စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 79
Translator – Utopia"ကိုယ် မင်းကို အိမ်ပြန်ခေါ်သွားမယ်"
ပန်းကန်လုံးက ကြမ်းပြင်ပေါ် ခွမ်းကနဲ ပြုတ်ကျသွားပြီး အထဲက အနက်ရောင်ဆေးရည်တွေက ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲသွားတယ်။ အပြစ်ပြုမိတဲ့အတွက် အစေခံက ချက်ချင်းပဲ ဒူးထောက်လိုက်တယ်၊ သူမ ကြောက်လွန်းလို့ ခေါင်းတောင် မော့မကြည့်ရဲဘူး။ ချီယန်အိမ်တော်ကို စီမံခန့်ခွဲပေးဖို့ နန်းတော်က လွှတ်လိုက်တဲ့ အမျိုးသမီးအရာရှိ ရှန့်နန်ချွမ်က ဆူဆူညံညံအသံကို ကြားလိုက်ပြီး ချက်ချင်းပဲ ရောက်လာတယ်။ တုန်ယင်နေတဲ့အစေခံမလေးက ကြမ်းပြင်မှာ ဒူးထောက်နေပြီး ဆေးရည်တွေက ကြမ်းတစ်ခုလုံး ပေကျံနေတာကို သူမ အရင်ဆုံး တွေ့လိုက်ရတယ်။ ထို့နောက် ဖြေးဖြေးချင်း ဆက်ကြည့်လိုက်တော့ ခန်းဆီးပန်းချီကားနောက်က အိပ်ရာပေါ်မှာ ရှဲ့ရွှမ်းချန်က ထိုင်နေတာကို တွေ့လိုက်ရတယ်။
ဒီမြင်ကွင်းကို မြင်လိုက်ရချိန်မှာပဲ ဘာတွေဖြစ်ခဲ့တာလဲ သူမ သဘောပေါက်သွားတယ်။ ဘာစကားမှ မပြောတော့ဘဲ ရှန့်နန်ချွမ်က စကတ်စ အနည်းငယ် မ ပြီးနောက် တလေးတစားနဲ့ အရိုအသေပေးရင်း ကြမ်းပေါ် ဒူးထောက်လိုက်တယ်။
"အစေခံက ပထမဆုံးမို့ နမော်နမဲ့နဲ့ ဝမ်ရယ့်ကိုတောင် အနှောင့်အယှက်ပေးခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ဝမ်ရယ် ခွင့်လွှတ်ပေးတော်မူပါ"
ရှဲ့ရွှမ်းချန် ထိုင်ရင်း ဒီထူးဆန်းတဲ့မိန်းမတွေကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ထို့နောက် အရင်ကထက်တောင် လူတွေပိုများနေတဲ့ ခန်းမဆောင်ထဲကို ဆက်ကြည့်နေရင်း ဘာအကြောင်းကြောင့်ရယ်မသိ ပြုံးသွားတယ်။
ဟိုးအရင်ကဆို သူ့ဆီက အသံတစ်ခုခုကြားတာနဲ့ မုမင်ထန်က အရင်ဆုံး အပြေး ရောက်လာတတ်တာ။ အခု သူ့ဆီက အသံအကျယ်ကြီး ထွက်လာတာတောင်မှ သူမက အခုထိ မပေါ်လာသေးဘူး။
ကြည့်ရတာ သူမ ပေါ်လာတော့မှာ မဟုတ်ဘူး။
တံခါးဝကသူက ဒူးထောက်နေဆဲဖြစ်ပြီး ရှဲ့ရွှမ်းချန်က ဘာမှမပြောလာတာကြောင့် သူတို့လည်း စကားမပြောရဲကြချေ။ သူ့စိတ်ကပဲဖြစ်နေတာလား မသိပေမဲ့ ဒီမိန်းမတွေက သူ့ကို တော်တော်ကြီး အထိတ်ထိတ်အလန့်လန့်နဲ့ ကြောက်နေကြသလိုပဲ။ မိန်းမတွေက သူ့ကို ကြောက်ကြတယ်ဆိုပေမဲ့ သူ နိုးလာနဲ့ အခုလို ကြောက်လန့်တကြား ဖြစ်နေရအောင်ထိတော့ မဟုတ်ဘူး။
ရှဲ့ရွှမ်းချန် ဘာမှထွေထွေထူးထူးပြောမနေဘဲ နူးနူးညံ့ညံ့နဲ့ ပြောလာတယ်။
"ပထမဆုံးအကြိမ်ဆိုမှတော့ ထလို့ရပြီ"
ရှန့်နန်ချွမ်က ကြမ်းနဲ့နဖူး ထိအောင် အရိုအသေပေးရင်း
"ကျေးဇူးတင်ပါတယ် ဝမ်ရယ်"
ထို့နောက် ရှန့်နန်ချွမ်က တိတ်တိတ်လေး လက်ပြရင်း အစေခံကို အခန်းထဲက ထွက်သွားဖို့ အချက်ပြလိုက်တယ်။ ခဏကြာတဲ့နောက် အစေခံတစ်ယောက်က ဆေးရည်ပူပူတစ်ခွက်နဲ့အတူ ရောက်လာပြီး နောက်က အစေခံတွေက ကြမ်းပြင်ပေါ်က ပေကျံနေတာတွေကို သန့်ရှင်းရေး လုပ်ပေးနေကြတယ်။
ရှန့်နန်ချွမ်က ရှဲ့ရွှမ်းချန်ရှေ့မှာပဲ ဆေးရည်ကို စစ်ဆေးနေတယ်။ ခဏကြာတဲ့နောက် ဆေးရည်ထဲ ဘာမသင်္ကာစရာမှ မပါတာ သေချာတယ်ဆိုမှ အစေခံကို ဆေးရည်ပန်းကန်လုံး ယူလာခိုင်းလိုက်တယ်။
"ဝမ်ရယ် ကျေးဇူးပြုပြီး ဆေးသောက်လို့ရပါပြီ"
ရှဲ့ရွှမ်းချန်ရဲ့အကြည့်က ဆေးရည်ပန်းကန်လုံးကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာ စကားမပြောလာချေ။ ဆေးရည်ပန်းကန်လုံးကို ကိုင်ထားတဲ့ အစေခံလည်း တုန်ယင်လာပြီး သူမ တုန်ယင်လာလေလေ ဆေးရည်ပန်းကန်လုံးထဲမှာပါ ဘောင်ဘင်ခတ်လေလေ ဖြစ်နေတော့တယ်။
ရှန့်နန်ချွမ် စိတ်ရှည်ရှည်နဲ့ အချိန်အတော်ကြာ စောင့်နေသေးပေမဲ့ မတတ်နိုင်တော့တဲ့အဆုံး သူ့ကို လှမ်းသတိပေးလိုက်တယ်။
"ချီယန်ဝမ်ရယ် ဝမ်ရယ် ဆေးသောက်ရမယ့်အချိန်ရောက်နေပါပြီ ....."
ရှဲ့ရွှမ်းချန်က ရုတ်တရက် သူမကို မော့ကြည့်လိုက်တယ်။ ရှန့်နန်ချွမ်လည်း ဆက်မပြောရဲတော့ဘူး။ ရှဲ့ရွှမ်းချန်က သူမအမေးကို ပြန်မဖြေဘဲ တခြားဟာကို မေးလာတယ်။
"အခု ဘယ်အချိန်လဲ"
"ဝမ်ရယ့်ကို လျှောက်တင်ပါတယ်၊ ည ၇ နာရီနဲ့ ၉ နာရီကြားဝန်းကျင်ပါ"
"ဘယ်နေ့လဲ"
"၉ လပိုင်း ၁၄ ရက်နေ့ပါ"
"၉ လပိုင်း ၁၄ ရက်နေ့"
ရှဲ့ရွှမ်းချန်က ဖြေးဖြေးချင်း ရေရွတ်လိုက်တယ်၊ မသိရင် ဒီနေ့က တစ်ခုခု ထူးထူးခြားခြားနေ့လိုမျိုးပဲ။ အဲ့အချိန် အခန်းထဲမှာ လူတွေအများကြီး မတ်တတ်ရပ်နေကြပြီး အပြင်ကနေ နားဘယ်နှစုံတောင် ခိုးနားထောင်နေကြလဲ ပြောနေစရာတောင် မလိုဘူး။ ဒါပေမဲ့ အခုအခိုက်အတန့်မှာတော့ တစ်ခန်းလုံး ငြိမ်သက်နေပြီး ဘယ်သူမှ အသက်တောင် ကျယ်ကျယ် မရှူရဲဘူး။
၉ လပိုင်း ၁၄ ရက်နေ့က ဘာများထူးခြားနေလို့လဲလို့ အားလုံးရဲ့စိတ်ထဲမှာ ချက်ချင်းပဲ မှန်းဆနေကြတယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းချန် တကယ်တွေးနေတာက ဒီနေ့က ၉ လပိုင်း ၁၄ ရက်နေ့ဆိုရင် သူ မေ့မြောနေတာ ၅ ရက်တောင် ရှိသွားပြီ၊ ဒီအတောအတွင်း မုမင်ထန် ဘယ်ရောက်နေတာလဲ?
သူ နိုးလာတယ်ဆိုတာသိတာနဲ့ သူမ ရောက်မလာဘဲမနေဘူး။ ကြည့်ရတာ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်။
ရှဲ့ရွှမ်းချန် ဘာမှမပြောဘဲ အစေခံကို အမြန် ခေါ်လိုက်တယ်။
"ဆေးရည်ယူလာခဲ့"
အစေခံက တုန်တုန်ယင်ယင်နဲ့ ဆေးရည်ပန်းကန်လုံးကို ဆက်သလာတယ်။ ရှဲ့ရွှမ်းချန်က တစ်ခုခုကို မြင်လိုက်သလိုမျိုး နှာခေါင်းရှုံ့လိုက်တယ်၊ ရှဲ့ရွေ့က သူ့ကို တကယ်ကြီး သတိထားနေတာပဲ။ ဆေးရည်သောက်ဖို့ ပြင်ပေးထားတဲ့ဇွန်းက သစ်သားဇွန်းပဲဖြစ်တယ်။ ငွေတို့ ကြွေထည်တို့ဆို သူ့လက်ထဲရောက်ရင် လက်နက်တွေ ဖြစ်သွားမှာစိုးလို့လား?
ရှဲ့ရွေ့က သူ့ကို လျှော့တွက်ထားတာပဲ၊ သူသာ ဆန္ဒရှိရင် လက်နက်မဖြစ်နိုင်တဲ့အရာ ဘယ်မှာရှိမှာလဲ?
ရှဲ့ရွှမ်းချန်က ရုတ်တရက် အစေခံလက်ထဲက သစ်သားဇွန်းကို ခပ်ကြမ်းကြမ်းလှမ်းယူပြီး နှစ်ပိုင်းချိုးကာ ချွန်မြတဲ့ထိပ်ဖျား ပေါ်လာအောင် လုပ်လိုက်တယ်။ အစေခံခမျာ ကြောင်အမ်းအမ်းနဲ့ လက်ကို မြှောက်ထားဆဲဖြစ်ပြီး ဆေးရည်ပန်းကန်လုံးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားကာ ချာချာလည်နေတယ်။
ရှဲ့ရွှမ်းချန်လက်က ဆူးက အစေခံရဲ့လည်မျိုကို ထောက်ထားပြီးနှင့်နေပြီ။
"သူမ ဘယ်မှာလဲ"
အဲ့ကျမှ အစေခံလည်း အသိပြန်ဝင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့
"ကျွန်တော်မျိုးမ ... ကျွန်တော်မျိုးမ ဝမ်ရယ် ဘယ်သူ့ကို မေးနေလဲ မသိပါဘူး"
ရှန့်နန်ချွမ်လည်း အခုလို ဖြစ်လိမ့်မယ်လို့ မထင်ထားတာကြောင့် အမြန်ပဲ ဒူးထောက်ချလိုက်ပြီး
"ကျွန်တော်မျိုးမတို့က အခုမှ ရောက်လာတာပါ၊ ဝမ်ရယ် ဘယ်သူ့ကို မေးနေတာလဲ တကယ် မသိပါဘူး။ အရှင်မင်းကြီးရဲ့မျက်နှာကို ထောက်ထားပြီး ကျွန်တော်မျိုးမတို့ကို ချမ်းသာပေးတော်မူပါ"
____________________________________________________________________________________________