စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 39
Translator – Utopiaမုမင်ထန် မအော်မိအောင် ထိန်းထားရင်း သူမနှလုံးသားက တဒိန်းဒိန်း အပြင်ကို ထွက်ကျလာတော့မလိုပဲ။ ရှဲ့ရွှမ်းချန်က သူမကို ကြည့်နေတယ်။ သူ့အကြည့်က စူးရှနေပြီး သွေးအန်ထားတာကြောင့် ပါးပါးလျလျ သူ့နှုတ်ခမ်းက အနည်းငယ် နီမြန်းနေတယ်။ သူ့အသွင်အပြင်က လှပပြတ်သားတယ်။
သူ မေ့မြောနေတုန်းက ပုံစံနဲ့ လုံးဝမတူတော့ဘူး။
ရှဲ့ရွှမ်းချန် ပြတင်းပေါက်ကို တစ်ချက်ကြည့်ပြီးနောက် မုမင်ထန်ကို ပြန်ကြည့်လိုက်တယ်။ သူမ ချက်ချင်းပဲ သဘောပေါက်လိုက်ပြီး ခေါင်းညိတ်ပြကာ"အရှင့်သား စိတ်မပူပါနဲ့၊ ကျွန်မ သူတို့ကို ပြန်မပြောပါဘူး"
ရှဲ့ရွှမ်းချန် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေတယ်။ မသိရင် သူမက ယုံလို့ရမရ အကဲဖြတ်နေသလိုပဲ။ ထို့နောက် သူမလက်ကို လွှတ်ပေးလိုက်တယ်။
မုမင်ထန် ချက်ချင်းပဲ သူမလက်ကို ပြန်ရုတ်ပြီး ဖြေးဖြေးချင်း နှိပ်နေတယ်။ ချီယန်ဝမ်က ပန်းပဲဖိုကသူတွေထက်တောင် ခွန်အားကြီးသေးတယ်။
သူမမျက်လုံးနဲ့ကိုယ်တိုင်သာ မမြင်ခဲ့ရရင် ဒါက အိပ်ရာထဲလဲနေတဲ့ လူမမာတစ်ယောက်ရဲ့အားလို့တောင် ထင်မိမှာ မဟုတ်ဘူး။
သူမ လက်ကောက်ဝတ်ကို နှိပ်နေတာမြင်မှပဲ သူက သာမန်လူတွေက ခွန်အားပိုကြီးတာကို ရှဲ့ရွှမ်းချန် ပြန်သတိရသွားတယ်။ အရွယ်ရောက်ပြီးသား ယောက်ျားရင့်မာကြီးတွေတောင်မှ သူ့လက်သီးကို မခံနိုင်တာ မိန်းမငယ်လေးတစ်ယောက်ဆို ပြောစရာတောင် မလိုဘူး။
ကံကောင်းတယ်၊ ရှဲ့ရွှမ်းချန်က အိပ်ရာထဲလဲနေတာ ကြာပြီမို့ သူ့ခွန်အားက အတော်လေးကို ဆုတ်ယုတ်သွားခဲ့လို့သာ။ မဟုတ်ရင် သူမလက်က နှစ်ပိုင်းကျိုးနေလောက်ပြီ။
ရှဲ့ရွှမ်းချန် အိပ်ရာပေါ်ထိုင်ဖို့ လုပ်လိုက်တယ်။ မုမင်ထန်က ချက်ချင်းပဲ သူ့ကို ကူပေးဖို့ အရှေ့တိုးလာပေမဲ့ စူးရှတဲ့သူ့အကြည့်ကြောင့် ဆက်မတိုးရဲဘူးဖြစ်နေတယ်။ ရှဲ့ရွှမ်းချန် မတ်မတ်ထိုင်ချင်ပေမဲ့ သူ့ခြေလက်တွေက သံမဏိကြိုးတွေနဲ့ ခတ်ခံထားရပြီး သူကိုယ်တိုင်ကလည်း အိပ်ရာထဲ အချိန်အတော်ကြာ မေ့မြောနေခဲ့တာမို့ အခုအချိန်မှာ သူ့အခြေအနေက အတော် အားနည်းနေတယ်။ သူ လေးငါးခေါက်ကြိုးစားကြည့်ပေမဲ့လည်း မတ်မတ် ထမထိုင်နိုင်သေးဘူး။