Chapter 96

1.4K 127 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသောဝမ်‌ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 96
Translator – Utopia

မဟုတ်မှလွဲရော မသေခင် နောက်ဆုံးအနေနဲ့ ခနပြန်သက်သာသွားတာမျိုးများလား?
တော်ဝင်သမားနန်းဆောင်ရဲ့ အမတ်ကြီးလည်း လက်လွတ်စပယ် ပြန်မဖြေရဲချေ။ ချီယန်ဝမ်ဆိုတာက အရှင်မင်းကြီးရဲ့ စိတ်ပူစရာတွေထဲက တစ်ခုပဲ။ မသေခင် နောက်ဆုံးအနေနဲ့ ခဏပြန်သက်သာသွားတာမျိုးပါလို့ အလျင်စလို ပြောလိုက်ပြီးကာမှ၊ နောက်ရက်အနည်းငယ်အတွင်း ရှဲ့ရွှမ်းချန်က မသေဘူးဆိုရင် အရှင်မင်းကြီးလည်း စိတ်မကျေနပ်ရသလို သူလည်း အဆုံးသတ်ကောင်းမှာ မဟုတ်‌ဘူး။
တော်ဝင်သမားနန်းဆောင်ရဲ့ အမတ်ကြီးလည်း အချိန်အတော်ကြာ စဉ်းစားပြီးမှ ချင့်ချင့်ချိန်ချိန် ပြန်လျှောက်တင်လာတယ်။
"အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပါတယ်။ ဒီတစ်ကြိမ်မှာ ချီယန်ဝမ်ရယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ အခုက ၉ လပိုင်းဆိုတော့ကာ ဝမ်ရယ် အိပ်ရာထဲ လဲနေတာ ၂ နှစ်ရှိသွားပါပြီ။ ၂ နှစ်လုံးလုံး စွမ်းအင်တွေ စုပ်ယူတာပဲလုပ်ပြီး မချေဖျက်နိုင်တဲ့အခြေအနေမျိုးမှာပါ။ ဝမ်ရယ်ရဲ့ ခန္ဓာကိုယ်က နဂိုကတည်းက အားနည်းနေတဲ့အပြင်၊ မကြာခဏ စိတ်ဖောက်ပြန်ခဲ့တာကြောင့် ခန္ဓာကိုယ်ထဲက ချီစွမ်းအင်အားလုံးကို သုံးမိပြီး အခြေခံရင်းမြစ်တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့အမြင်အရပြောရရင် ဝမ်ရယ်သာ အေးအေးဆေးဆေး အနားယူပြီး အားပြန်မွေးမယ်ဆို အသက်ဆက်ရှင်နိုင်ချေ ရှိမှာပါ၊ တကယ်လို့ ဒီကြားထဲ ထပ်ပြီး စိတ်ဖောက်ပြန်သွားမယ်ဆိုရင်တော့ ဝမ်ရယ်ရဲ့ခန္ဓာကိုယ်က ဆက်ပြီး ခံနိုင်ရည်မရှိတော့မှာကို စိုးရိမ်ရပါတယ် အရှင်မင်းကြီး"
တစ်ခွန်းတည်းနဲ့ ပြောရရင် အရှင်မင်းကြီးသာ ရှဲ့ရွှမ်းချန် စိတ်ဖောက်ပြန်မယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေနိုင်သ၍၊ ရှဲ့ရွှမ်းချန်က သူ့ဟာသူ စိတ်ဖောက်ပြန်ပြီး သေသွားမှာဖြစ်ပြီး အရှင်မင်းကြီးလည်း စိတ်အေးနိုင်ပြီ ဖြစ်တယ်။ ၂ နှစ်လုံးလုံး စိုးရိမ်လာခဲ့ရတဲ့ကိစ္စက နောက်ဆုံးတော့ သေချာတဲ့အဖြေတစ်ခု ရလာလို့ ဧကရာဇ်လည်း  သက်ပြင်းချနိုင်သွားတယ်။ ဧကရာဇ်ရဲ့ စိတ်အခြေအနေက ချက်ချင်းပဲ ကြည်လင်သွားပြီး အစောနကလောက် ဒေါသထွက်မနေတော့ချေ။
ဧကရာဇ်က ချက်ချင်းပဲ လေသံပြောင်းသွားပြီး
"မောင်မင်းရဲ့ အမြင်အရဆို ကိုယ်တော်တို့ သူ့ကို နာလန်ပြန်ထူလာအောင် ဘယ်လိုလုပ်သင့်လဲ"
တော်ဝင်သမားနန်းဆောင်ရဲ့ အမတ်ကြီးလည်း ရင်တွေပန်းတွေ တုန်လာတယ်။ လက်လွတ်စပယ် ဖြေလို့ရတဲ့မေးခွန်းမဟုတ်တာကြောင့် မဖြေခင် ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစားရပြန်တယ်။ ဖြစ်နိုင်သမျှ အခြေအနေအားလုံးကို ထည့်စဉ်းစားပြီးမှ ဖြေးဖြေးချင်း ပြန်လျှောက်တင်လာတယ်။
"ကျွန်တော်မျိုးရဲ့အမြင်ကတော့ ချီယန်ဝမ်ရယ်ကို အေးအေးဆေးဆေး အနားယူခွင့်ပေးထားလိုက်ပြီး သူ့ဟာသူပဲ နေပါစေ၊ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ စိတ်မပူပန်ခိုင်းတာ အကောင်းဆုံးပါပဲ။  စိတ်အေးအေးချမ်းချမ်းနဲ့သာဆိုရင် မကြာခင်မှာ ဝမ်ရယ် နေပြန်ကောင်းလာမှာပါ။ ဒီဆောင်းကုန်အချိန်အထိ အသက်ရှင်နိုင်ခဲ့မယ်ဆို ကျွန်တော်မျိုးတို့ စိတ်ချလို့ ရသွားပါပြီ"
သူက အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောနေမှန်း ဧကရာဇ်ကလည်း သဘောပေါက်တယ်။ သူ ပြောချင်တာက ရှဲ့ရွှမ်းချန်ကို ကောင်းကောင်းပေးမနေဘဲ စိတ်ဖောက်ပြန်သွားအောင် တွန်းအားပေးရမယ်၊ များများခွန်းအားထုတ်သုံးမိလေ ခန္ဓာကိုယ်က ပိုထိခိုက်လေဖြစ်ပြီး နောက်ဆုံးမှာ မောဟိုက်ပြီး သေသွားမှာပဲ ဖြစ်တယ်။
ဒီနှစ်ဆောင်းကုန်တဲ့အထိတော့ သူ စောင့်ဖို့လိုလိမ့်မယ်။ ဒါက ဧကရာဇ် မျှော်လင့်ထားတဲ့အချိန်ထက် ပိုကြာတယ်ဆိုပေမဲ့၊ ၂ နှစ်တောင် စောင့်လာခဲ့ပြီးမှတော့ တစ်လနှစ်လလောက် ဘာလို့ထပ်မစောင့်နိုင်ရမှာလဲ။
ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး စိုးရိမ်တဲ့မျက်နှာနဲ့ ပြောလာတယ်။
"ဆောင်းတွင်းဆိုတာက အေးခဲချမ်းစိမ့်ပြီး ကျော်ဖြတ်ဖို့ရာ ခက်ခဲတယ်။ နေမကောင်းတဲ့သူတွေဆို ပိုဆိုးတာပေါ့။ ချီယန်ဝမ်က နတ်ရွာစံဧကရာဇ်ရဲ့ တစ်ဦးတည်းသောသားပဲ၊ နတ်ရွာမစံခင် တိုင်းပြည်နဲ့ သူ့သားတော်ကို ငါကိုယ်တော့်လက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့တာ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအကြောင်းကို တွေးလိုက်တိုင်း ငါကိုယ်တော် အိပ်လို့တောင် မရခဲ့ဘူး။ တိုင်းပြည်ကို ဦးဆောင်တာက တော်ဝင်စာမေးပွဲတွေ ကျင်းပပြီး အရည်အချင်းရှိတဲ့သူတွေကို နေရာပေးရင်း လုပ်ဆောင်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ချီယန်ဝမ်ရဲ့ မမာမကျန်းဖြစ်နေတာကို တွေးမိတိုင်း ငါကိုယ်တော်ရဲ့ရင်ထဲ ဆူးစူးနေသလို နာကျင်ခံစားရတယ်။ မင်းဆက်တည်ထောင်သူ နတ်ရွာစံဧကရာဇ်မှာ ဒီသားတော်တစ်ပါးပဲ ရှိတော့တာ၊ ငါကိုယ်တော်ရဲ့ သားအရင်းထက်တောင် တူတော်ကို ပိုတန်ဖိုးထားတယ်။ ဒါပေမဲ့ နတ်ဘုရားတွေက သူ့ကို မနာလိုဖြစ်ကြတယ်ပဲ ပြောရမလား၊ အခုမှ အသက် ၁၉ နှစ်ပဲ ရှိသေးတာကို ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေရရှာတယ်"
ဧကရာဇ်က မျက်ရည်တွေလည်ရင်း ဝမ်းနည်းယူကျုံးမရဖြစ်ကာ ပြောလာတယ်။ အောက်က အမတ်တွေကလည်း မျက်ရည်တွေလည်လို့။ ထို့နောက် တည်ကြည်လေးနက်တဲ့ အသံနဲ့
"တော်ဝင်သမားနန်းဆောင်အမတ်ကြီး နာခံစေ၊ ဒီနေ့ကစပြီး သမားနန်းဆောင်က သမားတော် ၅ ယောက်ကို ချီယန်အိမ်တော်ကို စေလွှတ်လိုက်တယ်။ ဒီသမားတော်တွေက ကျောင်းသားတွေကို သင်ပြစရာမလိုသလို နန်းပြင်ကိုလည်း ဆေးကုသဖို့ မသွားရောက်ရဘူး။ ချီယန်အိမ်တော်မှာပဲနေပြီး မင်းသားကို ကျန်းမာရေး စောင့်ရှောက်ပေးရမယ်။ လိုအပ်တဲ့ဆေးဝါးတွေကိုလည်း ခွင့်ပြုချက်တောင်းစရာမလိုဘဲ သိုလှောင်ခန်းကနေ တိုက်ရိုက်ယူနိုင်တယ်။ မောင်မင်းတို့တွေ မရ ရတဲ့နည်းနဲ့ ချီယန်မင်းသားကို ကောင်းကောင်း စောင့်ရှောက်ကြရမယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now