စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 92
Translator – Utopia"ဒီလူက တစ်ခါတလေကျ စိတ်ရှုပ်ဖို့ကောင်းပေမဲ့ တစ်ခါတလေကျတော့လည်း နူးညံ့ညင်သာတယ်"
အိပ်ရာတစ်ခုထဲ အတူလှဲရင်း စကားပြောကြမယ်? သူမ ဘယ်လိုလုပ်ပြီး ဒီအတွေးမျိုး ရသွားတာလဲ။ ရှဲ့ရွှမ်းချန် မျက်စိမှိတ်ထားဆဲဖြစ်ပြီး ပျဉ်းတွဲတွဲနဲ့ အွန်းလို့ ပြန်ပြောလာတယ်။
"အဲ့နေ့တုန်းက ကျွန်မ သော့ပိတ်ခံထားရမှန်း ဘယ်လိုသိတာလဲ"
ဒါက သိပ်ကို လွယ်ပါတယ်။ ပုံမှန်ဆို ရှဲ့ရွှမ်းချန် မျက်စိဖွင့်လိုက်တာနဲ့ မုမင်ထန်က သူ့ဘေးမှာ ရှိနေတယ်။ ဘေးမှာ မရှိဘူးဆိုရင်တောင်မှ သူ လှုပ်ရှားလိုက်တာနဲ့ သူမက သူ့ဆီ အပြေးရောက်လာလိမ့်မယ်။
ဒါပေါ့၊ ဒီအကြောင်းကိုတော့ သူ ထုတ်ပြောလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ သူ့ကြည့်ရတာ အဲ့တာကို တော်တော် သဘောကျနေတဲ့ပုံပဲ။ ရှဲ့ရွှမ်းချန်က အနိမ့်အမြင့်မရှိတဲ့ ပုံမှန်အသံနဲ့ပဲ ပြောလာတယ်။
"ကိုယ် နိုးလာတော့ အပြင်က အစေခံတွေက တုန်လှုပ်နေကြတယ်။ အစေခံခေါင်းဆောင်ကလည်း ကိုယ် မေးတာကို ဝေ့လည်ကြောင်ပတ် ဖြေနေတယ်။ သူတို့ ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားတယ်ထင်လိုက်တာနဲ့ ထုတ်ပြောလာအောင် ဖိအားပေးခဲ့တာ"
"တစ်ချက်ကလေးနဲ့တင် တစ်ခုခု မှားနေပြီဆိုတာကို အရှင့်သားက သတိထားမိတာပဲ။ တကယ်ကို အရှင့်သားရဲ့ အမြင်က စူးရှပါပေတယ်" မုမင်ထန် အံ့ဩလေးစားစွာနဲ့ ပြန်ဖြေလာတယ်။ ရှဲ့ရွှမ်းချန်ရဲ့စကားကို သံသယမဝင်တဲ့အပြင် သူ့ရဲ့ အမြင်စူးရှပုံနဲ့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တာကို လေးစားနေတော့တယ်။ ထို့နောက် သက်ပြင်းချလိုက်ပြီး သူ့ကို ထပ်မေးလာပြန်တယ်။ "ဒါဆို သူတို့ ကျွန်မကို ဘုရားကျောင်းဆီ ခေါ်သွားမှန်း ဘယ်လိုသိသွားတာလဲ။ သူတို့သာ ခေါ်မသွားရင် ဘုရားကျောင်းရှိမှန်းတောင် ကျွန်မ သိမှာမဟုတ်ဘူး"
"ကိုယ် သူတို့ကို မေးလိုက်ရုံပဲ" ဒီနေ့ ရာသီဥတု ဘယ်လိုရှိလဲ ပြောနေသလိုမျိုး ရှဲ့ရွှမ်းချန်က ပေါ့ပေါ့ပါးပါးပဲ ပြောလာတယ်။ "ချွန်ထက်တဲ့ဟာတစ်ခုကို တွေ့တာနဲ့ အဲ့တာကို သုံးပြီး သူတို့ မပြောလာရင် သတ်ပစ်မယ်လို့ ပြောလိုက်တယ်။ အဲ့ဒါနဲ့ သူတို့လည်း အားလုံးကို ဖွင့်ပြောလာတော့တာပဲ"
မုမင်ထန် နှုတ်ဆိတ်သွားတယ်။ ဒါက သာမန်ကာလျှံကာ မေးခွန်းတစ်ခုလို့ သူမတော့ မထင်ဘူး။ လည်မျိုကိုထောက်ပြီး အခြိမ်းခြောက်ခံခဲ့ရတဲ့ အစေခံတွေကလည်း ဒါကို သာမန်မေးခွန်းတစ်ခုလို ထင်ကြမှာ မဟုတ်ဘူး။
ရှဲ့ရွှမ်းချန် ပြောရင်း ကိစ္စတစ်ခုကို မေးဖို့ သတိရသွားတယ်။
"သူတို့ မင်းကို ခေါ်သွားပြီး ဘာတွေမေးတာလဲ"
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။အရှင့်သား ဘယ်တုန်းက နိုးတာလဲနဲ့ သော့က ဘယ်လိုပွင့်သွားလဲ ဆိုတာပဲ"
မုမင်ထန် အချိန်အတော်ကြာ အသံတိတ်သွားပြီးတဲ့နောက်မှ တိုးတိုးလေး ဆက်ပြောလာတယ်။
"ကျွန်မ ဘာမှမပြောခဲ့ပါဘူး"
"ကိုယ် သိပါတယ်" ရှဲ့ရွှမ်းချန် အသက်ရှူထုတ်လိုက်တယ်။ သူ့အသံထဲ ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုနေတဲ့ဟန် သဲ့သဲ့ပါတယ်။ "မင်း ဘာမှမသိဘူးလို့ တင်းခံပြီး ငြင်းနေစရာ မလိုပါဘူး။ သူတို့က ကိုယ့်အတွက် ရောက်လာကြတာ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်က သတိမေ့နေတော့ ဘာမှစစ်ရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့ မင်းကို သော့ပိတ်ထားလိုက်ကြတာပဲ။ ကိုယ် လုပ်ခဲ့မိတာတွေရဲ့ အကျိုးဆက်ကို ကိုယ် လက်ခံပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကိုပါ ဒီပြဿနာတွေထဲ ဆွဲထည့်မိရင် ကိုယ်က ပျော့ညံ့တဲ့ကောင်ပဲ"
ရှဲ့ရွှမ်းချန် တော်တော် အသံမကောင်းချေ။ သူ ဘာတွေ တွေးနေတာလဲ သူမလည်း မသိဘူး။ မုမင်ထန်က သူ့ကို နူးနူးညံ့ညံ့နဲ့ နှစ်သိမ့်ပေးလာတယ်။
"တကယ်တော့ ကိစ္စမရှိပါဘူး။ စွန်းကူးကူးက ပုံစံကသာ ကြောက်ဖို့ကောင်းတာပါ။ တကယ်တမ်းကျ ကျွန်မကို ခြောက်လှန့်ချင်ရုံ သက်သက်ပဲ။ အဲ့တာနဲ့ ကျွန်မလည်း ကြောက်ချင်ယောင်ဆောင်ပေးလိုက်တယ်။ အဲ့ဆေးခွက်နဲ့ အပ်တွေကို ကျွန်မအပေါ် သူတို့ မသုံးရဲပါဘူး"
ရှဲ့ရွှမ်းချန် ခပ်ထေ့ထေ့ ရယ်လိုက်ပြီး
"မဖြစ်မနေတော့ မဟုတ်ဘူး။ အဲ့အပ်တွေက ခြောက်ဖို့ သက်သက်ပဲဆိုပေမဲ့ ဆေးကမှ တကယ် ရည်ရွယ်ချက်ပဲ။ သူတို့ ကိုယ့်ကို တကယ် သေစေချင်နေကြပြီ။ ကိုယ် သေသွားရုံတင်မကဘူး ကိုယ့်မျိုးဆက်ပါ မကျန်စေချင်တာ"
ဒီကိစ္စမှာ မယ်တော်ကြီးနဲ့ ဧကရာဇ်တို့ပါ ပါနေတော့ သူမ အဆောတလျင် မမေးရဲချေ။ ခဏကြာတဲ့နောက် အသံတိုးတိုးလေးနဲ့ ပြောလာတယ်။
"မဟုတ်ပါဘူး၊ အရှင့်သားက ကျန်းကျန်းမာမာနဲ့ သားမြေးမြစ်တွေနဲ့အတူ နှစ်တွေအကြာကြီး အသက်ရှင်သွားဦးမှာ။ အရှင့်သားရဲ့ နာမည်နဲ့ မျိုးဆက်က သမိုင်းမှာ နာမည်တွင်ကျန်ရစ်မှာ။ အရှင့်သားက အားလုံးထက် ပိုကောင်းတဲ့ဘဝမှာ နေရမှာရယ်"
"ကိုယ့်နာမည်က သမိုင်းတွင်ကျန်ရစ်မယ်?" ရှဲ့ရွှမ်းချန်က ပြက်ရယ်ပြုလိုက်တယ်။ "ကိုယ့် မကောင်းသတင်းကပဲ သမိုင်းတွင်ကျန်ရစ်မှာပါ။ အသက်ရှင်နေတုန်းတင်မကဘူး သေသွားတာတောင် ကိုယ့်ကို နှစ်ထောင်ချီ ကဲ့ရဲ့ကျိန်ဆဲကြလိမ့်မယ်"
ဒီအကြောင်းပြောတိုင်း ရှဲ့ရွှမ်းချန်က သူ့ကိုယ်သူ တော်တော် ရွံရှာနေပုံပေါ်တယ်။ မုမင်ထန် စိတ်ထဲ သက်သောင့်သက်သာ မဖြစ်တော့တာနဲ့ ထထိုင်ပြီး သူ့ကို မေးလိုက်တယ်။
"အရှင့်သား၊ အဲ့ဒီနှစ်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ အရှင့်သားက ရဲဘော်ရဲဘက်တွေနဲ့ စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်လို့ သူတို့အားလုံးက ပြောကြတယ်။ ဒါပေမဲ့ ဟိုးရှေ့ရက်တုန်းက အရှင့်သား စိတ်ဖောက်ပြန်သွားတော့ အစောင့်တွေကို တိုက်ခိုက်ခဲ့တာ မှန်ပေမဲ့ ဘယ်သူမှ မသေသွားဘူး။ အရှင့်သားက လူတစ်ယောက်ကို ထိခိုက်အောင် အရင် စလုပ်မယ့်သူမျိုး မဟုတ်ဘူး။ တကယ်ပဲ အဲ့ဒီနှစ်တုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ"
____________________________________________________________________________________________