Chapter 18
December 1, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 18
Translator – Utopia
“လက်ဖွဲ့”
“ကျန်းမင်ဝေ့ရတဲ့အတိုင်း ကျွန်မလည်း အားလုံး လိုချင်တယ်”
“ဒုတိယသခင်မလေး ဒါက ပထမသခင်မလေးရဲ့ လက်ဖွဲ့ပါ”
မုမင်ထန် ဖွင့်ကြည့်လိုက်တဲ့အခါ ရွှေလက်ဝတ်လက်စားတွေမှန်း တွေ့လိုက်ရတယ်။ အထဲကဟာအားလုံးက ကျန်းမင်ဝေ့မကြိုက်တဲ့ဟာတွေချည်း ဖြစ်တယ်။ ဒါပေမဲ့ မုမင်ထန်ကတော့ ချက်ချင်းပဲ ဘူးကိုပိတ်ပြီး သူမသေတ္တာထဲ ထိုးထည့်လိုက်တယ်။
“သူမက ငါ့ထက် အသက်ကြီးတယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါက လင်ညီမအကြီးပဲလေ။ ဝါအရဆို ငါက သူမထက် မြင့်တယ်။ မိသားစုအချင်းချင်း ဒီလောက် မလိုပါဘူး”
သူမ ပါးစပ်ကသာပြောပေမဲ့ လက်ကတော့ ရွှေဘူးထည့်ထားတဲ့ သေတ္တာကို ကျစ်ကျစ်ပါအောင် ကိုင်ထားတယ်။
အစေခံမလေး ပြောစရာစကားတောင် ပျောက်သွားတယ်။ မုမင်ထန် ကျန်းအိမ်တော်ကို ဝင်လာတော့ သူမကို ခစားခဲ့တဲ့ အစေခံတွေက ကျန်းမင်ဝေ့ရဲ့အစေခံတွေပဲ ဖြစ်တယ်။ ပြောရရင် ကျန်းသခင်မထက်တောင်မှ မုမင်ထန်ကို ပိုခစားကြရသေးတယ်။ အခု သခင်အစစ်ပြန်လာပြီဆိုတော့ကာ ဆက်ခစားစရာမလိုတော့ချေ။
မုမင်ထန်က အစေခံနဲ့ မျက်နှာချင်းဆိုင် ရပ်နေတယ်။ နှစ်ယောက်သား ဒီရုပ်ကြီးတွေ မြင်ကိုမမြင်ချင်တော့ဘူး။ မုမင်ထန်လို တောသူမပဲ တောဆန်တဲ့ ရွှေအဆင်တန်ဆာတွေကို ကြိုက်မှာလို့ အစေခံမလေးက တွေးလိုက်တယ်။ မုမင်ထန်ကတော့ ဒီကျန်းမင်ဝေ့က မျက်လုံးမကောင်းဘူးလားလို့ တွေးနေမိတယ်။
အရည်အသွေးမြင့် အဲ့ကျောက်စိမ်းတွေက ကြည့်လို့တော့ လှပေမဲ့ တကယ်တမ်း စစ်ဖြစ်လာတဲ့အခါ ဘယ်နားသွားသုံးမလဲ? ရွှေလောက် အသုံးမဝင်ဘူး။
ရွှေက အကောင်းဆုံးပဲ၊ ကြည့်လိုက်လေ ရွှေရောင်တဖိတ်ဖိတ်ထနေတာ!
အစေခံမလေးက အကြည့်လွှဲလိုက်ပြီး
“သခင်မလေးက ယဥ်ကျေးလွန်းပါတယ်။ သခင်မကြီးက အခုချိန်မှာ ပထမသခင်မလေးအတွက် လက်ဖွဲ့ပြင်ဆင်ပေးနေရလို့ မအားလပ်ဘူး။ ကျင်းဝမ်ဖေးဖြစ်လာမှာဆိုတော့ကာ အများရှေ့မှာ သိက္ခာကျလို့ မဖြစ်ဘူးလေ။ ဒီရွှေအဆင်တန်ဆာတွေက သူမဂုဏ်နဲ့မလိုက်ဖက်တာမို့ ဒုတိယသခင်မလေး သုံးချင်သုံးရအောင် ပေးလိုက်ပါတယ်”
“ဟုတ်တယ် အဲ့ဟာတွေ အကုန်လုံးက ငါ့အတွက် အသုံးဝင်တယ်” မုမင်ထန် ရွှေဘူးကို သေချာ ဘေးပို့လိုက်ရင်း “စိတ်မကောင်းစရာပဲ လင်ညီမအကြီးဖြစ်တဲ့ ငါကတော့ လက်ဖွဲ့ပေးစရာ ဘာမှမရှိဘူး။ ကျင်းဝမ်နဲ့ ပထမသခင်မလေးတို့ အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။ ကောင်းပြီ နင် သွားလို့ရပြီ”
မုမင်ထန်သာ မာနရှိတယ်ဆို ကျန်းမိသားစုက စွန့်ကြဲလာတဲ့ ဒီပစ္စည်းတွေကို လက်ခံမှာ မဟုတ်ချေ။ ဘယ်သူက သူမ စွေ့ခနဲ ယူလိုက်မယ်လို ထင်မှာလဲ? သူမရဲ့အရှက်မဲ့မှုကြောင့် အစေခံမလေးခမျာ စကားတောင် မပြောနိုင်တော့ဘဲ ချာကနဲ ပြန်လှည့်ထွက်သွားတော့တယ်။
အခုအချိန်မှာ မုမင်ထန် ကျန်းမိသားစုအကြိုက်အတိုင်း ဟန်ဆောင်နေပေးစရာ မလိုတော့ချေ။ သူမအတွက် ဟန်ဆောင်နေစရာ မလိုတော့ဘူး။ ကျန်းဟုန်ဟောက်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြောင်သူတော်လို့ ပြောခဲ့တာတောင်မှ ကျန်းမင်ဝေ့က ရွှေတစ်ဘူး လာပေးသွားတယ်ဆိုတာက ဘာလို့မယူဘဲနေရမှာလဲလေ နော့?
အစေခံ ထွက်သွားတာ သေချာပြီဆိုမှ မုမင်ထန် သူမရဲ့ရွှေဘူးကို အမြန်ပဲ တခြားနေရာတစ်ခုကို ပြောင်းဖွက်ထားလိုက်တယ်။
သူမ ဧည့်သည်ဆောင်ကို ပြောင်းသွားရကတည်းက သူမကို ကျန်းမိသားစုက အသုံးမလိုလို့ စွန့်ပစ်လိုက်ပြီမှန်း သဘောပေါက်လိုက်တယ်။ ဘယ်သူမဆို သူမကို အခွင့်အရေးယူလို့ ရတယ်။ ဒါပေမဲ့လည်း အမိုးအကာအောက်နေရတဲ့ ဒီလိုဘဝလေးက မနှစ်က စစ်ပြေးရတုန်းကနဲ့ ယှဥ်ရင် အများကြီး သာပါတယ်။
သူမအဖြစ်က ရုပ်သေးရုပ်လိုပဲ၊ လမ်းလျှောက်ရင်လည်း မြန်မြန် မလျှောက်ရသလို အသံမြင့်မြင့်နဲ့လည်း မပြောရချေ။ ထမင်းစားရင်လည်း နည်းနည်းချင်း ယူစားရပြီး မမျိုချခင် ၇ ခါ ဝါးရတယ်။ သူမ အမှားတစ်ခုခု လုပ်မိရင် အထိန်းတော်ကြီးက မပြီးနိုင်အောင်ကို ဆူပူကြိမ်းမောင်းတတ်တယ်။
အထိန်းတော်ရဲ့ အချိန်တိုင်း ဆူပူနေမှုအောက်မှာ မုမင်ထန် သည်းခံပြီး နေခဲ့ရတယ်။ အခု သူမ ဧည့်သည်ခန်းမှာ နားအေးပါးအေး နေလို့ရပြီ။ သူမကို ဝေဖန်အကဲဖြတ်နေတဲ့ အစေခံတွေလည်း မရှိဘူး။ သူမနောက်ကျောကို ရိုက်မယ့် အထိန်းတော်လည်း မရှိတော့ဘူး။ တစ်နေ့ကို ထမင်းသုံးနပ်လည်း စားရတယ်။ ဘယ်သူမှလည်း လာမနှောင့်ယှက်ကြဘူး။ ဘယ်လောက်ကောင်းလိုက်တဲ့ ဘဝလဲ။
ရွှေဘူးလေးက သူမကို စိတ်ကျေနပ်သွားစေပြီး ကျန်းဟုန်ဟောက်ဆီက အစောနက အနိုင်ကျင့်ခံခဲ့ရတာတွေကိုတောင် မေ့သွားတယ်။ တစ်စုံတစ်ယောက်ကသာ နေ့တိုင်း ရွှေတွေလာပေးပြီး သူမကို အရှက်ခွဲချင်တယ်ဆိုရင် သူမက ပျော်ပျော်ကြီးတောင် စောင့်နေလိုက်ဦးမှာ။
______________________________________________________________________________________________________