စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 86
Translator – Utopia
"အွန်း"
ရှဲ့ရွှမ်းချန် မတ်တတ်ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုတ်တရက် အားနည်းသွားပြီး မတ်တတ်တောင် ကောင်းကောင်း မရပ်နိုင်တော့ချေ။ မုမင်ထန် အမြန်ပဲ သူ့ကို လှမ်းထိန်းပေးလိုက်ပြီး
"အရှင့်သား ဘယ်လိုဖြစ်တာလဲ"
"စကားမပြောနဲ့" ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေက ပိုလို့တောင် ဖျော့တော့နေတယ်။ "အပြင်က ဘယ်သူ့ကိုမှ သွားမပြောနဲ့"
"အွန်းပါ အွန်းပါ"
မုမင်ထန် ခပ်မြန်မြန်ပဲ သူ့ကို အိပ်ရာထဲ လိုက်ပို့ပေးပြီး ခေါင်းအုံးနဲ့စောင် ပြင်ဆင်ပေးလိုက်တယ်။ ရှဲ့ရွှမ်းချန် အိပ်ရာထဲ လှဲလိုက်ပြီး တော်တော်လေး ပင်ပန်းနေသလိုမျိုး မျက်လုံးကို မှိတ်ထားတယ်။ သူက အိပ်ရာထဲမှာ အားနည်းဖျော့တော့စွာ လှဲနေပေမဲ့လည်း ဖျော့တော့တဲ့အသားအရည်၊ ပိန်ပိန်ပါးပါးမျက်နှာနဲ့ မျက်တောင်ရှည်ကြီးတွေ ပေါင်းစပ်လိုက်တဲ့အခါ ရှဲ့ရွှမ်းချန်က ချောမောနေတုန်းပဲ။
ဒါက တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ သူမ တိတ်တိတ်လေး သိလိုက်ရတယ်။ အစောနက စွန်းကူးကူးနဲ့ သူ တွေ့တုန်းကတောင် သူ့ပုံစံက မာနကြီးပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတယ်၊ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပုံစံမျိုး။ ဒါပေမဲ့ လူတွေမမြင်နိုင်တဲ့ နောက်ကွယ်မှာတော့ သူက ချက်ချင်းပဲ အားနည်းချည့်နဲ့သွားတယ်။
သူ့ကို အရင်က အနိုင်ကျင့်တတ်တဲ့မကောင်းဆိုးဝါးကြီးလို့ သူမ ထင်ခဲ့မိပေမဲ့ တကယ်တမ်းတော့ သူက အလှလေးတစ်ယောက်ပါပဲ။
မုမင်ထန် ပြောစရာစကား ပျောက်ရှသွားပြီး အဝတ်တစ်ထည်ယူကာ သူ့နဖူးက ချွေးတွေကို ဖွဖွလေး သုတ်ပေးနေတယ်။
"အရှင့်သား နေလို့အဆင်မပြေရင် ကျွန်မကို ချက်ချင်း ပြောနော်။ ကျွန်မ ရှန့်နန်ချွမ်နဲ့ စကားအကြာကြီး မပြောခဲ့သင့်တာပါ။ အခုကော သက်သာရဲ့လား"
ရှဲ့ရွှမ်းချန်ကတော့ မျက်စိမှိတ်ထားဆဲဖြစ်တယ်။ သူမကို စကားပြန်ပြောဖို့တောင် သူ့မှာ အားမကျန်တော့ဘူး။ မုမင်ထန် နည်းနည်း စိုးရိမ်လာတယ်၊ သူမ မျက်မှောင်ကြုတ်သွားပြီး
"အရှင့်သား ဘယ်နားနေလို့ မကောင်းတာလဲ။ ဒါမှမဟုတ် ကျွန်မ တော်ဝင်သမားတော်ပဲ သွားခေါ်လိုက်ရမလား"
"မလုပ်နဲ့" ရှဲ့ရွှမ်းချန် မျက်လုံးဖွင့်လိုက်ပြီး ဖြေးဖြေးချင်း ပြောလာတယ်။ "ကိုယ် ဒီအတိုင်း နည်းနည်း ပင်ပန်းနေရုံတင်ပါ၊ နားလိုက်ရင် ရပြီ"
တော်သေးတယ် ကြီးကြီးမားမား မဟုတ်တာမို့ မုမင်ထန် သက်ပြင်းချလိုက်တယ်။ ရှဲ့ရွှမ်းချန် ဘယ်လိုအခြေအနေလဲဆိုတာ သူမ သိတယ်။ ပုံမှန်ဆို နည်းနည်းလောက် လမ်းမြန်မြန် လျှောက်လိုက်ရင်တောင် သူ မောဟိုက်နေတတ်တာ။ ဒါပေမဲ့ အဲ့ဒီနေ့ညတုန်းက အချိန်အတော်ကြာ သူ တိုက်ခိုက်ခဲ့ပြီး လူအများကြီးကိုလည်း ထိခိုက်စေခဲ့တယ်။ လက်ရှိအခြေအနေမှာ သူ့ခန္ဓာကိုယ်က အဲ့လောက်ထိ ဒဏ်မခံနိုင်သေးဘူး။ အဲ့အချိန်တုန်းကတော့ သူ စိတ်ဖောက်ပြန်နေတာမို့ နာကျင်တာ၊ ပင်ပန်းတာမျိုး ကို မခံစားရပေမဲ့လည်း အခု ပုံမှန်စိတ်အခြေအနေ ပြန်ဖြစ်သွားတော့ သူ့ ခန္ဓာကိုယ်က ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။
အမှန်ဆို ရှဲ့ရွှမ်းချန် နားနေသင့်တာ ဖြစ်ပေမဲ့လည်း မုမင်ထန် မရှိတာကိုတွေ့တော့ အားနည်းနေတဲ့ကြားက သူ့ခန္ဓာကိုယ်ကို အတင်းဖိအားပေးပြီး သူမကို ရအောင် လိုက်ရှာခဲ့တာဖြစ်တယ်။ နောက်ပြီး ဘုရားကျောင်းအထိကို ဘယ်သူ့အကူအညီမှ မပါဘဲ တစ်ယောက်တည်း လျှောက်လာခဲ့တာတဲ့။
မုမင်ထန် ပြောသင့် မပြောသင့် တွေဝေနေမိတယ်။ နောက်ဆုံးကျ သူမ သက်ပြင်းချလိုက်ရင်း အသံတိုးတိုးလေးနဲ့
"သူတို့ ကျွန်မကို ဘာမှမလုပ်ရဲပါဘူး။ တစ်ရက် နှစ်ရက်လောက် ထပ်စောင့်နေလို့ ရတာပဲဟာကို၊ အရှင့်သား ဒီလောက် အားနည်းနေတာကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး လုပ်ရတာလဲ"
"တကယ်လို့ ကိုယ်သာ ကြမ်းကြမ်းတမ်းတမ်း အပြစ်မပေးရင် သူတို့က ရောင့်တက်လာကြလိမ့်မယ်။ တစ်ခါလောက် မှတ်လောက်အောင် ကိုယ် အပြစ်ပေးမှ သူတို့ နောက်တစ်ခါထပ်ပြီး အဆင်အခြင်မဲ့ မလုပ်ရဲကြတော့မှာ"
ထို့နောက် ရှဲ့ရွှမ်းချန် သူမကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး "နောက်ပြီး အားနည်းရအောင် ဘယ်သူ့ကို အားနည်းတယ်လို့ ပြောတာလဲ"
သူ့မျက်ဆံတွေက သာမန်ထက်ကို ပိုနက်တယ်။ ဒါ့အပြင် ရှဲ့ရွှမ်းချန်က စစ်မြေပြင်မှာ ထောင်သောင်းချီတဲ့ စစ်သားတွေကို ဦးဆောင်ခဲ့သူမို့ သူ့အကြည့်က သတ်ဖြတ်ခြင်းအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်။ သူ့အကြည့်တစ်ချက်နဲ့တင်ကို တော်တော်လေး အာဏာပြင်းလွန်းတယ်။
ဖျော့တော့နေတဲ့ သူ့မျက်နှာလေးကို ကြည့်ရင်း သူ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်ပြီး အိပ်ရာထဲ လှဲနေရှာလဲ တွေးမိပြန်တော့ မုမင်ထန် သူ့ကို ဘယ်လိုမှ ကြောက်စရာလို့ မြင်ကြည့်လို့မရဘူး။ နေမကောင်းတဲ့လူကို စကားတွေအများကြီး ပြောနေဖို့ မသင့်တော်တာကြောင့် သူမလည်း ခေါင်းပဲညိတ်လိုက်တယ်။
"အွန်းပါ ဟုတ်ပါပြီ၊ ကျွန်မ မှားသွားပါတယ်။ ဒေါသမထွက်နဲ့၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ထိခိုက်အောင် မလုပ်နဲ့"
တစ်ချက်ကြည့်လိုက်တာနဲ့ သူမက ဘယ်လောက်တောင် အဆောတလျင် ကောက်ချက်ချတတ်လဲ ရှဲ့ရွှမ်းချန် သတိထားမိတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ စကားပြောရတာနဲ့တင်ကို သူ တော်တော်လေး မောနေပြီဖြစ်တယ်။ ဆိုတော့ကာ သူ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတာ သူမကို လက်တွေ့ပြဖို့ သူ့မှာ အင်အားမရှိသေးဘူး။ သူ မုမင်ထန်ကို ကြည့်ပဲ ကြည့်လိုက်ပြီး တစ်နေ့ကျ သက်သေပြမယ်လို့ စိတ်ထဲ တေးထားလိုက်တယ်။
ရှဲ့ရွှမ်းချန်က ခပ်ပြတ်ပြတ် လုပ်တတ်ပြီး စိတ်ကလည်း သိပ်မရှည်ဘူးဆိုတဲ့ ဂုဏ်သတင်းက သူ့ရဲ့အောင်ပွဲရ တိုက်ပွဲတွေလိုပဲ နာမည်ကြီးတယ်ဆိုတာ မုမင်ထန် အရင်ကတည်းက သိတယ်။ ကျန်းမိသားစုဆီမှာနေတုန်းက ရှဲ့ရွှမ်းချန်ရဲ့ မကောင်းသတင်းအစုံကို သူမ နားမဆံ့အောင် ကြားခဲ့ရတာ ဖြစ်တယ်။ ကြားရဖန်များလာတော့ သူ့အကြောင်းတွေက သူမအတွက် အထူးအဆန်း မဟုတ်တော့ချေ။ နောက်ပိုင်း သူမ ရှဲ့ရွှမ်းချန်နဲ့ အိမ်ထောင်ကျသွားတဲ့အခါ သူက အိပ်ရာပေါ်ပဲ လှဲနေရပြီး နူးညံ့လှပတဲ့ကောင်ချောလေးမှန်း သိလိုက်ရတယ်။ ဒါ့အပြင် ရှဲ့ရွှမ်းချန်က သူမရဲ့ အသက်သခင်ကျေးဇူးရှင်မှန်း မမျှော်လင့်ပဲ သိလိုက်ရတော့ သူမရဲ့အမြင်က လုံးဝကို ပြောင်းလဲသွားတော့တယ်။ ဒီလိုနဲ့ ရှဲ့ရွှမ်းချန်က တကယ်တော့ လူကောင်းတစ်ယောက်ဖြစ်ပြီး အပြင်က ကောလာဟလတွေ အကုန်လုံးက သူ့ကို နာမည်ဖျက်ချင်လို့ ပြောနေကြတာလို့ပဲ မုမင်ထန် ယုံကြည်ခဲ့တယ်။
____________________________________________________________________________________________