Chapter 66

2K 200 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 66
Translator – Utopia


မုမင်ထန် တတ်နိုင်သလောက် ကြိုးစားပြီး သူမရှေ့က အဖွဲ့နဲ့ မှီအောင် အပြေးလိုက်ရတယ်။ ရှဲ့ရွှမ်းကျီဆီက  'မြှားနဲ့ပစ်' ဆိုတဲ့စကားကို ကြားတဲ့အခါ သူမနှလုံးသားက အေးစက်သွားတယ်။ ရှဲ့ရွှမ်းချန် ရေသောက်ချင်တယ်ပြောလာရင် သူမမှာ ရေကို ကြက်သီးနွေးဖြစ်အောင်လုပ်ပြီးမှ သူ့ကို တိုက်တတ်တာ၊ အခု ရှဲ့ရွှမ်းကျီက သူ့ကို မြှားနဲ့ပစ်ဖို့ လုပ်နေတာကို သူမ ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ။

မုမင်ထန် ဒေါသထွက်လွန်းလို့ စိတ်လွတ်တော့မတတ်ပဲ။ သူမ ပြေးဝင်ပြီး ရှဲ့ရွှမ်းကျီကို တားချင်ပေမဲ့ အရှေ့မှာ သူ့ကို ကာကွယ်ပေးနေတဲ့ အစောင့်တွေက ရှိနေတယ်။ မုမင်ထန် ဘယ်လိုမှဖြတ်သွားလို့မရတာနဲ့ လူအုပ်ထဲကနေပဲ လှမ်းအော်ရတော့တယ်။

"ရှဲ့ရွှမ်းကျီ ရှင် အတင့်မရဲနဲ့!"

အားလုံးရှေ့မှာ သူ့နာမည်ရင်းကို တပ်ခေါ်လိုက်တာမို့ ရှဲ့ရွှမ်းကျီ မျက်ခုံးပင့်ကြည့်လိုက်ပေမဲ့ အခြေအနေက အရေးကြီးနေတော့ စိတ်ထိန်းထားရတယ်။ မုမင်ထန်ကို ကြည့်လိုက်ပြီးနောက် ဘေးနားက လူတွေကို အေးစက်စက်နဲ့ ပြောလာတယ်။

"ဒီနေရာက မိန်းကလေးတစ်ယောက်ရှိနေရမယ့်နေရာလား။ သွား ဝမ်ဖေးကို ပို့ဆောင်ပေးလိုက်ကြ!"

မုမင်ထန် ဒေါသအလိပ်လိပ်ထွက်နေပြီ။ စစ်သားတချို့က အရှေ့ကို တက်လာပြီး သူမကို တခြားကို ပို့ပေးဖို့ လုပ်လာကြတယ်။ မုမင်ထန် အေးစက်စက်နဲ့ ပြန်ကြည့်လိုက်ပြီး သူမအင်္ကျီလက်စကို ခါထုတ်လိုက်ကာ

"ငါက ဝမ်ဖေးပဲ၊ ငါ့ကို ဘယ်သူထိရဲလဲ!"

စစ်သားတွေလည်း နောက်တွန့်သွားကြတယ်။ ရှဲ့ရွှမ်းကျီမှာ သူမ မဟုတ်တောင် ပြဿနာတွေက အတော်များနေပြီကို အခု သူမကပါ ရုတ်ရုတ်သဲသဲဖြစ်အောင် ထပ်လုပ်နေပြန်တယ်။ ရှဲ့ရွှမ်းကျီ အေးစက်စက်နဲ့ပဲ

"အစေခံတွေက ဘယ်ရောက်သွားကြတာလဲ၊ သေကုန်ကြပြီလား"

နှစ်ယောက်တည်းသော အိမ်တော်ပါအစေခံတွေခမျာ ကြောက်လွန်းလို့ တုန်ယင်ပြီး အရှေ့ကို တိုးမလာရဲချေ။ သူတို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး မုမင်ထန် သူတို့ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ကာ တတိယတပ်စုအရှေ့  ရပ်လိုက်ပြီး

"ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူ ပစ်ရဲလဲ!"

မုမင်ထန်က အရှေ့တည့်တည့်မှာ လာရပ်နေတာမို့ စစ်သားတွေလည်း လုပ်ရကိုင်ရ အကျပ်ရိုက်နေပြီ။ သူတို့ ပစ်လည်း မပစ်ရဲသလို သူမကိုလည်း တွန်းမထုတ်ရဲဘူး။ အဲ့အချိန်မှာပဲ သံလက်သည်းကုပ်တွေကို ကိုင်ထားတဲ့ အဖွဲ့တစ်ဖွဲ့က အဆောင်လျှောက်လမ်းအတိုင်း ဝင်လာပြီး အမြန်ပဲ စက်ဝိုင်းပုံ ဝိုင်းထားတာကို သူမ တွေ့လိုက်ရတယ်။ သူတို့ကို အမိန့်ပေးလိုက်တာနဲ့ ရှဲ့ရွှမ်းချန်ကို ပစ်ကြလိမ့်မယ်။

သံလက်သည်းကုပ်တွေက ချွန်မြနေပြီး အလင်းရောင်မှာ ရောင်ပြန်ဟပ်နေတာကို မုမင်ထန်တောင်မှ မြင်ရတယ်။ အဲ့မှာ အဆိပ်တစ်မျိုးမျိုး သုတ်ထားမလား သူမ စိုးရိမ်နေမိတယ်။

ဒီလိုသံဆူးချိတ်မျိုးနဲ့ဆို သူ့ကိုယ်ထဲ စိုက်ဝင်သွားပြီဆိုတာနဲ့ ရုန်းလေ နစ်လေ ဖြစ်လာပြီး ပြောမပြတတ်အောင် နာကျင်ခံစားရလိမ့်မယ်။ မုမင်ထန်ရဲ့နှလုံးသားတစ်ခုလုံး အေးစိမ့်သွားတယ်။ သူမ မရှိခဲ့တဲ့အတောအတွင်း သူတို့အားလုံး ရှဲ့ရွှမ်းချန်ကို ဒီလိုပဲ အမြဲ ဆက်ဆံခဲ့ကြတာလား??

ရုတ်တရက် မုမင်ထန် ‌ဒေါသတကြီးနဲ့ သူမအရှေ့က အစောင့်တွေကို တွန်းထုတ်လိုက်ပြီး အကျယ်ကြီး အော်လိုက်တယ်။

"ရပ်လိုက်!" "သူက ကျဲမျိုးနွယ်စုကို တိုက်ထုတ်ပေးခဲ့တဲ့ သူရဲကောင်းပဲ၊ မြောက်ပိုင်းထန်ပြည်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူပဲ။ သူက ဒီတိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ကို တည်ထောင်ပေးခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ပဲ။ ဘာလို့ ရှင်တို့တွေက သူ့ကို ဒီလိုဆက်ဆံနေကြရတာလဲ။ ဘယ်လောက်တောင် အတင့်ရဲနေကြတာလဲ!"

အဆုံးကျ သူမ ပြောရင်း တဖြေးဖြေးနဲ့ ငိုရှိုက်သံလို ဖြစ်လာတယ်။ ရုတ်ရုတ်သဲသဲ တိုက်ပွဲထဲ မိန်းကလေးတစ်ယောက်ရဲ့အသံက ထင်းကနဲ ဖြစ်နေတော့တယ်။ လူတော်တော်များများလည်း တိုက်ခိုက်ဖို့ကို တုံ့ဆိုင်းသွားကြတယ်။ သံလက်သည်းကုပ်တွေကို ကိုင်ထားတဲ့ စစ်သားတွေလည်း ဘာဆက်လုပ်ရမလဲမသိ ဖြစ်သွားကြပြီး ရှဲ့ရွှမ်းကျီကို လှမ်းကြည့်လာကြတယ်။

ရှဲ့ရွှမ်းကျီလည်း ခေါင်းတွေ တော်တော် ကိုက်နေပြီ။ မျက်ခုံးရိုးကြားကိုပဲ လက်နဲ့ထပ်ထောက်နေရပြန်တယ်။ သူ ခေါင်းမော့လိုက်ပြီး အတတ်နိုင်ဆုံး မုမင်ထန်ကို ညင်ညင်သာသာနဲ့ ပြောလာတယ်။

"မရီးတော်က ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးလို့ ဖြစ်ပါလိမ့်မယ်။ မရီးတော် အထိတ်တလန့်ဖြစ်နေမှာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အခုလိုလုပ်ရတာကလည်း ဒုတိယအစ်ကိုတော် ကောင်းဖို့အတွက်ပါပဲ။ မရီးတော် ကြောက်တယ်ဆိုရင် နောက်ဆုတ်နေပေးပါ။ ကျွန်တော်တို့ကို ဆက်ပြီး အနှောင့်အယှက်မပေးပါနဲ့တော့"

"ကျွန်မ ကြောက်တယ်လို့ ဘယ်သူပြောလဲ" မုမင်ထန် မျက်ရည်ကို ကောက်သုတ်လိုက်ပြီး သူမအကြည့်က တောက်ပပြီး ကြမ်းကြုတ်နေတယ်။ "ဒီတိုင်းပြည်ကို ကာကွယ်ပေးပြီး ယဲ့အင်ပါယာကို သူ ချဲ့ထွင်ပေးခဲ့တုန်းကကျ ရှင်တို့တွေ အားလုံး ဘယ်ရောက်နေကြလဲ။ သူက နေမကောင်းဖြစ်နေရုံတင်၊ ရာဇဝတ်သားတစ်ယောက် မဟုတ်ဘူး။ ဘာလို့ သူ့ကို ရိုက်နှက်နေကြတာလဲ"

.......

ဒီနေ့ ရှဲ့ရွှမ်းချန် နိုးလာတော့ တစ်ခုခု မှားနေသလို စိတ်ထဲ ခံစားလိုက်ရတယ်။ ပိုဆိုးတာက သူ့ဘေးမှာ မုမင်ထန်ကလည်း ရှိမနေဘူး။ သူ မတ်တတ်ရပ်လိုက်ပြီး ကျင်းအာ သက်စောင့်ဆေးကို လိုက်ရှာမလို့ လုပ်ပေမဲ့ အဲ့အချိန်မှာတင်ကို သူ့စိတ်အခြေအနေကို အတော် ဆိုးရွားနေပြီ။ သူ့မျက်လုံးထဲ မြင်မြင်သမျှ အရာအားလုံးက နီရဲနေပြီး အရုပ်ဆိုးအကျည်းတန်ကာ ကြောက်မက်ဖွယ်ကောင်းနေတယ်။ ရှဲ့ရွှမ်းချန် ယိုင်သွားပြီး ကြွေအိုးကို ကန်ထုတ်လိုက်တဲ့အခါ အပြင်က အစောင့်တွေကို သတိပေးသလို ဖြစ်သွားတော့တယ်။ အစောင့်တွေက အထဲကို ဝင်ချလာတဲ့အခါ သူတို့က နောက်ဆုံးတွန်းပို့လိုက်တဲ့ တွန်းအားတစ်ခုလိုဖြစ်သွားပြီး ရှဲ့ရွှမ်းချန် လုံးလုံး စိတ်လွတ်သွားတော့တယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now