Chapter 99

1.4K 136 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 99
Translated by Utopia

ရှဲ့ရွှမ်းကျီလည်း ဒါကို ကောင်းကောင်း သဘောပေါက်တယ်။ သူ့မှာသာ သားတစ်ယောက်ရှိလိုက်ရင် ရှဲ့ရွှမ်းချန်ကို အပြတ်အသတ် နိုင်သွားပြီ ဖြစ်တယ်။ ဒါက အနာဂတ် ထီးနန်းအတွက်ပဲဟာ ဘယ်လိုလုပ် လက်နှေးနေလို့ ရမလဲ။
ဧကရာဇ်က ရှဲ့ရွှမ်းကျီကို စကားနည်းနည်း ထပ်ပြောနေသေးတယ်။ အားလုံးက ရှဲ့ရွှမ်းချန်ကို ပိုလေးလေးစားစား ဆက်ဆံပြဖို့၊ ပိုစိတ်ရှည်သည်းခံဖို့ အကြောင်းတွေသာ ဖြစ်တယ်။ ရှဲ့ရွှမ်းကျီလည်း တစ်ခုချင်းဆီကို ပြန်လျှောက်တင်ပြီးတဲ့နောက် ဧကရာဇ်က ပြန်ခွင့်ပြုလိုက်တယ်။
ရှဲ့ရွှမ်းချန်နဲ့ ပတ်သက်တဲ့ တော်ဝင်အမိန့်တော် ထွက်လာချိန်မှာတော့ အားလုံး စိတ်ပျက်သွားကြတယ်။ ရှဲ့ရွှမ်းချန်က မယ်တော်ကြီးရဲ့ လူတွေကို အပြစ်ပေးခဲ့တယ်၊ သူ့လို ဘယ်သူမှ နန်းတော်ထဲ အရှုပ်အထွေးတွေ ဖြစ်အောင် မလုပ်ရဲကြဘူး။ ဒါတောင် ဧကရာဇ်က သူ့ကို မင်းသားဘွဲ့ ထပ်အပ်နှင်းခဲ့ပြီး အခုဆို ထီးနန်းဆက်ခံပိုင်ခွင့်လည်း ရှိသွားပြီ။ အန်းဝမ်ဘွဲ့နဲ့အတူ ရွှေတွေ ငွေတွေ အမြောက်အမြားအပြင် သူ့အတွက် သီးသန့် သမားတော်အဖွဲ့ပါ စေလွှတ်ပေးခဲ့တယ်။
အကြောင်းမသိတဲ့ အပြင်လူတွေအတွက်ကတော့ သားအဖ အရင်းတွေလို့တောင် ထင်ရလောက်တယ်။
မုမင်ထန် ဒီနေ့ အစောကြီး နိုးနေတယ်။ မနေ့က တစ်စုံတစ်ယောက်ကို အမျက်ထွက်စေခဲ့တာမို့ အဲ့လူက သေချာပေါက် ဖြေရှင်းချက် လာတောင်းမှာပဲ။ မုမင်ထန် စိတ်ညစ်ညူးစွာ ထိုင်နေမိတယ်။ တော်တော်ကြာကြာ စောင့်ပြီးတဲ့နောက် ရှန့်နန်ချွမ်က လျှောက်တင်လာတယ်။
"ဝမ်‌ဖေး ဧည့်သည်ရောက်နေပါတယ်"
"ကောင်းပြီ"
မုမင်ထန် ခေါင်းညိတ်လိုက်တယ်။ သူမစိတ်ထဲ ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ရှဲ့ရွှမ်းချန်က မနိုးသေးတော့ သူမတစ်‌ယောက်တည်း ရင်ဆိုင်ရတော့မယ်။ အနည်းဆုံးတော့ ဒီလိုအခြေအနေမျိုးမှာ သူမ ယုံကြည်ချက်အပြည့်ရှိတဲ့ပုံ ဖြစ်နေရမယ်။ မုမင်ထန် ဒီနေ့ နိုးလာတော့ ဆံပင်ကိုလည်း ရှုပ်ထွေးပွေလီလှတဲ့ အဆင်ဒီဇိုင်းနဲ့ ထုံးဖွဲ့ထားပြီး ခေါင်းမှာလည်း ဈေးကြီးပေးရတဲ့ ဆံထိုးတွေ ထိုးထားတယ်။ သူမ မတ်တတ်ရပ်လိုက်ပြီး ရှန့်နန်ချွမ်ကို ပြန်မေးလိုက်တယ်။
"အဲ့လူက ဘယ်မှာလဲ"
"တော်ဝင်အမိန့်စာ သယ်လာတဲ့ ကုန်းကုန်းက ပင်မခန်းဆောင်မှာ ရောက်နှင့်ပါပြီ။ ဝမ်ဖေး သွားလို့ ရပါပြီ"
တော်ဝင်အမိန့်စာဆိုတဲ့ အသံကြားတော့ သူမခြေထောက်တွေ ပျော့ခွေသွားရတယ်။ မနေ့က အစေခံနှစ်ယောက်လောက်ကို မောင်းထုတ်လိုက်ရုံတင်ကို ဧကရာဇ်ကိုယ်တိုင် ဖြေရှင်းချက် အတောင်းလွှတ်လိုက်တာလား? မုမင်ထန် တတ်နိုင်သမျှ မျက်နှာကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထားပြီး ဒီတိုက်ပွဲမှာ နိုင်ကို နိုင်ရမယ်လို့ စိတ်ထဲက ပြောနေမိတယ်။ ဘာကိုမှ အကြောက်အလန့်မရှိတဲ့ မျက်နှာထားနဲ့ ရှန့်နန်ချွမ်ကို မေးလိုက်တယ်။
"ဒီကိစ္စက ဧကရာဇ်နားအထိပါ ပေါက်သွားတယ်ဆိုတော့၊ တော်ဝင်အမိန့်စာက ဘာအကြောင်းလဲ"
"ဧကရာဇ်က ဝမ်ရယ့်ကို အန်းဝမ် အနေနဲ့ ဘွဲ့ချီးမြှင့်လိုက်ပါတယ်။ ဆုတော်လာဘ်တော်တွေက ပင်မခန်းမဆောင်မှာ ရောက်နေပါပြီ"
"ဆုတော်လာဘ်တော် ...? ငါတို့ကိုလား?"
မုမင်ထန် အံ့အားသင့်သွားရတယ်။ သူမ အခု ဘာကြားလိုက်ရတာလဲ? သူ့ကို မင်းသားဘွဲ့  ထပ်ပေးပြီး ဆုတော်လာဘ်တော်တွေပါ ချီးမြှင့်လိုက်တယ်တဲ့လား?
တော်ဝင်အမိန့်စာအကြောင်း မကြားခင်ကအထိ သူမ မျက်နှာက အကောင်းရှိနေရာကနေ ရုတ်တရက် မျက်နှာထား ပြောင်းသွားတယ်။ ဝမ်ဖေးက ဝမ်ရယ့်ဘွဲ့အမည် ပြောင်းခံလိုက်ရတာကို မကျေမနပ်ဖြစ်နေလို့ ရှန့်နန်ချွမ် ထင်လိုက်ပြီး အမြန်ပဲ ဒူးထောက်ချကာ
"ဝမ်ဖေးကို လျှောက်တင်ပါတယ်။ တော်ဝင်အမိန့်စာက ဧကရာဇ်ကိုယ်တိုင် ထုတ်ပြန်တာဖြစ်ပြီး ပြည်နယ်သုံးခုက မှူးမတ်အရာရှိတွေအားလုံး လိုက်နာကြရပါတယ်။ ဆုတော်လာဘ်တော်တွေကလည်း များပြားပါတယ်၊ ရွှေစင် ၅၀၀၀၀ ဂရမ်၊ အဖိုးတန် ပိုးထည်လိပ် ရာထောင်ချီ၊ အဖိုးတန် တရုတ်ဆေးဝါးတွေ၊ ဧကရာဇ်နဲ့ မယ်တော်ကြီးကိုသာ ဆက်သရတဲ့ အဖိုးတန်ဂျင်းဆင်းတွေတောင်မှ ပါဝင်ပါတယ်။ ဒီနှစ်အတွက် ပဏ္ဏာတော်တွေ ဆက်သလာမယ့်အချိန်အထိ ဧကရာဇ်က မစောင့်ချင်တော့ဘူး ဆိုပါတယ်၊ ဝမ်ရယ်ရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးဖြစ်ပြီး နန်းတော်က နောက်မှယူလည်း ရတယ်လို့ ပြောခဲ့ပါတယ် "
.... မုမင်ထန်သာ အကြောင်းသိ မဟုတ်ခဲ့ရင် ရှဲ့ရွှမ်းချန်က ဧကရာဇ်ရဲ့ သားအရင်းလို့တောင် ထင်မိလိမ့်မယ်။ ဧကရာဇ်နဲ့ မယ်တော်ကြီးကိုသာ အမတ်တွေက လက်ဆောင်ပဏ္ဏာတွေ ဆက်သရတာလေ။ အခုကျ သူတို့ပိုင်တဲ့ ဆေးဝါးတွေကိုတောင် တခြားသူကို ပြန်ချီးမြှင့်နေတယ်တဲ့လား?
မုမင်ထန် အတတ်နိုင်ဆုံး မျက်နှာထားမပြောင်းအောင် ထိန်းထားပြီး ခပ်ပေါ့ပေါ့ပဲ မေးလိုက်တယ်။
"တခြားကော?"
"တော်ဝင်သမားနန်းဆောင်က သမားတော် ၅ ယောက်ကလည်း ဝမ်ဖေးတို့ကို နှုတ်ခွန်းဆက်ဖို့ ရောက်နေပါတယ်။ အခုကစပြီး ဒီသမားတော် ၅ ယောက်က အိမ်တော်မှာ နေပြီး ဝမ်ရယ့်ကို ကျန်းမာရေးစောင့်ရှောက်ပေးကြမှာပါ။ လိုအပ်တာတွေကိုလည်း တော်ဝင်သမားနန်းဆောင်ကပဲ စီစဉ်ပေးသွားမှာပါ။ ဝမ်ဖေးအနေနဲ့ သူတို့အတွက် နေစရာ တစ်နေရာပေးရုံနဲ့တင် လုံလောက်ပါပြီ"
"ကုန်းကုန်းကနေတဆင့် မယ်တော်ကြီးကလည်း စကားပါးလိုက်ပါတယ်။ ဒီအတောအတွင်း သူမ နေထိုင်မကောင်းဖြစ်နေတာနဲ့ လက်အောက်ငယ်သားတွေကို ကြပ်ကြပ်မတ်မတ် မစီမံဖြစ်ခဲ့ပါဘူးတဲ့၊ ဒါကြောင့်မို့ သူတို့တွေ ဝမ်ဖေးကို အပြစ်ပြုခဲ့မိကြတယ် ဆိုပါတယ်။ ဒီအကြောင်းတွေ ကြားတဲ့အခါ မယ်တော်ကြီးလည်း စိတ်ဆိုးဒေါသဖြစ်ရတာမို့ အဲ့အစေခံတွေကို ကြိမ်ဒဏ် အချက် ၂၀ ပေးပြီး အလုပ်ကြမ်းဌာနကို ပေးလိုက်ပါတယ်။ ဒါ့အပြင် ဝမ်ဖေး ထိတ်လန့်ခဲ့ရတာတွေ ပြေပျောက်ဖို့  ရည်ရွယ်ပြီး မယ်တော်ကြီးက အဖိုးတန် လှပတဲ့ ချည်ပန်းထိုးထည်တွေကိုလည်း လက်ဆောင်ပေးလိုက်ပါတယ်။ ဒီကိစ္စကြောင့် ဝမ်ဖေး စိတ်ခုသွားတာမျိုး မဖြစ်ဖို့ သူမ မျှော်လင့်ကြောင်းလည်း မယ်တော်ကြီးက စကားပါးလိုက်ပါတယ်"
အခုတော့ မုမင်ထန် သေချာသိသွားပြီ။ ရှဲ့ရွှမ်းချန်က ဧကရာဇ်ရဲ့ အဖေကြီးပဲကိုး။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now