Chapter 76

1.8K 170 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 76
Translator – Utopia

သူတို့အားလုံး အံ့အားသင့်သွားသလို နည်းနည်းလည်း စိတ်ရှုပ်သွားကြတယ်။ သူတို့အတွက် နန်းတော်က တစ်ခါထွက်ခွင့်ရဖို့ဆိုတာ မလွယ်ဘူး၊ ဒါကြောင့်မို့ နန်းပြင်ထွက်ရတဲ့အခါ သူတို့သခင်က ပေးလိုက်တဲ့တာဝန်ကို သေချာပေါက် အောင်မြင်အောင် လုပ်လာမှ ရမယ်။ အခု ချီယန်ဝမ် မနိုးလာသေးဘူးဆိုတော့ ကိစ္စတွေကို သူတို့လက်ထဲ ပြီးအောင် လုပ်လို့ရတယ်။ စစ်နတ်ဘုရား နိုးလာမှဆို အားလုံးနောက်ကျသွားလိမ့်မယ်။

တော်ဝင်သမားတော်တွေလည်း ရှဲ့ရွှမ်းချန်ရဲ့ရောဂါကို မကုပေးနိုင်ကြဘူး၊ သူ ဘယ်အချိန် နိုးလာနိုင်လောက်မလဲဆိုတာကိုသာ အကြမ်းဖျင်း ခန့်မှန်းပေးရုံပဲ တတ်နိုင်တယ်။ ရွှင်းကူးကူးလည်း စိတ်စောနေပြီမို့ သူမနှုတ်ခမ်းတွေတောင် ကိုက်ရလွန်းလို့ နာနေပြီ။ သူမ မုမင်ထန်ကို မြန်မြန် ဝန်ခံလာအောင် ဖိအားပေးရင်း တစ်ဖက်မှာလည်း ရှဲ့ရွှမ်းချန်ကို ဆက်ပြီးအိပ်ပျော်နေအောင် သူ့ဆေးထဲ တခြားဆေးတွေ ခတ်ထားရတယ်။

ရွှင်းကူးကူးက အနုနည်းနဲ့မရတဲ့ အကြမ်းနည်း သုံးလာတယ်၊ မုမင်ထန်ကို ဘာစားစရာမှ မပို့ပေးတော့ဘူး။ သူမစဥ်းစားလိုက်တာက မုမင်ထန်က တောကတက်လာတဲ့ ကလေးမလေးသာသာပဲ ရှိတယ်၊ သူမက တုံးတုံးအအနဲ့ ဘာမှနားလည်မှာ မဟုတ်ဘူး။ သူမလို မယ်တော်ကြီးနန်းဆောင်မှာ ခစားရတဲ့ ကူးကူးတစ်ယောက်အတွက် မုမင်ထန်လို ကလေးမလေးလောက်က ပမွှားလေးပဲရှိတယ်။ မုမင်ထန်ကို တစ်ရက်နဲ့ နှစ်ည အစာအငတ်ထားပြီး ဒုတိယညရောက်တော့မှာသာ သော့ဖွင့်ပေးလာတယ်။

တံခါးကနေ အလင်းရောင်ဝင်လာတော့ မုမင်ထန် မျက်လုံးကို လက်နဲ့ကာလိုက်ရင်း တဖြေးဖြေး အလင်းနဲ့ အသားကျလာတယ်။ အခန်းထဲ အားနည်းယိုင်နဲ့နေတဲ့လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ရွှင်းကူးကူး ထင်လိုက်ပေမဲ့ သူမ တံခါးဖွင့်လိုက်တဲ့အခါ မုမင်ထန်ရဲ့မျက်နှာက ဖျော့တော့နေတာကလွဲရင် အကောင်းအတိုင်းပဲ။ မသိရင် နှစ်ညလောက် အိပ်ရာပြောင်းအိပ်လိုက်ရသလိုပဲ၊ သူမပုံစံက ဘာမှမပြောင်းလဲသွားဘူး။

ရွှင်းကူးကူးလည်း မယုံနိုင်ဖြစ်နေပြီး တမင် သူမကို ကြောက်သွားအောင် ခြောက်လှန့်ပြောလာတယ်။

"အရှင်မင်းကြီးက ဒီနေ့မနက်တုန်းက အားလုံးကို သိသွားပြီ။ ဒီနေ့က ဝမ်ဖေးရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဝမ်ဖေးသာ အမှန်ကို ဝန်ခံမယ်ဆို ဝမ်ဖေးရဲ့ရိုးသားမှုကို ထောက်ထားပြီး အရှင်မင်းကြီးက ခွင့်လွှတ်ပေးလိမ့်မယ်။ ဒါပေမဲ့ ဝမ်ဖေးသာ ဆက်ပြီး တင်းခံနေဦးမယ်ဆို ဘယ်သူမှ ဝမ်ဖေးကို ကယ်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ဥပဒေတွေအရဆို နတ်ရွာစံဧကရာဇ်ရဲ့အမိန့်ကို အာခံတဲ့သူမှန်သမျှ ချက်ချင်းပဲ ကွပ်မျက်ခံရလိမ့်မယ်"

မုမင်ထန်ကတော့ တစ်ချက်မှ တုန်လှုပ်မသွားဘဲ နှုတ်ဆိတ်နေဆဲဖြစ်တယ်။ တကယ်လို့ ဧကရာဇ်က သက်သေအကုန် ရထားပြီးပြီဆိုရင် ရွှင်းကူးကူးက သူမနဲ့ အခုလို အချိန်ကုန်ခံနေမှာတောင် မဟုတ်ချေ။ အစောကြီးကတည်းက သူမ အဆိပ်သောက်နေရလောက်ပြီ။ ဒါပေမဲ့ အခု ရွှင်းကူးကူးက သူမကို ဒီဘုရားကျောင်းထဲ အကျယ်ချုပ်ချထားတုန်းပဲ။ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လာတာနဲ့အမျှ သူမ စိတ်အေးအေး မထားနိုင်တော့ဘဲ လောလာနေတယ်။

ဆိုတော့ကာ ဖြစ်နိုင်တာက ဧကရာဇ်က တရားခံကို ခန့်မှန်းမိပေမဲ့ ရှဲ့ရွှမ်းချန်ကို ဆက်ပြီး သော့ခတ်ထားဖို့ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေလိုနေတာပဲ။ ရှဲ့ယီက ရှဲ့ရွှမ်းချန်ကို သော့ခတ်ပြီး အကျယ်ချုပ်ချခဲ့တဲ့အပြင် သူ့အမိန့်မပါဘဲ ဘယ်သူမှ မလွှတ်ပေးရဘူးလို့ ပြောခဲ့တာ မှန်တယ်၊ ဒါပေမဲ့ အဲ့တာက ‌ဒေါသအလျှောက်ပြောခဲ့တဲ့စကားတွေပဲ။ ရှဲ့ယီ ဒေါသပြေသွားတဲ့အခါ သေချာပေါက် သူ့သားအရင်းကို ဒီလိုဆက်ဆံမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ ရှဲ့ယီက အကောင်းကြီးကနေ နတ်ရွာစံသွားတယ်။ ဒါ့အပြင် နားမလည်နိုင်တဲ့ တော်ဝင်အမိန့်စာကိုတောင် ထားခဲ့သေးတယ်။ ဒီလိုနဲ့ ရှဲ့ယီ နတ်ရွာစံသွားပြီးနောက် ရှဲ့ရွှမ်းချန်ရဲ့သံမဏိချိန်းကြိုးတွေကိစ္စက ဗြဟ္မာ့ဦးခေါင်းလို ဖြစ်လာတော့တယ်။ ရှဲ့ရွေ့က နတ်ရွာစံဧကရာဇ်ရဲ့နောက်ဆုံးဆန္ဒကို ဆင်ခြေပေးပြီး ရှဲ့ရွှမ်းချန်ကို အကျယ်ချုပ်ချထားတဲ့အပြင် နောက်ကွယ်မှာလည်း ရှဲ့ရွှမ်းချန်ကို မိန်းမောနေအောင်လို့ ဆေးတွေခတ်ထားတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ရှဲ့ရွှမ်းချန် အိပ်ရာထဲမှာပဲ မေ့မြောရင်း သေဆုံးသွားဖို့ကို မျှော်လင့်နေကြတာပဲ။

တော်ဝင်မိသားစုတစ်ခုလုံးက ဒီအမှန်တရားကို သူတို့ဖုံးထားနိုင်မယ်လို့ ထင်ခဲ့ကြပေမဲ့ မုမင်ထန်က အားလုံးကို ဖော်ပစ်လိုက်တယ်။ ရှဲ့ရွှမ်းချန်ရဲ့ ချိန်းကြိုးတွေက သော့ပွင့်သွားပြီမို့ ဧကရာဇ်ကသာ ထပ်ပြီး သော့ခတ်ရင် ပြည်သူတွေက ဝေဖန်ကြလိမ့်မယ်။ သူတို့ ရှဲ့ရွှမ်းချန်ကို ဒီအတိုင်းပဲထားထားလို့လည်း မရတာကြောင့် သူတို့ပစ်မှတ်ကို မုမင်ထန်ဆီ ‌ရွှေ့လိုက်ပြီး သူမဆီက သတင်းနှိုက်ဖို့ ကြိုးစားနေတာဖြစ်တယ်။

မုမင်ထန်သာ တစ်ခုခု‌ ပြောလာသ၍ ဧကရာဇ်က အဲ့ဒါကို ဆင်ခြေပေးပြီး ရှဲ့ရွှမ်းချန်ကို ထပ်သော့ခတ်ထားဖို့ လုပ်လိမ့်မယ်။ ဒါပေမဲ့ မုမင်ထန်က မြို့တော်မှာ ကြီးပြင်းလာတဲ့ နုနုယွယွ သခင်မလေးတွေလိုမဟုတ်ဘူး၊ သူမက တောက်လျှောက် နှုတ်ဆိတ်နေပြီး သူတို့ ဘယ်လိုမေးမေး တစ်ခွန်းမှ မဖြေလာဘူး။

ဧကရာဇ်ရဲ့ ကောင်းလှတဲ့သား ရှဲ့ရွှမ်းကျီက မုမင်ထန်ကို မင်္ဂလာပွဲကို ဖိတ်ခဲ့တာမို့ အဲ့နေ့က လာတဲ့သူတိုင်း သူမက ချီယန်အိမ်တော်မှာ မဟုတ်မှန်း သိထားကြတယ်။ တကယ်လို့ တစ်ယောက်ယောက်က မုမင်ထန် မရှိတုန်းက အိမ်တော်ထဲ ခိုးဝင်ပြီး သော့ဖွင့်ပေးလိုက်တာ ဆိုရင်ကော? သူတို့ ဒီဖြစ်နိုင်ချေကို မသိချင်ယောင်ဆောင်ထားလို့ မရချေ။ ဘယ်လိုပဲဖြစ်ဖြစ် မုမင်ထန်က ဘူးခံငြင်းနေတာမို့ သူမ သေလမ်းကို ရှာနေတာဆိုပေမဲ့လည်း ဧကရာဇ်က တကယ် သတ်မှာမဟုတ်ဘူးလို့ သူမ ယုံတယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now