စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
Chapter 01
ဘာသာပြန်သူ – Utopiaဆွေ့ဟယ်သက္ကရာဇ်ရဲ့ တတိယနှစ်၊ အနောက်ဘက် ဟန်ပြည်ထောင်၊ နွေရာသီ
ကျန်းအိမ်တော်ဝန်းကို ထူထပ်တဲ့ သစ်ပင်တွေနဲ့ ဝန်းရံထားပြီး စိမ်းလဲ့တဲ့ သစ်ပင်ရိပ်တွေနောက်မှာ အမိုးစွန်းနားကို မြင်ရဖို့ရာ ခက်ခဲလှတယ်။ ထို့အတူ အဲ့ကို ဖြတ်ပြီး သွားလာနေတဲ့ လူတွေကိုကောပေါ့။
မုမင်ထန်က အပြာရောင်ဖျော့ဖျော့နဲ့ ငွေမှင်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ အပြင်ဘက်မှာ ရှိတဲ့သူနှစ်ယောက်ကတော့ သူတို့စကားဝိုင်းထဲမှာပဲ စိတ်ရောက်နေတာကြောင့် သူမ ရောက်လာတာကို သတိမပြုမိပေ။ ဒါ့အပြင် သူမ ဝတ်ထားတာကလည်း အရောင်ဖျော့ဖျော့ဆိုတော့ ပတ်ဝန်းကျင်က သစ်ပင်ရိပ်တွေကြား ပျောက်နေတယ်။
ဒါပေမဲ့လည်း ပုံမှန်ဆို သတိရှိတတ်တဲ့ မင်းသားကျင်း (ကျင်းဝမ်) က စိတ်ချလက်ချ သတိလက်လွတ် ဖြစ်နေရတဲ့ အကြောင်းအရင်းက သူရဲ့ ချစ်လှစွာသော အချစ်ဦးနဲ့ ပြန်ဆုံခွင့်ရခဲ့လို့မှန်း မုမင်ထန် သိနေခဲ့ပြီးသားပါ။ ဒါ့ကြောင့်မို့ သူ သတိမမူမိဘဲ မုမင်ထန် ရောက်နေတယ်ဆိုတာ မေ့သွားခဲ့တယ်။
“ ကျွန်မ လုပ်ခဲ့မိတဲ့အရာအတွက် တကယ် တောင်းပန်ပါတယ် အစ်ကိုကျီ .... ကျွန်မ အရိုင်းအစိုင်းတွေရဲ့ အလိမ်အညာစကားကို ယုံခဲ့မိပြီး ရှင့်ကို အထင်လွဲခဲ့မိတယ်။ ဒါတင်မကဘူး အိမ်ကပါ ထွက်ပြေးခဲ့သေးတယ်။ အခုလို အစ်ကိုကျီ ကောင်းကောင်းမွန်မွန် ရှိနေတာ မြင်ရတော့ ကျွန်မ တကယ် ဝမ်းသာမိတယ်။ မဟုတ်ရင် ကျွန်မ .…. ”
အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက ရုတ်တရက် ဝမ်းနည်းပြီး ငိုရှိုက်လာတယ်။ သူမ မျက်နှာလေးက မျက်နှာချေလိမ်းခြယ်ထားတာမျိုး မရှိဘူး၊ ဝတ်ထားတာလေးကလည်း ရိုးရိုးရှင်းရှင်းပဲ။ တစ်ချက် ကြည့်လိုက်တာနဲ့ မိန်းမောသွားအောင်လှတဲ့ အလှမျိုးတော့ မဟုတ်ပေမဲ့လည်း သူမရဲ့အလှက တစိမ့်စိမ့်ကြည့်လေ ရှုမဝလေ ဖြစ်တဲ့ အလှမျိုးပေ။
သူမရဲ့ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ပြည့်နေပြီး မျက်ရည်မကျအောင် ထိန်းထားပေမဲ့လည်း ဘယ်သူပဲ မြင်မြင် သူမကို ကရုဏာသက်မိစေတယ်။ ရှဲ့ရွှမ်းကျီလည်း ခြွင်းချက်မရှိပေါ့။ သူမအနားကို ဆက်တိုးမသွားမိအောင် မထိန်းချုပ်နိုင်ဘဲ အနားကိုပဲ ပိုတိုးသွားမိတယ်။ သူမကို နှစ်သိမ့်ပွေ့ဖက် ပေးချင်ပေမဲ့လည်း သူမလေး လန့်သွားမှာစိုးတာကြောင့် ပြန်ထိန်းထားလိုက်ရတယ်။