Chapter 44

2.4K 224 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 44
Translator – Utopia

"လျှို့ဝှက်စွာ ပြုစုစောင့်‌ရှောက်"
"ဒီနေ့က သူမ တခြားလူတစ်ယောက်ကို သူမအခန်းထဲ ပြုစုစောင့်ရှောက်ပေးနေတဲ့နေ့ပဲ"

ကျင်းအိမ်တော်တွင် ......

ရှဲ့ရွှမ်းကျီ အိမ်တော်ထဲ လျှောက်လာတဲ့အခါ ဘေးက သူ့လူယုံက စိုးရိမ်တကြီးနဲ့ မေးလာတယ်။

"အရှင့်သား ... ချီယန်မင်းသား နိုးလာတာတဲ့အကြောင်း ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို လျှောက်တင်သင့်တယ် မထင်ဘူးလား"

သာမန်လိုသာဆို ရှဲ့ရွှမ်းကျီလည်း သွားလျှောက်တင်တာ ကြာလှပေါ့။ ဒါပေမဲ့ အခုတစ်ခေါက်က .... ရှဲ့ရွှမ်းချန် နိုးလာတိုင်း ရုန်းရင်းဆန်ခတ် အားလုံးကို တိုက်ခိုက်တတ်တယ်၊ သူ နိုးလာတာကိုသာ လျှောက်တင်လိုက်ရင် ညီလာခံတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားမှာပဲ။ အရှင်မင်းကြီးက သူ့ကို အသေးစိတ်မေးလာတဲ့အခါ ယွီလင်ခန်းဆောင်မှာ သူ ဘာသွားလုပ်တယ်ဆိုတာ လူတွေကို ဘယ်လိုသွားရှင်းပြရမလဲ။

သူ့ကိုယ်တိုင်တောင် အခြေအနေကို ပြန်ရှင်းပြဖို့က အတော်လေး အကျပ်ရိုက်နေတယ်။ ရှဲ့ရွှမ်းကျီ ချောင်းဟန့်လိုက်ပြီး

"အစ်ကိုတော်က ခဏပဲနိုးပြီး ပြန်မေ့မြောသွားတာ၊ မလိုပဲ အရှင်မင်းကြီးကို စိတ်ပူစရာတွေ ပေးသလို ဖြစ်နေလိမ့်မယ်။ အခြေအနေတွေ တည်ငြိမ်လာတော့မှပဲ နန်းတော်ကို သတင်းပို့ကြတာပေါ့"
"ဒါပေမဲ့ ချီယန်မင်းသားက မွေးကတည်းက ခွန်အားကြီးမားတယ်။ အခုလို ထိရှလွယ်တဲ့အချိန်မှာ အရှင့်သား ဖုံးကွယ်ထားပြီး သတင်းမပို့ခဲ့ရင် တစ်ခုခုသာ ကြီးကြီးမားမား ဖြစ်ခဲ့ပြီဆို အရှင့်သား ပြန်ရှင်းပြနိုင်မှာတောင် မဟုတ်ဘူးနော်"

"မဖြစ်ဘူး" ရှဲ့ရွှမ်းကျီက ယုံကြည်ချက်အပြည့်နဲ့ ပြောလာတယ်။ "ခဏလေး နိုးလာပြီးတဲ့နောက် သူ အားပြတ်ပြီး ပြန်မေ့မြောသွားတယ်။ မလဲခင်မှာသွေးတွေတောင် အန်ခဲ့သေးတာ။ ဒီနှစ်စကတည်းက သူ့ခန္ဓာကိုယ်က တဖြေးဖြေး အားနည်းယိုယွင်းလာနေပြီ။ တစ်ခါလောက်လေး နိုးလာတာနဲ့ မနိုးလာတာနဲ့က ဘာမှမကွာဘူး။ ဒီကိစ္စလောက်လေးနဲ့ ခမည်းတော်ကို အနှောင့်အယှက်မပေးသင့်ဘူး "

ကျင်းဝမ်က အခိုင်အမာပြောနေတာမို့ သူ့လူယုံလည်း ဘာမှဆက်မပြောဝံ့တဲ့ချေ။ ရှဲ့ရွှမ်းချန်ဆိုတာ မင်းနှစ်ဆက်ကို အုတ်မြစ်ချရာမှာ အရေးပါခဲ့တဲ့သူပဲ၊ သူ့ကို ပေါ့သေးသေးတွက်လို့ မရဘူး။ ရှဲ့ရွှမ်းချန်က မွေးကတည်းက ခွန်အားကြီးမားပြီး အသက် ၁၅ နှစ်မှာတင် ကျောက်တုံး ၂၀ မက လေးတဲ့ လေးကို တင်ပြီး မြှားပစ်နိုင်နေပြီ။ တစ်ခါတုန်းက တစ်စုံတစ်ယောက်က ရှဲ့ရွှမ်းချန် ၁၀၀ ကီလိုရှိတဲ့ သံမဏိတုံးကို မ နိုင် မနိုင် လောင်းကြေးထပ်ခဲ့ကြဖူးတယ်။ ဒီအကြောင်းကို ရှဲ့ရွှမ်းချန်ကြားတော့ အားလုံးရဲ့ရှေ့မှာပဲ ကီလို ၂၀၀ ရှိတဲ့ သံမဏိတုံးကို မ ပြခဲ့တယ်။

ခွန်အားကြီးမားတယ်ဆိုတာ ရန်သူကို ဖြိုဖျက်နိုင်စွမ်း ကြီးမားတယ်ဆိုတာပဲ။ သူ့ခွန်အားသာ အတိုင်းအတာတစ်ခုထိ ရောက်သွားတဲ့အခါ ဘာသိုင်းမှမတတ်ရင်တောင် ခွန်အားတစ်ခုတည်းနဲ့တင် ရန်သူကို အလွယ်လေး သတ်ပစ်နိုင်တယ်။ ရှဲ့ရွှမ်းချန်က အင်အားကြီးမားပြီး ငယ်စဥ်ကတည်းက စစ်တပ်ထဲကြီးပြင်းလာတာမို့ လက်နက် ၁၈ မျိုးလုံးကိုလည်း ကျွမ်းကျင်တတ်မြောက်တယ်။ သူ့လိုလူမျိုးက ဦးဆောင်လာတဲ့စစ်တပ်မှာ ရှဲ့ရွှမ်းချန်ဆိုတာ အဖျက်လက်နက်တစ်ခုပင်။ 

သူက သာမန် စစ်သားတစ်ယောက်၊ သိုင်းသမားတစ်‌ယောက်သာဆိုရင် နန်းတော်ကလည်း ဒီလောက် စိုးရိမ်နေမှာ မဟုတ်ချေ။ ဒါပေမဲ့ ရှဲ့ရွှမ်းချန်က သိပ်ကို လိမ္မာပါးနပ်ပြီး သူ့လက်အောက်မှာ အရည်အချင်းရှိတဲ့ စစ်သူကြီးအများအပြားကို စုစည်းနိုင်ခဲ့တယ်။ အသက် ၁၅ နှစ်မှာ စစ်တပ်ထဲဝင်ခဲ့ပြီး မြောက်မြားစွာသော တိုက်ပွဲတွေကို အောင်နိုင်ခဲ့တယ်။ ကျင်းမင်းဆက်ရဲ့ ဧကရာဇ်ကုန်း၊ ဧကရာဇ်ကျောက်အိုက်၊ ဧကရာဇ်နန်ထန် အားလုံး သူ့လက်အောက်မှာ သေဆုံးခဲ့ကြတယ်။ ဒါကြောင့်မို့ ရှဲ့ရွေ့က သူ့ကို ကြောက်ရွံ့နေဆဲဖြစ်တယ်။ ရှဲ့ရွှမ်းချန်က ထီးနန်းကို လိုလိုလားလား စွန့်လွှတ်ခဲ့ရင်တောင်မှ သူ အသက်ရှင်နေသ၍ ရှဲ့ရွေ့ ဧကရာဇ်တက်မလုပ်ရဲချေ။

ဒီလိုနဲ့ ရှဲ့ရွှမ်းချန်က ဧကရာဇ်ရဲ့စိုးရိမ်စရာတစ်ခု ဖြစ်လာတယ်။ ချီယန်အိမ်တော်မှာ တစ်ခုခု ထူးခြားမှုရှိတယ်ကြားတာနဲ့တင် နောက်ရက်တွေဆို သူ့ခမျာ ကောင်းကောင်း ခြေဆန့်ပြီး မအိပ်နိုင်တော့ဘူး။ အခုလို ရှဲ့ရွှမ်းချန်သာ နိုးလာတယ်ဆိုတဲ့သတင်းကြီးကို ကျင်းဝမ်က ထိမ်ချန်ထားတယ်ဆိုတော့ကာ သူ့လူယုံခမျာ ဘယ်လိုလုပ် စိတ်မပူပဲ နေလိမ့်မလဲ။

ဒါပေမဲ့လည်း သူ့ဆန်စားရတဲ့ သူ့ကျွန်ဆိုမှတော့ ဘယ်လိုလုပ် အမိန့်ကို ဖီဆန်ဝံ့မတဲ့လဲ။ ကျင်းဝမ် ဘာလို့ မလျှောက်တင်ချင်ရတာလဲဆိုတာကို သူလည်း ခန့်မှန်းမိပါတယ်။

ရှဲ့ရွှမ်းကျီက ချီယန်အိမ်တော်က ထွက်လာတာလေ။ အစောင့်တွေကလွဲရင် ချီယန်အိမ်တော်မှာ ဝမ်ဖေးတစ်‌ယောက်တည်းရှိနေတာ။ ဒီနေ့ ဘာအကြောင်းကြောင့် ကျင်းဝမ်သွားခဲ့တာလဲ သူ့လူယုံလည်း ကောင်းကောင်းသိတာပေါ့။

ဒီကိစ္စမျိုးက ထိရှလွယ်ပြီး ရှင်းပြရခက်တယ်။ ဒါကြောင့်မို့ ကျင်းဝမ်က မလျှောက်တင်ဘူးပဲ တွင်တွင်ငြင်းနေတာ ဖြစ်တယ်။ သူ့လူယုံက အကျိုးအကြောင်းပြောပြီး လျှောက်တင်ဖို့ အကြံပေးကြည့်ပေမဲ့လည်း သူ ဘယ်လိုမှ ပြောလို့ မရဘူးမှန်း သဘောပေါက်လိုက်တယ်။
_________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now