Chapter 23
December 4, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 23
Translator – Utopia
ဒါပေမဲ့လည်း ယွီလင်စံအိမ်တော်နဲ့ ယှဉ်လိုက်ရင် အခု သူမနေနေတဲ့ အခန်းကျယ်ကျယ်ဆိုတာက ပမွှားလေးပဲ ရှိတယ်။ ဒီနေရာက အစေခံတွေ နားနေဆောင်အနေနဲ့ အသုံးပြုကြတာ ဖြစ်တယ်။ အိမ်တော်တစ်ခုလုံးသာဆို ဘယ်လောက်တောင် ကြီးမားလိုက်မလဲ သူမ တွေးကြည့်လို့တောင် မရဘူး။
သူမအခန်းကို သန့်ရှင်းရေးလုပ်ရင်း ချမ်းသာတဲ့သူဖြစ်ရတာ ဘယ်လောက်ကောင်းလဲတွေးရင်း သက်ပြင်းချလိုက်တယ်။ သူမအခန်းကို ရှင်းလင်းပြီးနောက် အခုအချိန်က ချီယန်ဝမ်ဆီ သွားရတော့မယ်အချိန်မှန်း နားလည်လိုက်တယ်။ သူမ အချိန်ဆက်ဆွဲနေလို့ မရချေ။
ဇာမဏီသရဖူနဲ့ မင်္ဂလာဝတ်စုံကို ချွတ်ထားလိုက်ပြီမို့ လမ်းလျှောက်ရတာ ပိုပြီး သက်တောင့်သက်သာ ရှိနေတယ်။
ပုံမှန်အားဖြင့် အိပ်ခန်းက အနောက်ဘက်ခန်းဆောင်မှာ တည်ရှိတယ်။ မုမင်ထန် ဧည့်ကြိုခန်းမဆောင်ကနေ အတွင်းအိပ်ဆောင်ဆီကို ဖြတ်လာပြီးနောက် ဂရုတစိုက်နဲ့ ခန်းဆီးလိုက်ကာတွေကို မ လိုက်တယ်။ ထို့နောက် ခေါင်းလျှိုဝင်လာပြီး
သူမအသံက တုန်ယင်နေပြီး တစ်ကိုယ်လုံးလည်း တောင့်ခဲနေပြီ။ တစ်ခုခု မူမမှန်တာ တွေ့တာနဲ့ ချက်ချင်း ထွက်ပြေးဖို့ အသင့်ပြင်ထားတယ်။ ဒါပေမဲ့လည်း တိတ်ဆိတ်မှုကသာ သူမကို ပြန်နှုတ်ဆက်ခဲ့တယ်။ ခဏကြာတဲ့နောက် မုမင်ထန် အခန်းထဲ နှစ်လှမ်းလောက် လှမ်းလာလိုက်တယ်။ အိပ်ရာပေါ် မှာ တစ်ယောက်ယောက် လှဲနေတာကို မြင်ရပေမဲ့ မျက်နှာကိုတော့ သေချာ မမြင်ရသေးဘူး။ တိတ်ဆိတ်မှုက သူမကို ကြောက်ရွံလာအောင် လှုံ့ဆော်နေပေမဲ့လည်း သူမ အားတင်းပြီး အရှေ့ကို ဆက်လျှောက်လာလိုက်တယ်။
ထိုအမျိုးသားရဲ့မျက်နှာကို မြင်လိုက်ရချိန်မှာ မုမင်ထန် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်တယ်။ သူမစိတ်ဝိညာဉ်တစ်ခုလုံး လွင့်စဉ်ခဲ့ပြီး ပြန်ရောက်လာသလိုမျိုးပဲ။
မုမင်ထန် မျက်လုံးအပြူးသားနဲ့ အိပ်ရာဘေး ပြေးသွားလိုက်တယ်။ သူမ ကြောက်မနေခဲ့ဘူး။ ဒူးထောက်လိုက်ပြီးနောက် တုန်ယင်နေတဲ့လက်တွေနဲ့ အိပ်ရာရှေ့က လိုက်ကာအပါးကို ဖယ်လိုက်တယ်။
ဒီနေရာကနေဆို သူ့မျက်နှာကို အမြင်မှားတာ မဖြစ်နိုင်ဘူး။
“ရှင်ပဲ .... တကယ်ပဲ ရှင်ဖြစ်နေတာကိုး!”
မျက်ရည်တွေက သူမပါးပေါ် လိမ့်ဆင်းလာပြီး ဖော်မပြနိုင်တဲ့ ဝမ်းနည်းမှုတွေက ရင်ထဲ ဆို့တက်လာတယ်။
သူမငယ်ငယ်တုန်းက မိဘတွေက မျက်ရှုရတနာ ပုလဲလုံးလေးလို သူမကို ချစ်ပေးကြတယ်။ တစ်ချိန်တုန်းက မုမင်ထန်ဟာလည်း စားဖို့ ဝတ်ဖို့ မပူရတဲ့ မိဘတွေ အလိုလိုက်ခံရတဲ့ ကလေးမလေး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူမအသက် ၁၂နှစ်မှာ အရာအားလုံးက ပျက်စီးသွားခဲ့တယ်။
တိုင်းတစ်ပါးသားတွေက ရှန်းယန်ကို ကျူးကျော်လာပြီး တစ်မြို့လုံးကို မီးလောင်တိုက်သွင်း ဖျက်ဆီးပစ်ခဲ့တယ်။ ကုန်သည်အိမ်တော်ဖြစ်တဲ့ မုမိသားစုကလည်း ဆာလောင်နေတဲ့ဝံပုလွေလူတွေရဲ့ ပစ်မှတ်ပဲ။ မြို့က ကျသွားပြီဆိုတာ သိလိုက်ချိန်မှာပဲ မုမင်ထန်ရဲ့မိဘတွေက တစ်သက်လုံးနေလာတဲ့ အိမ်ယာတွေကို စွန့်ပစ်ခဲ့ရပြီး ကိုယ်ပေါ်ပါသလောက် လက်ဝတ်လက်စားနဲ့ပဲ ထွက်ပြေးခဲ့ကြတယ်။ ဒါပေမဲ့လည်း ဝံပုလွေတွေကတော့ သူတို့ထားခဲ့တဲ့ အိမ်တော်က ပစ္စည်းတွေလောက်နဲ့ မကျေနပ်ခဲ့ကြချေ။
မုမိသားစုမှာ ချောမောလှပတဲ့သမီးငယ်လေး ရှိတယ်ဆိုတာ လူတော်တော်များများ သိကြတယ်။ ဒါကြောင့်မို့ သူမက အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ မိသားစုအတော်များများက စေ့စပ်ကြောင်းလမ်းဖို့ လာရောက်ကမ်းလှမ်းကြတာတွေ ရှိတယ်။ ဒါပေမဲ့လည်း သူမမိဘတွေက သူတို့သမီးလေးက ငယ်ရွယ်သေးတာမို့ စေ့စပ်လာသူတိုင်းကို ငြင်းခဲ့တယ်။
အခု တိုင်းတစ်ပါးသားတွေ ကျူးကျော်လာချိန်မှာတော့ သူမရဲ့မျက်နှာလှလှလေးက ကြမ္မာဆိုးကို ခေါ်ဆောင်လာခဲ့ပြီ။
အရိုင်းအစိုင်းတွေက သူတို့နောက်ကို လိုက်လာပြီမှန်းသိတဲ့အခါ မုသခင်ကြီးက ရှိသမျှ အဖိုးတန်ပစ္စည်းတွေကို မုသခင်မလက်ထဲ ထိုးထည့်ပေးပြီး သမီးလေးနဲ့ ထွက်ပြေးခိုင်းတော့တယ်။ သူမနောက်က ခင်ပွန်းဖြစ်သူရဲ့ ဓားနဲ့ထိုးခံလိုက်ရတဲ့အသံကို ကြားတဲ့အခါ မုသခင်မခမျာ သောကမဖြေဆည်နိုင်ဘဲ မင်ထန်လေးလက်ကို ဆွဲကာ ထွက်ပြေးကြရပြန်တယ်။
သူတို့ အသက်လုပြီး ထွက်ပြေးကြပေမဲ့ အရိုင်းအစိုင်း တိုင်းတစ်ပါးသားတွေက အမဲလိုက်သလို သူမတို့နောက်ကို သဲကြီးမဲကြီး လိုက်နေကြဆဲဖြစ်တယ်။ နောက်ဆုံးမှာတော့ မုသခင်မက မုမင်ထန်ကို အဝေးတွန်းထုတ်ပြီး ဆန့်ကျင်ဘက်အရပ်ကို ပြေးကာ အရိုင်းအစိုင်းတွေကို မျှားခေါ်သွားတော့တယ်။ အသက်လုပြီး ထွက်ပြေးရတာကြောင့် မုသခင်မ သူမကို ဘာပစ္စည်းမှတောင် မပေးလိုက်နိုင်ချေ။
မုမင်ထန် ငိုရင်း ဦးတည်ရာမဲ့ ထွက်ပြေးနေမိတော့တယ်။ သူမ ဘာအတွက် အသက်ရှင်ရမှာလဲ မသိတော့ဘူး။ မိဘတွေလည်း သေသွားကြပြီ။ သူမ ဘာဆက်လုပ်ရမလဲ။ မုမင်ထန် အမေဖြစ်သူဆီ ပြန်သွားဖို့ လုပ်လိုက်ပေမဲ့ လမ်းကွေ့တစ်ခုကို ရောက်တဲ့အခါ အရိုင်းအစိုင်း တိုင်းတစ်ပါးက ကျူးကျော်သူတွေနဲ့ တည့်တည့်သွားတိုးတော့တယ်။
သူမကို တွေ့သွားတာနဲ့ အားလုံးက စိတ်လှုပ်ရှားသွားပြီး အော်ဟစ်ရယ်မောနေကြတယ်။ သူမ သူတို့ကို ရိုက်နှက်ပစ်ဖို့ လုပ်ပေမဲ့ သူမလက်တွေက အလွယ်တကူပဲ ဖယ်ချခံလိုက်ရတယ်။ ခေါင်းဆောင်ဖြစ်သူက သူမဆီ တဏှာပြည့်နေတဲ့ မျက်လုံးတွေနဲ့ သရေတမြားမြား ချဥ်းကပ်လာနေတယ်။ ရုတ်တရက်ဆိုသလို မြှားတစ်စင်းက ဝှီးခနဲ ဖြတ်လာပြီး သူ့လည်ပင်းကို ထုတ်ချင်းပေါက် စိုက်သွားတယ်။
ထို့နောက် “သတ်ကြ !” ဆိုတဲ့အသံကို သူမ ကြားလိုက်ရတော့တယ်။
မုမင်ထန် ကြောက်ကြောက်လန့်လန့်နဲ့ မြေပေါ်မှာ ဘောလုံးလေးလို ကွေးနေမိတယ်။ ကျူးကျော်သူတွေရဲ့ သွေးတွေက သူမတစ်ကိုယ်လုံးကို ဖြန်းထားသလိုပဲ။ သူမ မော့ကြည့်လိုက်တဲ့အခါ သွေးနီလွှမ်းတဲ့ အဖြူရောင်မြင်းခြေထောက်တွေက သူမရှေ့ ရပ်နေတာကို တွေ့လိုက်ရတယ်။
မြင်းစီးသူရဲကောင်း လူငယ်က နောက်ဆုံးကျန်တဲ့ အရိုင်းအစိုင်းကို သတ်ပြီးသွားတဲ့နောက် သူမကို ငုံ့ကြည့်လိုက်တယ်။ ထို့နောက် မျက်ခုံးပင့်ရင်း
“မင်း လမ်းလျှောက်နိုင်သေးလား”
မုမင်ထန် အကြောက်လွန်ပြီး ကြက်သေသေနေပေမဲ့ တုန်တုန်ယင်ယင်နဲ့ပဲ ထလာလိုက်တယ်။ ဒါကို မြင်ပြီးတဲ့နောက် ထိုလူငယ်ကလည်း မြင်းကို တခြားအရပ်ကို ဇက်လှည့်လိုက်ပြီး ဖြေးဖြေးချင်း ထွက်ခွာသွားတော့တယ်။ သူ မထွက်သွားခင်မှာ စကားနှစ်ခွန်းကို ပြောသွားတယ်။
“မင်း လမ်းလျှောက်နိုင်သ၍ အရှေ့ကို ဆက်သွားနေသင့်တယ်။ သေတယ်ဆိုတာ သိပ်လွယ်တယ်၊ အသက်ရှင်ဖို့ ကြိုးစားရတာကသာ ခက်ခဲတာ”
သူ့စကားတွေလိုပဲ သူ့အကြည့်တွေကလည်း အေးစက်ပြီး ပြတ်သားတယ်။ သူ့မျက်ဝန်းထောင့်က မျက်ရည်စက်ပုံ မှဲ့က သူ့ကို သနားညှာတာခြင်းကင်းမဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ပုံစံ ပိုထင်ရှားစေတယ်။
အဲဒီနှစ် သူမနဲ့ ရှဲ့ရွှမ်းချန်တို့ ဆုံခဲ့ကြတုန်းက ကံကြမ္မာက သူတို့ကို နောက်တစ်ဖန် ပြန်ဆုံစေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးကြည့်ခဲ့ဖူးဘူး။
______________________________________________________________________________________________________