက်ပြောချေ"
တော်ဝင်တရားသူကြီးက လက်နှစ်ဖက်ကိုထပ်ပြီး အရိုအသေပြုကာ မျက်လွှာချရင်း
"ပြည်သူတွေထဲမှာလည်း အရည်အချင်းရှိတဲ့သူတွေ ရှိပါတယ်။ သူတို့က သော့အိမ်ထဲက အဖုတုံးလေးတွေရဲ့ နေရာကို မှန်းဆနိုင်ရုံနဲ့ သော့ဖွင့်တတ်ကြတယ်။ အကျဉ်းထောင်ထဲမှာ သူခိုးတွေအများအပြား ရှိပြီး သူတို့ထဲကတချို့က သော့ဖောက်တဲ့နေရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြပါတယ်"
"ဒါပေမဲ့ အရပ်သားတွေသုံးတဲ့ ကြေးသော့ခလောက်တွေက ဖွဲ့စည်းပုံ ရိုးရှင်းပြီး အလွယ်ကလေး ဖျက်လို့ရတယ်။ အခုဟာက တော်ဝင်နန်းတော်က အပြစ်ပေးဖို့ သုံးတဲ့ သော့ခလောက်တွေလေ၊ ဘယ်တုန်းကမှ အမှားအယွင်း မဖြစ်ဖူးဘူး"
တော်ဝင်တရားသူကြီးက ဘာစကားမှ ထပ်မပြောလာဘဲ လက်ကိုသာ အရိုအသေပေး ထပ်ထားတုန်းဖြစ်တယ်။ ရှဲ့ရွှမ်းကျီ သူ့ဟာသူ ပြောပြီးတဲ့နောက်မှပဲ ဘာကြောင့်ဆိုတာ သဘောပေါက်သွားတယ်။ သူတို့တွေကို အကျဉ်းချထားတာဆိုတော့ မင်းမိန့်ကို အာခံပြီး အကျဉ်းထောင်က သော့ကို ဖွင့်ဖို့ ကြိုးစားကြမှာပဲ။
ဒီတော့ သူခိုးတွေ အကျဥ်းထောင်မဖောက်ကြတာကိုပဲ ကျေးဇူးပြန်တင်နေရမှာလား? ရှဲ့ရွှမ်းကျီ အဖြေရှာမရ ဖြစ်နေတုန်း အတွေးတစ်ခုက ဖျတ်ခနဲ ဝင်လာတယ်။
ပြည်သူတွေကြားက ... အရည်အချင်းရှိတဲ့သူ .... ဟုတ်တယ်၊ မုမင်ထန်ပဲ။ သူမက အဲ့ကလာတာ၊ သူမ မိသားစုကလည်း ရှေးဟောင်းပစ္စည်းအရောင်းအဝယ်လုပ်ကြတယ်။ မြောက်ပိုင်းကို လာတဲ့တစ်လျှောက်မှာလည်း သူမက လူပေါင်းစုံနဲ့ တွေ့ခဲ့သေးတာ။ သူမထက်ပိုပြီး ဒီနည်းလမ်းတွေကို သိတဲ့သူ ဘယ်သူရှိဦးမှာလဲ။
နောက်ပြီး အဲ့နေ့ သူ ချီယန်အိမ်တော်ကို ဝင်သွားတုန်းကလည်း မုမင်ထန်က ထူးထူးဆန်းဆန်း ပြုမူခဲ့သေးတာပဲ။ အဲ့အချိန်တုန်းက သူ ကန်းနေတာနဲ့ သေချာ မတွေးတောခဲ့မိဘူး။ အဲ့နေ့က မုမင်ထန်ရဲ့အပြုအမူက သံသယဖြစ်စရာပဲ။ ရှဲ့ရွှမ်းကျီလာခဲ့တဲ့ နှစ်ခေါက်စလုံးမှာ မုမင်ထန်က လိုက်ကာပန်းချီကားချပ် နောက်မှာပဲ မတ်တတ်ရပ် ရပ်နေတာ။ သူမက သူနဲ့တစ်ခန်းထဲ နေတာ မဟုတ်ပဲနဲ့ကို ဘာလို့ ရှဲ့ရွှမ်းချန်ရဲ့အခန်းထဲမှာ အဝတ်အစားလဲတာလဲ?
ဘယ်လိုပဲတွေးတွေး အကျိုးအကြောင်း မညီညွတ်ဘူး။ ချီယန်အိမ်တော်တစ်ခုလုံးမှာ မုမင်ထန် တစ်ယောက်ပဲ ရှဲ့ရွှမ်းချန်နဲ့ အနီးကပ်နေရတာ။ သူမမှာ အချိန်လည်း ရှိသလို .... လုပ်ရတဲ့အကြောင်းပြချက်လည်း ရှိတယ်။
ရှဲ့ရွှမ်းကျီ နှုတ်ဆိတ်သွားတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့သူတွေကလည်း အချဥ်မဟုတ်ဘူး၊ ကျင်းဝမ်ရဲ့မျက်နှာအမူအရာကိုကြည့်တာနဲ့ တစ်ခုခုကတော့ မှားနေပြီဆိုတာ သိလိုက်ကြတယ်။ ဧကရာဇ်ရဲ့အကြည့်က အနည်းငယ် ပြောင်းသွားပြီး အသံခပ်အေးအေးနဲ့ မေးလာတယ်။
"ကျင်းဝမ် သားတော် တစ်ခုခုသိထားတာ ရှိလား"
ရှဲ့ရွှမ်းကျီ ခဏကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် ဖြေးဖြေးချင်း လျှောက်တင်လာတယ်။
"ချီယန်ဝမ်ကို လွှတ်ပေးလိုက်တဲ့သူ ဘယ်သူဖြစ်မလဲ သားတော် အကြမ်းဖျင်း ခန့်မှန်းမိတဲ့သူတော့ ရှိပါတယ်"
____________________________________________________________________________________________