Chapter 26
December 6, 2023စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 26
Translator – Utopia
“ကျွန်မက .... အဲ ..... အရှင့်ရဲ့ ဝမ်ဖေးပါ။ အရှင့်ကို ပြုစုပေးဖို့ ဒီကို ရောက်လာတာ။ ကျွန်မ အရှင့်ကို အန္တရာယ်ပြုဖို့ မဟုတ်ပါဘူး”
သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။ ဒါပေမဲ့လည်း ရှက်နေတာကြောင့် သူမက သူ့ဝမ်ဖေးဖြစ်တယ်ဆိုတာကို ကျယ်ကျယ်မပြောရဲဘူး။
သူ့ဘက်က ဘာမှမတုံ့ပြန်လာတာတွေ့တော့ မုမင်ထန် သက်ပြင်းချလိုက်တယ်။ ရေဇလုံက အလျင်အမြန်ပဲ အညိုရောင်လွှမ်းသွားတယ်။ ဒီ့နောက် သူမ ရေအသစ်လဲဖို့ အိပ်ရာဘေးကနေ ထွက်လာခဲ့လိုက်တယ်။ လူနာ ရေဖတ်တိုက်ပေးရတဲ့အထဲ သူမအတွက် အခက်ခဲဆုံးက ဒီ သံလက်ထိတ်တွေပဲ ဖြစ်တယ်။
သံလက်ထိတ်တွေအောက်က ဒဏ်ရာတွေကို ရေပတ်တိုက်ပေးဖို့ သူမ အားကုန်ထုတ် မ လိုက်ပြီးနောက် ရေပတ်တိုက်လို့ ရသွားတယ်။ လက်တစ်ဖက်စာကို မ ရတာနဲ့တင် သူမ တစ်ကိုယ်လုံး ပင်ပန်းလွန်းလို့ လက်တွေတောင် ကိုက်ခဲနေတယ်။
မုမင်ထန် သူ့လက်သူ ပြန်နှိပ်လိုက်ရင်း
“ဒီသံလက်ထိတ်တွေက ဘယ်လိုသံနဲ့များ လုပ်ထားလို့ ဒီလောက်တောင် လေးနေရတာလဲ”
သူမ ဒီအတွေးကို တွေးမိပြီး ခဏကြာတဲ့အခါ ရှဲ့ရွှမ်းချန်ရဲ့ လက်ကို လှမ်းကြည့်လိုက်တယ်။ ဒီလောက် လေးလံတဲ့ သံကြိုးတွေနဲ့ လက်ထိတ်ခတ်ထားမှတော့ သူ့လက်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေတာ မထူးဆန်းတော့ပါဘူး။
သူမ သူ့အစား ခံပြင်းမိတယ်။ လူအများကို ချီးကျူးလေးစားကြရတဲ့ ငယ်ငယ်ရွယ်ရွယ်စစ်သူကြီးတစ်ယောက်က အခုတော့ ဒီလို အဆက်ဆံခံနေရတယ်။
ရေဇလုံကို အကြိမ်ကြိမ်လဲရင်း စစ်သားတွေကိုလည်း ရေပူတွေ ထပ်ယူခိုင်းလိုက်နဲ့ အတော်ကြာ ရေပတ်တိုက်ပြီးနောက် သူ့လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်က သွေးတွေကို သန့်ရှင်းရေးလုပ်လို့ ပြီးသွားတော့တယ်။ ကံကောင်းတယ်ပြောရမယ်၊ သူလည်း ဒီကြားထဲ နိုးမလာခဲ့သလို စံအိမ်တော်ထဲလည်း ဆေးမျိုးစုံက အဆင်သင့်ရှိနေလို့။
သူမ ဆေးမှုန့်တစ်မျိုးကို သူ့လက်ကောက်ဝတ်က ဒဏ်ရာပေါ် ဖြူးပေးလိုက်ရင်း
“ဒီဒဏ်ရာတွေက ဘယ်လောက်တောင် နာလိုက်မလဲ ကျွန်မ တွေးကြည့်လို့တောင် မရဘူး။ အရှင်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားပေမဲ့ ဘယ်သူမှ အရှင့်ကို ဆေးလိမ်းပြုပေးတာမျိုးလည်း မရှိကြဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ ဓားကိုကိုင်စွဲခဲ့တဲ့ အရှင့်လက်တွေက သိပ်ကို တန်ဖိုးရှိပါတယ်”
၈ လပိုင်းကို ရောက်နေပြီမို့ ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်ရင် အနာရင်းသွားမှာ စိုးရတယ်။ ဒါကြောင့်မို့ သူမ ဒီအဆင့်ကို ကျော်လိုက်တယ်။ သူက မေ့မြောနေတာဆိုတော့ သူမသာ ပုံမှန်လေး သန့်ရှင်းရေးလုပ်ပြု ဆေးထည့်ပေးမယ်ဆို ပတ်တီးစည်းထားစရာတော့ မလိုလောက်ပါဘူးလေ။
အားလုံးပြီးစီးသွားတဲ့နောက် မုမင်ထန် သူမနဖူးပေါ်က ချွေးတွေကို သုတ်လိုက်တယ်။ ထို့နောက် ရယ်မောရင်း
“ရက်အနည်းငယ်လောက် သူဌေးအိမ်က မမလေးဖြစ်သွားတာနဲ့ပဲ ငါ့ခန္ဓာကိုယ်က ပိုပြီး နူးညံ့လာတာပဲ။ ဒီလောက်လေးလုပ်တာနဲ့တင် အပင်ပန်းမခံနိုင်ဖြစ်နေတာ ယုံတောင်မယုံနိုင်ဘူး”
အရှေ့ညတွေတုန်းက မင်္ဂလာပွဲမတိုင်ခင် ပြင်ဆင်ရတာတွေနဲ့ ညဘက်ကောင်းကောင်း မအိပ်ခဲ့ရဘူး။ ချီယန်အိမ်တော်ကို စဝင်လာကတည်းက သူမ ရှဲ့ရွှမ်းချန်ကို သန့်ရှင်းရေးလုပ်ပြု ဂရုစိုက်ပေးရပြန်တယ်။ အခုအချိန်မှာ သူမ အိပ်ဖို့ကလွဲ တခြား ဘာမှမလိုချင်တော့ဘူး။
ဒါပေမဲ့လည်း အားလုံးပြီးသွားတဲ့နောက် ကြမ်းပြင်က ညစ်ပတ်ရှုပ်ပွနေပြီ။ သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး ညစ်ပေနေတဲ့ လက်ကိုင်ပဝါတွေကို ကောက်သိမ်းလိုက်တယ်။ ထို့နောက် ကြမ်းပြင်က ရေစက်တွေကို ခြောက်အောင် သုတ်ရပြန်တယ်။
တော်သေးတယ်၊ အပြင်မှာ ရေခပ်ဖို့ အမှိုက်သိမ်းဖို့ ခိုင်းစရာ စစ်သားတွေ ရှိပေလို့ပဲ။ သူမတစ်ယောက်တည်းသာ လုပ်ရရင် မိုးလင်းပေါက်သွားလိမ့်မယ်။
အခန်းထဲ သန့်ရှင်းရေးလုပ်ပြီးသွားတဲ့နောက် ခြုံစောင်အနီကို ရှဲ့ရွှမ်းချန်ကိုယ်ပေါ် လွှမ်းပေးလိုက်တယ်။ စောင်ကို သေချာ ခြုံပေးရင်း သူမ သက်ပြင်းချမိတယ်။
“တော်သေးတာပေါ့ ဒီလောက်ကြီးတဲ့အိမ်ကိုဆောက်ဖို့ ကျွန်မမှာ ပိုက်ဆံမရှိလို့သာပဲ။ မဟုတ်ရင် တစ်အိမ်လုံးကို သန့်ရှင်းလုပ်ရလို့ ကျွန်မလည်း ခါးကျိုးမှာပဲ”
မုမင်ထန် သူမမီးအိမ်ကို ကောက်ယူပြီး ပြုံးလိုက်တယ်။
“အရှင်ကတော့ မသိလောက်ပေမဲ့၊ အရှင်ကတော့ သဘောမတူလောက်ပေမဲ့၊ ဒီနေ့က မင်္ဂလာရှိတဲ့နေ့လေးပါပဲ။ ကြင်စဦးဇနီးမောင်နှံတွေက စောင်နီအတူခြုံပြီး အိပ်ရတယ်တဲ့၊ ဒါမှ တစ်သက်လုံး ကျန်းကျန်းမာမာနဲ့ ပေါင်းဖက်သွားရမှာတဲ့”
တစ်ဖက်ကသူကတော့ ဘာမှပြန်တုံ့ပြန်မလာခဲ့ချေ။ အခန်းထဲက ဖယောင်းတိုင်မီးတွေကို ဖြေးဖြေးချင်း လိုက်ငြှိမ်းလိုက်ပြီးနောက် သူမရဲ့မီးအိမ်ငယ်လေးကို ကိုင်ကာ အခန်းထဲက ထွက်သွားတော့တယ်။
သူမ ကိုယ့်အခန်းကိုယ် ပြင်ထားတယ်၊ ရှဲ့ရွှမ်းချန်နဲ့ တစ်အိပ်ရာထဲ အတူအိပ်ဖို့ မရည်ရွယ်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမက မိန်းမငယ်လေးတစ်ယောက်ပဲ ရှိသေးတာလေ။ သူမမှာ အခုဆို ခင်ပွန်းရှိနေပြီဆိုတဲ့အချက်နဲ့တင် အတော်လေး ရှက်နေမိပြီ၊ နောက်ပြီး အဲ့လူကလည်း သူမရဲ့အသက်သခင်ဖြစ်နေတယ်။
မုမင်ထန် ထွက်သွားပြီးတဲ့နောက် အိပ်ခန်းဟာ နောက်တစ်ဖန် ပြန်တိတ်ဆိတ်သွားပြန်တယ်။ အစောနက သူမ ဖယောင်းတိုင်မီးတွေကို ငြှိမ်းလိုက်တဲ့အခါ သူမ မမြင်မစမ်းနဲ့ အမှောင်ထဲ စမ်းတဝါးဝါးဖြစ်နေတယ်။ သဘောက သူမ ရှဲ့ရွှမ်းချန် လက်လှုပ်သွားတာကို မမြင်လိုက်ရဘူးဆိုတာပဲ။
_____________________________________________________________________