Chapter 90

2.4K 227 5
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 90
Translator – Utopia

မုမင်ထန် စိတ်တိုသွားပြီး ဒေါသထွက်ထွက်နဲ့ မေးလိုက်တယ်။
"ပေါက်ကရတွေ ပြောလို့ ပြီးပြီလား"
သူမအသံက အတော်လေး ကျယ်သွားတယ်။ အဲ့အချိန်မှာပဲ အပြင်ဘက်ကနေ တံခါးဖွဖွခေါက်သံကို ကြားလိုက်ရတယ်။
"ဝမ်ရယ် ဝမ်ဖေး တစ်ခုခု ခိုင်းချင်တာများ ရှိပါသလား"
မုမင်ထန်ကော ရှဲ့ရွှမ်းချန်ကော တစ်ချိန်တည်း တိတ်သွားကြတယ်။ မုမင်ထန်ရဲ့အကြည့်က တောက်ပသွားပြီး ရှဲ့ရွှမ်းချန်ကိုပဲ မျက်လုံးနဲ့ အရိပ်အကဲပြနေတယ်။ ရှဲ့ရွှမ်းချန်က တုံ့ဆိုင်းစွာနဲ့ပဲ ပြန်ဖြေလာတယ်။
"ဘာမှမဟုတ်ဘူး၊ မင်းတို့ သွားလို့ရပြီ"
"မှန်လှပါ"
အခန်းအပြင်က အစေခံထွက်သွားပြီးနောက် ရှဲ့ရွှမ်းချန်က အသံကို နှိမ့်ပြီး ပြောလာတယ်။
"ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ၊ မင့်လေသံကို လျှော့စမ်းပါ"
"အဲ့တာ ဘယ်သူ့အပြစ်လဲ" မုမင်ထန်လည်း အသံတိုးတိုးလေးနဲ့ ပြောလာတယ်၊ မသိရင် သူခိုးတွေ အချင်းချင်း ကပ်တိုးလေး ပြောနေကြသလိုပဲ။ "မနက်ကျ ကျွန်မ အစောကြီး ထရမှာ၊ အပြင်ဘက်မှာ ကျွန်မအိပ်လိုက်မယ်။ အဲ့ဘက်ဆို ကျွန်မလည်း အိပ်ရာထဲက ထရလွယ်တယ်၊ အရှင့်သားကိုလည်း နိုးသွားစေမှာ မဟုတ်တော့ဘူး။ နှစ်ယောက်စလုံးအတွက် အဆင်ပြေတာကို အရှင့်သားက အတူမပူးပေါင်းပေးနိုင်ဘူးလား"
"မပေါင်းပေးနိုင်ဘူး"
‌သူမ ဒေါသထွက်ထွက်နဲ့ အံကြိတ်လိုက်တယ်။ တကယ်ကို လူ့အကြောင်း ပေါင်းမှသိဆိုသလိုပဲ သူမ ရှဲ့ရွှမ်းချန်ကို စတွေ့တုန်းက လောကသားတွေကို ကယ်တင်ဖို့ နတ်ဘုရားက ကောင်းချီးပေးခြင်းခံရတဲ့သူလို့ ထင်ခဲ့မိတာ။ မမျှော်လင့်ထားပဲ တကယ်တော့ ဒီလူက တော်တော်ခေါင်းမာပြီး ကပ်သီးကပ်သပ်နိုင်လွန်းတာပဲ။
နောက်ဆုံးတော့ မုမင်ထန်ပဲ လက်လျှော့လိုက်ရပြီး အိပ်ရာအတွင်းဘက်ထဲ ဝင်အိပ်လိုက်ရတယ်။ သူ ဖြစ်ချင်တဲ့အတိုင်း ရသွားတော့ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက မှို ရထားသလိုပဲ။
ငယ်ငယ်ကတည်းက ရှဲ့ရွှမ်းချန်က သူ လုပ်ချင်တာကို ရအောင်လုပ်တဲ့သူဖြစ်ပြီး အဖေဖြစ်သူတောင်မှ သူ့ကို မထိန်းချုပ်နိုင်ဘူး။ ဘယ်လိုလုပ် သူမလို ပေါက်စလေးက သူ့ကို စဥ်းစားချင့်ချိန်စေဖို့ မျှော်လင့်နေတာလဲ။ မုမင်ထန် အိပ်ရာအတွင်းဘက်ခြမ်းမှာ ဝင်လိုက်ပြီး စောင်နဲ့ ခေါင်းအုံးတွေကို ချလိုက်တယ်။ အဲ့ဒီနောက် နောက်ပြဿနာတစ်ခုက ပေါ်လာပြန်ကော။
သူမ ဘယ်လို အဝတ်အစားလဲရမလဲ??
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိတယ်။ ကြည့်ရတာ ရှဲ့ရွှမ်းချန်လည်း ဒီမေးခွန်းကို တွေးမိတယ်ထင်တယ်။ သူ ဟိုဘက်လှည့်သွားပြီး အပြင်ဘက်ကို လက်ညှိုးထိုးပြလာတယ်။
"အဲ့မှာ လိုက်ကာပန်းချီ ရှိတယ်၊ အနောက်မှာ မင်း အဝတ်အစား ဝင်လဲလို့ရတယ်။ ပြန်လျှောက်လာတဲ့အခါ မီးထွန်းလိုက်"
မုမင်ထန် သူ့ကို ကျော်ပြီး အိပ်ရာထဲက ပြန်ထလာရပြန်တယ်။ တော်သေးတယ်၊ ရှဲ့ရွှမ်းချန်က ခပ်ပွပွ အင်္ကျီကို ဝတ်ထားပြီးသားမို့လို့။ ဆောင်းဦးဝင်ခါစ ညဘက်တွေဆို သိပ်မအေးသေးတာမို့ အပြင်မထွက်ခင် အဝတ်အစား ထပ်လဲစရာ မလိုတော့ချေ။ မုမင်ထန် အိပ်ရာအပြင်ကို ထွက်ပြီး လိုက်ကာပန်းချီကားချပ်ကို အဆုံးထိ ဖြန့်လိုက်တယ်။ ဒါပေမဲ့ သူမစိတ်ထဲ ရှဲ့ရွှမ်းချန်က လှမ်းမြင်နေရတုန်းပဲလို့ ခံစားနေရတယ်။
သူမ ခေါင်းပြူပြီး လှမ်းပြောလာတယ်။
"ကျွန်မကို မကြည့်နဲ့နော်"
ရှဲ့ရွှမ်းချန် အစကတည်းက အကြည့်လွှဲထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူမစကားကို ကြားလိုက်ရတော့ သူ့ရဲ့ကိုယ်ကျင့်တရားကို မေးခွန်းထုတ်ခံလိုက်ရသလိုပဲ၊ သူ အတူပူးပေါင်းပြီး မလုပ်ပေးချင်တော့ဘူး။
ဒါပေမဲ့ သူ့ဘက်ကပဲ စိတ်ပြန်လျှော့လိုက်ပါတယ်လေ။ ထို့နောက် အိပ်ရာဘက်ကိုပဲ ကြည့်ပြီး ပြန်ဖြေလာတယ်။
"အွန်း"
တော်သေးတာပေါ့ သူမလည်း သူ့ကို မမြင်ရလို့။ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက ရှက်လို့ နီရဲနေပြီး နား‌တွေကလည်း ပုံမှန်လိုမဟုတ်ဘဲ ပိုပူနေတယ်။ တစ်နှစ်ပတ်လုံး နေရောင်မထိရတော့ သူ့အသားအရေက တော်တော်လေး ဖြူဖျော့နေပြီး နည်းနည်းလေး နီမြန်းနေတာနဲ့ကို တော်တော် သိသာနေပြီ။
ရှဲ့ရွှမ်းချန်မှာ ညီမအငယ်လည်း မရှိသလို နေ့တိုင်း နံရံကို ကျော်တက်ပြီး စစ်စခန်းထဲသာ သွားဆော့နေခဲ့တာ ဖြစ်တယ်။  သူ့အသက် ၁၅ နှစ်မှာတင် စစ်တပ်ကို ဦးဆောင်နိုင်နေပြီ။ ယောက်ျားလေးတွေနဲ့ သွားသွားလာလာ အများကြီး လုပ်ဖူးပေမဲ့ မိန်းကလေးတွေနဲ့တော့ ဘာအတွေ့အကြုံမှ မရှိဘူး။
နောက်ပိုင်းမှာ ကောရုန်နဲ့ အဖေဖြစ်သူအတွက် တောင်ပိုင်းနဲ့ မြောက်ပိုင်းပြည်ထောင်တွေကို တိုက်ခိုက်ရင်း သူ့အချိန်တော်တော်များများကို ကုန်ဆုံးခဲ့တယ်။ စစ်သားတွေနဲ့ပဲ အနေများတာမို့ အချစ်ရေးကိစ္စမှာ ရှဲ့ရွှမ်းချန်က သိပ်မတော်ချေ။ ဆယ်ကျော်သက်တုန်းကတော့ သေချာမသိသေးတာမို့ စိတ်ကစားခဲ့ပေမဲ့ အရွယ်‌ရောက်လာတဲ့အခါကျ အဲ့လောက်ကြီး စိတ်ဆန္ဒမရှိတော့ဘူး။
ဒီနှစ်ဆို သူ့အသက် ၁၉ နှစ် ရှိပြီ ဖြစ်တယ်။ ဒီအရွယ်က အောင်မြင်မှုတွေ မဖြစ်မနေ ရနေသင့်တဲ့အရွယ် မဟုတ်ပေမဲ့လည်း ယောက်ျားလေးတစ်ယောက်အတွက်တော့ မငယ်တော့တဲ့အသက်အရွယ်ပင်။ သူနဲ့ ရွယ်တူတွေဆို ကလေးအဖေတွေတောင် ဖြစ်နေကြပြီ။
အသက် ၁၆-၁၇ လောက်မှာတင် ရှဲ့ရွှမ်းချန်က တော်ဝင်စစ်တပ်အများစုကို တာဝန်ယူထားရပြီး မရေမတွက်နိုင်တဲ့ အောင်ပွဲတွေကို ရရှိခဲ့တယ်။ မြို့တော်က အထက်တန်းလွှာအမျိုးသားတွေ အိမ်ထောင်ပြုနေကြချိန်မှာ သူကတော့ တိုင်းပြည်အတွက် နယ်မြေတွေ တိုက်ခိုက်သိမ်းယူရင်း တစ်နေ့ကျ စစ်တပ်တစ်ခုလုံးကို ဦးဆောင်ရတဲ့သူ ဖြစ်လာဖို့ကိုပဲ ဦးစားပေးခဲ့တယ်။ မိန်းမယူ၊ အိမ်ထောင်ပြု၊ မိသားစုတစ်ခု တည်ထောင်၊ ဒါတွေက သူ့အတွက်တော့ အချိန်ဖြုန်းတဲ့အရာတွေ သက်သက်ပဲ။ မဖြစ်မနေ မလိုအပ်ဘူး။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now