Chapter 31
December 10, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 31
Translator – Utopia
တစ်နေ့ခင်းလုံး အိမ်တော်ထဲကလူတွေနဲ့ ပြောစရာရှိတာတွေ ပြောပြီးနောက် သူမ စိတ်လွတ်ကိုယ်လွတ် လေလည်လိုက်တော့တယ်။ ရှဲ့ရွှမ်းချန်ကလည်း ကြားနိုင်တာမှ မဟုတ်တာ၊ သူမ အဆုံးထိ လွှတ်ပေးလိုက်တယ်။ လေလည်သံကျယ်ကျယ်နဲ့ စိတ်ထဲ ပေါ့ပါးသွားတာပဲ။
ထို့နောက် ထုံးစံအတိုင်း သူ့ကို ထူပေးပြီး ဆန်ပြုတ်တိုက်ဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခါလည်း သူ့ဘက်က အတူပူးပေါင်းချင်စိတ် မရှိတာ တွေ့လိုက်ရပြန်တယ်။
...... အလှလေးကို ပျိုးထောင်ရတာကလည်း တကယ် ခက်ခဲလိုက်ပါဘိ။
သူမကိုယ်သူမပဲ စိတ်ရှည်ဖို့ ပြန်သတိပေးရင်း တစ်ဇွန်းပြီး တစ်ဇွန်း သူ့ကို ဖြေးဖြေးမှန်မှန် တိုက်ပေးနေတယ်။ ကုန်ခါနီးရောက်တဲ့အခါ သူမလက်တွေမှာ ချွေးတွေတောင် စို့နေပြီ။ သူ့ကို စားဖို့ကျွေးရတာက ကိုယ်တိုင်ဝင်ချက်ရတာထက်တောင် ပင်ပန်းလိုက်တာနော်။
မုမင်ထန် သူ့ပါးစပ်ကို သုတ်ပေးပြီးနောက် ပြန်လှဲဖို့ ကူညီပေးလိုက်တယ်။ ဒီ့နောက်မှ သူမကိုယ်တာကို စစားတော့တယ်။ ဟုတ်တာပေါ့ စားစရာတွေက အေးစက်သွားပြန်ပြီ။
ရှဲ့ရွှမ်းချန်ကို သူမကိုယ်တာထဲက ကျွေးနေရတာဆိုတော့ကာ အပြင်က အစေခံတွေ၊ စစ်သားတွေကို လှည့်စားဖို့အတွက် သူမလည်း မတတ်နိုင်တဲ့အဆုံး အစားကြူးသူဟန်ဆောင်ရတော့တယ်။ သူမ ပန်းကန်တွေကိုတောင် ပြောင်အောင်လျက်ပြီး တကယ် အများကြီး အကုန် စားခဲ့တဲ့ပုံစံ လုပ်ထားတယ်။
ထို့နောက် နေ့လယ်ခင်းတုန်းကလိုပဲ ထမင်းဘူးကို တံခါးရှေ့ ပြန်ချထားပေးလိုက်တယ်။
နွေရာသီဖြစ်ပေမဲ့လည်း ယွီလင်စံအိမ်ကတော့ အေးစက်မှောင်မိုက်နေဆဲပဲ။ မုမင်ထန် မီးအိမ်ယူပြီး ဖယောင်းတိုင်တွေကို တစ်တိုင်ပြီးတစ်တိုင် လိုက်ထွန်းလိုက်တယ်။ သူမ ဖယောင်းတိုင်ထွန်းရင်း ရုတ်တရက်ဆိုသလို ခမ်းနားကြီးကျယ်တဲ့ ဒီအိပ်ဆောင်ကြီးကို ပြန်လှည့်ကြည့်မိတယ်။ ယွီလင်စံအိမ်က သူ့ခေတ်သူ့အခါတုန်းကဆို ဘယ်လောက်များ ခမ်းနားခဲ့လိုက်မလဲနော်။
မုမင်ထန် ပြုံးရင်းပဲ ဖယောင်းတိုင်ဆက်ထွန်းနေလိုက်တယ်။ ယွီလင်စံအိမ်တော်ရဲ့ အတိတ်နေ့ရက်တွေက သူမနဲ့ ဘာမှမသက်ဆိုင်ပါဘူးလေ။ ရှဲ့ရွှမ်းချန်ရဲ့ အအောင်မြင်ဆုံးအချိန်တွေကို သူမ မတွေ့မြင်ခဲ့ရပေမဲ့ အခုလို သူ နိမ့်ပါးသွားပြီး အကူအညီမဲ့နေချိန်မှာ သူမက အဖော်ပြုပေးနိုင်တာနဲ့တင် လုံလောက်နေပါပြီ။
စံအိမ်တော်ထဲ ဖယောင်းတိုင်တွေ နေရာစုံ လိုက်ထွန်းရတာက လွယ်တဲ့အလုပ်တော့မဟုတ်ချေ။ ဒါပေမဲ့ သူမကတော့ ဆက်ထွန်းနေဆဲပဲ။ ဖယောင်းတိုင်မီးရောင်က နွေးထွေးတောက်ပပြီး အသက်ဝင်နေတယ်။ ဒါပေမဲ့လည်း နှမြောစရာကောင်းအောင်ပင် ဒါကို မြင်နိုင်တာက သူမ တစ်ယောက်တည်းပဲရှိတယ်။
သူမ အိပ်ရာဝင်ခါနီးကျ တစ်ခါ လမ်းပတ်လျှောက်ပြီး ဒီဖယောင်းတိုင်တွေအကုန်လုံးကို ပြန်ငြှိမ်းရဦးမယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူမမှာလည်း တခြားလုပ်စရာမှ မရှိတာရယ်။ ရှဲ့ရွှမ်းချန်ရဲ့အိပ်ခန်းကို ပြန်ရောက်တဲ့အခါ မုမင်ထန်ခမျာ လမ်းလျှောက်ရလို့ မောဟိုက်နေပြီ။ သူမ အိပ်ရာဘေးက ဗလာဖြစ်နေတဲ့ စားပွဲခုံပေါ် မီးအိမ်ကို တင်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
“လူကုံထံတွေက အိမ်ထဲ လမ်းပတ်လျှောက်ရုံနဲ့တောင် ပင်ပန်းကြတယ်လို့ ပြောတုန်းက ကျွန်မ မယုံခဲ့ဘူး။ အခု ကိုယ်တွေ့ဖြစ်လာမှပဲ ယုံတော့တယ်”
မုမင်ထန် သူ့ကို လှမ်းကြည့်ရင်း တီးတိုးပြောနေပြန်တယ်။
“အဲ့လိုဆိုမှ ဒီလောက်ကြီးတဲ့အိမ်ကြီးမှာ တစ်ယောက်တည်းနေရတာကလည်း ကြောက်ဖို့တော့ ကောင်းသားနော်”
စံအိမ်တစ်ခုလုံး ဖယောင်းတိုင်တွေ လိုက်ထွန်းထားပေမဲ့လည်း အတော်လေးတော့ မှောင်နေဆဲဖြစ်တယ်။ ဒါနဲ့ပဲ မုမင်ထန်လည်း သူမအခန်းကို ပြန်မသွားဘဲ ရှဲ့ရွှမ်းချန်ဘေး နေဖို့ ဆုံးဖြတ်လိုက်တယ်။ ရှဲ့ရွှမ်းချန်ရဲ့ သတ်ဖြတ်ခြင်းဂုဏ်သတင်းနဲ့သာဆို မကောင်းဆိုးဝါးတွေကိုတောင် မောင်းထုတ်ပစ်လို့ရတယ်။
သူ့ဘေးထိုင်ရင်း ဘာပြောရင်ကောင်းမလဲ သူမ စဥ်းစားနေမိတယ်။
“ချီယန်ဝမ်ရယ်က ဝူအန်းဟိုရယ်တဲ့၊ ကျွန်မရဲ့အသက်သခင်ကို မသိခဲ့တဲ့အတွက် အရှက်ရမိတယ်။ မြို့တော်ကို ရောက်ခါစက ‘ချီယန်ဝမ် ရှဲ့ရွှမ်းချန်’ ဆိုတဲ့နာမည်ကို ကြားခဲ့ဖူးတယ်။ ရွှမ်းချန် ... ‘မှောင်ရီဖျိုးဖျ တိမ်ရောင်တောက်တဲ့ကမ္ဘာအလယ်မှာ လောကကို ကိုင်လှုပ်မယ့်သူဟာ မွေးဖွားလာတယ်။ နေမင်းနဲ့လစန္ဒာ နှစ်သွယ်ယှဥ် ထွက်လို့ ကြယ်ရောင်စုံမှ လှည့်ပတ်တယ်’ သိပ်ကို ကောင်းတဲ့နာမည်ပဲ။ နတ်ရွာစံဧကရာဇ်က မျှော်လင့်ချက်ကြီးကြီးနဲ့ ဒီနာမည်ကို ပေးခဲ့တာပဲဖြစ်မယ်။ အရှင်ကလည်း မျှော်လင့်ထားတဲ့အတိုင်း စိတ်မပျက်စေခဲ့ဘူး။ အရှင်က တကယ်ကို ကောင်းကင်ထက်က ကြယ်တွေလို တောက်ပတဲ့သူပါပဲ”
နာမည်အကြောင်းပြောရင်း မုမင်ထန် သူမနာမည်အကြောင်း စဥ်းစားမိတယ်။
“ကျွန်မနာမည်ကို ဆုံးရှုံးခဲ့ရတယ် ... ဒါပေမဲ့ ကျွန်မမွေးနေ့က ၄ လပိုင်း ပထမဆုံးနေ့ပါ။ သမီးလေးမွေးတယ်ဆိုတဲ့သတင်းကြားတော့ အဖေက အိမ်အပြင်မှာ ပွင့်နေတဲ့ ကြွေပန်းတွေကို ကြည့်ပြီး ကျွန်မခေါင်းလေးကို ပွတ်သပ်ပေးရင်း မင်ထန်ဆိုတဲ့နာမည် မှည့်ခဲ့တာတဲ့။ တော်သေးတယ် အိမ်အပြင်မှာ ခြုံပန်းနွယ်တွေ ရှိမနေလို့ပဲ”
“ကျွန်မကြားတာ ကျန်းမင်ဝေ့ရဲ့နာမည်က ‘ရှုပြည်ထောင် လေးသည်တော်ရဲ့တေး’ ကဗျာထဲက ယူထားတာတဲ့။ ကျွန်မစိတ်ထင် ‘လေးမြှားကိုပစ်လွှတ်လိုက်ပေမဲ့ ဘယ်ခါများမှ အိမ်ပြန်ခွင့်ရမလဲ’ အပိုဒ်ထင်တယ်။ ကျင်းဝမ်ရဲ့နာမည်က မြစ်ကိုထွေးပွေ့တဲ့ ပင်လယ်၊ ကမ္ဘာလောကကို ကူညီသယ်ပိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်မယ်”
သူမ ပြောရင်း ပိုပိုဝမ်းနည်းလာမိတယ်။ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း
“ဆိုတော့ကာ ကျွန်မ စာအုပ်တွေ များများဖတ်မှပါပဲ။ နောင် သမီးလေးရလာရင် အကောင်းဆုံးနာမည်ကို ပိုင်ဆိုင်ရစေမယ်”