Chapter 73

1.8K 170 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 73
Translator – Utopia

ကြည့်ရတာ ရှဲ့ရွှမ်းချန်ရဲ့ဂုဏ်သတင်းက အတော်လေး အသုံးဝင်တဲ့ပုံပဲ။ မုမင်ထန်နောက် တကောက်ကောက်လိုက်နေကြတဲ့ အစေခံတွေက သူမလည်း သူ့အခန်းထဲဝင်ရော လိုက်မဝင်ရဲကြတော့ဘူး။

ရှဲ့ရွှမ်းချန်ကို စောင့်ကြည့်ဖို့ နန်းတော်ကနေ ပို့လိုက်တဲ့ စစ်သားတွေတောင်မှ သူ့အခန်းဝမှာပဲ ရပ်ရဲကြတာကို အစေခံမလေးတွေဆို ပြောမနေနဲ့တော့။ မုမင်ထန် အိပ်ရာဘေး ထိုင်လိုက်ပြီး အပြင်ကအခြေအနေကို အကဲခတ်ကာ ရှဲ့ရွှမ်းချန်ကို မျက်နှာသစ်ပေးနေတယ်။ သူတို့ အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ကျင်းအိမ်တော်ကအစေခံတွေ အပြင်မှာပဲ နေခဲ့ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်။

နောက်ကို လှည့်ကြည့်ပြီး မုမင်ထန် စိတ်ထဲက ကြိတ်ရယ်နေလိုက်တယ်။ ထို့နောက် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှဲ့ရွှမ်းချန်ရဲ့ လက်ကို ရေပတ်တိုက်ပေးနေတယ်။ ထင်ထားတဲ့အတိုင်းပဲ သူတို့က အားနည်းတဲ့သူကိုပဲ အနိုင်ကျင့်ရဲကြတာ၊ ရှဲ့ရွှမ်းချန်လို အာဏာရှိတဲ့လူနဲ့လည်းကျ အမြီးကုပ်သွားကော။

အိမ်တော်တစ်ခုလုံးလည်း သတင်းပေးတွေနဲ့ ပြည့်နေတယ်။ မုမင်ထန် တတ်နိုင်သလောက် အခန်းထဲမှာပဲ နေချင်မိတယ်၊ ဘာလို့ဆို သူမ ရှဲ့ရွှမ်းချန်ဘေးမှာ ရှိနေချိန်ပဲ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေရတော့တယ်။ မုမင်ထန် တစ်နေ့ခင်းလုံး ရှဲ့ရွှမ်းချန်ရဲ့ဘေးမှာပဲ နေ,နေခဲ့တယ်။ ဆေးတွေအကုန်လုံးကိုလည်း သူမက အရင်စမ်းကြည့်ပြီးမှပဲ ရှဲ့ရွှမ်းချန်ကို တိုက်တယ်။ နေ့လယ်ခင်းကျော်တဲ့နောက် အိမ်တော်တစ်ခုလုံးကလူတွေလည်း ပင်ပန်းနေကြပြီး ပုစဉ်းတွေတောင်မှ ကျီကျီကျာကျာ မအော်နိုင်တော့ဘူး။

မုမင်ထန် သူ့ကို ဂွမ်းလုံးနဲ့ အစက်ချ ရေတိုက်နေတုန်း သူမနောက်မှာ တစ်ခုခုဖြစ်နေသလို ခံစားလိုက်ရတယ်။ သူမလှည့်ကြည့်လိုက်တော့ အမျိုးသမီးကြီးတချို့ တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ ခေါင်းဆောင်မားမားက မျက်နှာထားခက်ထန်ထန်နဲ့ ကြည့်ရတာ ပေါင်းသင်းရခက်မယ့်ပုံပဲ။ သူမက မုမင်ထန်ကို အရိုအသေပေးလိုက်ပြီးနောက်

"ချီယန်ဝမ်ဖေး၊ မယ်တော်ကြီးက ချီယန်ဝမ်ဖေးကို အခေါ်တော်ရှိလို့ ကျွန်တော်မျိုးမတို့ကို လွှတ်လိုက်တာပါ"

လက်စသတ်တော့ သူတို့က မယ်တော်ကြီးနန်းဆောင်က အစေခံတွေပဲကိုး။ မုမင်ထန် မတ်တတ်ရပ်လိုက်ပြီး

"လက်စသတ်တော့ ကူးကူး*တို့ကိုး၊ သေချာမကြိုဆိုလိုက်ရတဲ့အတွက် အားနာလိုက်တာ။ လာပါ အထဲဝင်ကြပါ"

"ကျေးဇူးတင်ပါတယ်၊ မဝင်တော့ပါဘူး။ ဝမ်ရယ်က အနားယူနေဆဲမို့ ကျွန်တော်မျိုးမတို့ နှောင့်ယှက်မိမှာစိုးလို့ပါ" ရွှင်းကူးကူးက မျက်နှာထားအေးစက်စက်နဲ့ ဆက်ပြောလာတယ်။ "ဒီနေ့ မယ်တော်ကြီးက နန်းတော်အပြင်ကို ထွက်မလာနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်မို့ မယ်တော်ကြီးကိုယ်စား ဝမ်ဖေးကို မေးခွန်းတချို့မေးရအောင် ကျွန်တော်မျိုးမတို့ကို လွှတ်လိုက်ပါတယ်။ ဝမ်ဖေး ကျေးဇူးပြုပြီး ကျွန်တော်မျိုးမနောက်ကို လိုက်ခဲ့ပေးပါ"

မုမင်ထန် လက်သီးကျစ်ကျစ်ဆုပ်လိုက်မိတယ်၊ ပြီးကျမှ လက်ကို ပြန်ဖြေလိုက်ပြီး အသံတည်တည်ငြိမ်ငြိမ်နဲ့

"မယ်တော်ကြီးက အမိန့်ရှိလာမှတော့ ဒီဝမ်ဖေးက လိုက်နာရမှာပေါ့။ ခဏ‌‌လောက်တော့ စောင့်ပေးပါ၊ ကျွန်မ အစေခံတွေကို မှာစရာလေးတွေ မှာပြီးရင် လိုက်လာခဲ့ပါမယ်"

မုမင်ထန် အစေခံတွေကို အခန်းထဲခေါ်လိုက်ပြီး ဂွမ်းလုံးကို ကမ်းပေးကာ

"တစ်နာရီခြားတစ်ခါ ဝမ်ရယ့်ကို ‌ရေတိုက်ပေးကြ၊ အဲ့အချိန်ကြားထဲ သူ့နှုတ်ခမ်းတွေ ခြောက်နေတယ်ဆိုရင် ဒီရေဆွတ်ထားတဲ့ ဂွမ်းလုံးနဲ့ တိုက်ပေး။ သူ့လက်မှာလည်း ဒဏ်ရာရှိသေးတယ်။ တစ်နေ့သုံးကြိမ် မနက်ခင်း၊ နေ့လယ်ခင်းနဲ့ ညဘက်တွေတိုင်း ပတ်တီးကို ပုံမှန်လဲပေး။ ဒဏ်ရာတွေကို အရက်ပျံနဲ့ ဆေးပေးဖို့လိုတယ်၊ နောက်ပြီး ဒဏ်ရာကို သွားမထိမိအောင် ဂရုစိုက်ပေးကြ။ နောက်ပြီး ဝမ်ရယ်က မေ့မြောနေပေမဲ့ သတိကတော့ ကောင်းကောင်း ရှိနေတုန်းပဲ။ နင်တို့တွေ စိတ်ရှည်ရှည်နဲ့ သေချာဂရုစိုက်ပြီး ဆန်ပြုတ်တိုက်ပေးရမယ်။ သမားတော်ညွှန်းတဲ့အတိုင်း ဆေးတွေကို ပြင်ဆင်ပြီး တိုက်ပေး၊ ဆေးတွေက အပြင်မှာ ရှိတယ်။ ဆေးတိုက်တဲ့အခါ၊ ဆန်ပြုတ်တိုက်တဲ့အခါ မအေးသွားစေနဲ့၊ ခပ်နွေးနွေးဖြစ်နေတုန်းလေးမှ တိုက်ပေးရယ်"

မုမင်ထန် စိတ်ထဲရှိသမျှကို အစေခံတွေကို မှာနေတယ်။ သူမပြောလေလေ အရေးကြီးတဲ့အချက်လေးတွေက ပေါ်ပေါ်လာလေပဲ။ ဒါပေမဲ့လည်း အများကြီးခိုင်းခဲ့ရင် အစေခံတွေက မလုပ်တတ်ဘဲ လစ်ဟင်းကုန်မှာစိုးတာကြောင့် တိုတိုတုတ်တုတ် အကျဉ်းချုပ်ပြီးပဲ မှာခဲ့လိုက်တော့တယ်။

ရွှင်းကူးကူးက ချောင်းဟန့်လိုက်ပြီး သူမကို အမြန်လုပ်ဖို့ သတိပေးလာတယ်။ သူမမှာ အချိန်သိပ်မရှိတော့မှန်း မုမင်ထန် သဘောပေါက်လိုက်တယ်။ သူမ မှတ်မိသလောက် မြန်မြန်ပဲ လုပ်ရမယ့်ဟာတွေကို ပြောပြခဲ့ပြီး ရွှင်းကူးကူးခေါ်တဲ့အတိုင်း မယ်တော်ကြီးရှိရာကို လိုက်လာခဲ့တယ်။ အပြင်ကို အနည်းငယ် လျှောက်ပြီးတဲ့နောက် သူမ ရုတ်တရက် ရပ်လိုက်ပြီး ရှဲ့ရွှမ်းချန်ကို မခွဲချင်ခွဲချင်နဲ့ လှမ်းကြည့်နေမိတယ်။

ဒီတစ်ခေါက် သူမ ပြန်လာနိုင်ပါတော့မလား သူမကိုယ်တိုင်လည်း မသေချာဘူး။ အခုတွေ့ရတာက သူမတို့အတွက် နောက်ဆုံးဖြစ်သွားမှာကို ကြောက်မိတယ်။ သူမ ရှဲ့ရွှမ်းချန်ကို တိတ်တိတ်လေး ခိုးလွှတ်ပေးခဲ့အကြောင်းက ပေါ်သွားပြီမှန်း သူမလည်း သိတယ်။

(TN: ကူးကူး = အသက်အရွယ်ရပြီးသား အပျိုတော်ကြီးတွေကို ဆိုလိုပါတယ်)
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now