Chapter 43

2.3K 247 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 43
Translator – Utopia

မုမင်ထန် အဝတ်စကို ယူလိုက်ပြီး မျက်ရည်တွေ သုတ်ရင်း တရှုံ့ရှုံ့ငိုနေတော့တယ်။ နောက်မှ သူမ ရှဲ့ရွှမ်းချန်ရှေ့ တော်တော်ကြာအောင် ငိုနေမိမှန်း သတိထားမိတော့တယ်။ သူမ ရှက်လည်းရှက်၊ ကိုးရိုးကားရားလည်း ဖြစ်သွားတယ်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး

"သမားတော်က ဘာလို့ မလာသေးတာပါလိမ့်နော် ....."

"တော်ဝင်သမားတော်?" ရှဲ့ရွှမ်းချန် ရယ်လိုက်ရင်း နောက်ကို မှီချလိုက်တယ်။ ထို့နောက် နူးနူးညံ့ညံ့နဲ့ ပြောလာတယ်။

"သူတို့ မလာပါဘူး"

"ဒါပေမဲ့ ကျင်းဝမ်ပြောသွားတာက ...."

"မင်းပဲပြောတာလေ၊ သူ ဒီကနေ ထွက်သွားတယ်ဆိုတာ။ ယွီလင်စံအိမ်တော်မှာ ဘာတွေဖြစ်ခဲ့လဲ၊ သူ ဘာလုပ်ခဲ့လဲ ပြန်ပြောပြရဲမယ်ထင်လို့လား"

မုမင်ထန် နှုတ်ဆိတ်သွားတယ်။ ရှဲ့ရွှမ်းချန်ရဲ့ သူမတူတဲ့ ခွန်အားကို ပြန်တွေးမိတော့ သူသာ ရိုက်ချိုးပစ်မယ်ပြောရင် တကယ် ချိုးပစ်နိုင်လို့ပဲ။

အစကတော့ အိမ်တော်ထဲက အစောင့်တွေက သူရဲဘောကြောင်ပြီး ကြောက်ရွံ့နေကြတာလို့ သူမ ထင်ခဲ့မိတယ်။ ချီယန်မင်းသားက တစ္ဆေသရဲမှ မဟုတ်တာ၊ ဘယ်လိုလုပ် ခြောက်လှန့်နိုင်မှာလဲ။ အခု သူမ ပြန်တွေးမိတော့ ချီယန်မင်းသားက တစ္ဆေသရဲထက် ပိုဆိုးတယ်။ သရဲကတောင် သူ့လောက် ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူး။

သူ မျက်လုံးမှိတ်ပြီး နောက်ကို မှီထားတာကို မုမင်ထန် လှမ်းကြည့်နေမိတယ်။ သူ့ပုံစံက အတော်လေး ပင်ပန်းနွမ်းနယ်နေပုံပေါ်တယ်။ သူမ ညင်ညင်သာသာနဲ့ သူ လှဲအိပ်လို့ရအောင် ကူပေးပြီးနောက် လိုက်ကာ ချပေးပြီး ထွက်လာခဲ့လိုက်တယ်။ မုမင်ထန် နှစ်လှမ်းလောက် လှမ်းပြီး သူ့ကို ပြန်လှည့်ကြည့်မိတယ်။ အိပ်စက်နေတဲ့ သူ့ပုံစံက မြင့်မြတ်ပြီး ရိုးသားဖြူစင်ပုံပေါ်တယ်။

ဒါပေမဲ့ ဒီလိုမျက်နှာလှလှလေးနဲ့လူက အတိုင်းအဆမရှိတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။

သူ စစ်တပ်ထဲ ရောက်ပြီးတဲ့နောက် တိုက်ပွဲတိုင်းကို အောင်မြင်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။ သူ့ကို အနိုင်ယူနိုင်သူ မရှိဘဲ 'လမ်းလျှောက်နေတဲ့ တိုက်ပွဲအလံ' လို့တောင် ခေါ်ဆိုခဲ့ကြတယ်။ သူ စိတ်ဖောက်ပြန်သွားတာလည်း အံ့ဩစရာမရှိပါဘူး၊ နန်းတော်က သူ့ကို ရန်သူကြီးသဖွယ် သတ်မှတ်ထားတာကိုး။ သူ့ကို စောင့်ကြည့်ဖို့ စစ်သားတွေအများကြီး စေလွှတ်ထားပြီး သံမဏိကြိုးတွေနဲ့ပါ ခြေလက်တွေကို ချည်နှောင်ထားတာ။

မုမင်ထန် သက်ပြင်းချရင်း ဖြေးဖြေးချင်း ထွက်လာခဲ့လိုက်တယ်။

ဒီတစ်ခါ သူဘယ်အချိန်လောက်အထိ သတိဝင်နေမလဲ သူမလည်း မပြောတတ်ဘူး။ ဒါပေမဲ့ သူမ မှန်းကြည့်ရသလောက် ရှဲ့ရွှမ်းချန်က ကောလာဟလတွေထဲကလို အကြောင်းမဲ့ လိုက်သတ်ဖြတ်နေတဲ့ လူသတ်သမားနဲ့ မတူဘူး၊ သတ်ဖြတ်လိုစိတ်ကြောင့် စိတ်ဖောက်ပြန်သွားတဲ့သူနဲ့လည်း တူမနေဘူး။
ကြည့်ရတာ အဲ့နှစ် သူ့ရဲဘော်ရဲဘက်တွေကို ပြန်သတ်မိတာ နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိရမယ်။

ဒါပေမဲ့ ဘယ်လိုပဲဆိုပါစေ သူတို့နှစ်ယောက်က အခုဆို တစ်လှေတည်းစီးနေတဲ့သူတွေ ဖြစ်သွားပြီ။ ဧကရာဇ်က သူ့ကို သေစေချင်တယ်၊ ရှဲ့ ရွှမ်းကျီကလည်း သူ့ကို သေစေချင်တယ်၊ အပြင်မှာ ရှိတဲ့ သူစိမ်းတွေကတောင် သူ့ကို သေစေချင်နေကြတယ်။ မုမင်ထန်တစ်ယောက်တည်းကသာ သူ့ကို အသက်ရှင်ဖို့ မျှော်လင့်နေတာ။ ဒီတစ်ချက်နဲ့တင် သူမ ရသမျှနည်းလမ်းနဲ့ သူ့ကို ကယ်ဖို့ ကြိုးစားရမှာပဲ။

အခု အရေးအကြီးဆုံး အလုပ်က သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ပဲ။ အနည်းဆုံး မတ်မတ်ထိုင်နိုင်အောင်ထိ အားရှိလာဖို့ လိုတယ်။ ဒုတိယတစ်ခုက သူ့ကို သံမဏိကြိုးတွေကနေ ဖြည်ပေးရမယ်၊ ဒါမှ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ။

ရှဲ့ရွှမ်းချန်လို မာနကြီးတဲ့သူက သံမဏိကြိုးတွေနဲ့ တုပ်နှောင်ခံရပြီး အသက်ရှင်နေရမယ့်အစား သေဖို့ကိုပဲ ‌ရွေးလိမ့်မယ်။
....................................................
ရှဲ့ရွှမ်းချန် နိုးလာတော့ ကောင်းတဲ့အချက်တစ်ခုက သူ့ဟာသူ အစားစားနိုင်လာတာပဲ။

ညဘက်ရောက်တဲ့အခါ မုမင်ထန် သူ့ကို နှိုးကြည့်လိုက်တယ်။ တကယ်ကြီး သူ နိုးလာတဲ့အခါ သူမ ပျော်မြူးသွားပြီး သူမကိုယ်တာ စားစရာတွေကို ယူလာကာ ရှဲ့ရွှမ်းချန်ကို ကျွေးဖို့လုပ်လိုက်တယ်။

မနေ့က စားစရာတွေ မှာလိုက်တဲ့အချိန် ရှဲ့ရွှမ်းချန် နိုးလာဦးမယ် မထင်ထားတာကြောင့် သူမအစားအသောက်တွေက လူမမာစားဖို့ မသင့်တော်ဘူး။ ဒါပေမဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်ကို စားရတာက အရည်တွေကြီး သောက်နေရတာထက်စာရင် ပိုကောင်းပါတယ်လေ။

မုမင်ထန် သူ့ကို ခွံ့ကျွေးရင်း ပြောလာတယ်။

"အရှင့်သား သိလား၊ ဒီအိမ်တော်ကြီးတစ်ခုလုံးကို အရှင့်သားပိုင်ပေမဲ့ အခုတော့ စားဖို့ကို ကျွန်မအပေါ် မှီခိုနေရပြီ။ အရှေ့ရက်တွေတုန်းက ကျွန်မ အစားကြူးတဲ့သူလို နေပြထားတော့ အခု စားလို့ ပြောင်သွားရင်တောင် အပြင်ကသူတွေက သံသယဝင်မှာ မဟုတ်ဘူး"

ရှဲ့ရွှမ်းချန်က ဘာမှပြန်မပြောလာခဲ့ဘူး။ မုမင်ထန် ဆက်ပြောလာတယ်။

"စကားဆက်လို့ ပြောရဦးမယ်၊ မနက်ဖြန်လည်း အစောင့်ကို လာဘ်ထိုးဖို့ နည်းလမ်းရှာတွေ့ထားတယ်။ ကျွန်မမှာ အိမ်တော်ပါမင်္ဂလာလက်ဖွဲ့တွေ အများကြီး ရှိပေလို့ပဲ၊ ကျွန်မ အရှင့်သားကို ထောက်ပံ့ပေးနိုင်တာ။ မဟုတ်လို့ကတော့ ဒါလေးတွေတောင် စားရမှာ မဟုတ်ဘူး"

ရှဲ့ရွှမ်းချန်ရဲ့နားထင်ကြောတွေ ပေါက်ထွက်လာတော့မယ်တောင် ထင်ရတယ်။ သူမကို အေးစက်စက် ကြည့်လိုက်ပြီး

"ပါးစပ်ပိတ်ထား"

သူ ဘာမှမပြောဘူးဆိုတာနဲ့ပဲ မသိဘူးများ ထင်နေတာလား ဒီကောင်မလေးက။ မုမင်ထန် သူ့ကို 'ကျွေးမွေးထားရတဲ့ ကောင်ချော‌လေး' လို့ ခေါ်တတ်တာ သူ ကောင်းကောင်း မှတ်မိတယ်။ သူ သဘောထားကြီးကြီးနဲ့ သူမကို ခွင့်လွှတ်ပေးထားတာကို ဘာမှတ်နေတာလဲ!
_________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now