Chapter 19

2.6K 233 0
                                    

Chapter 19
December 3, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 19
Translator – Utopia
ရုတ်တရက်ဆိုသလို သူမရဲ့လက်ဖွဲ့ကို ပြင်ပေးဖို့လည်း ကျန်းမိသားစုကို သတိပေးရဦးမယ်ဆိုတာ သူမ သတိရသွားတယ်။ ကျန်းဟုန်ဟောက်က သူမကို စျေးကြီးကြီးနဲ့ ရောင်းစားချင်နေတာဆိုမှတော့ သူမကလည်း ရနိုင်သမျှ ပိုက်ဆံကို ညှစ်ထုတ်သွားရမှာပေါ့။
နောက်နေ့မနက်ရောက်တဲ့အခါ ကျန်းဟုန်ဟောက်က လွှတ်တော်တက်ဖို့ ထွက်သွားတယ်။ ကျန်းသခင်မလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ပိုးထည်တိုက်ပိုင်ရှင်တွေကို ခေါ်ပြီး ကျန်းမင်ဝေ့ရဲ့မင်္ဂလာပွဲအတွက် ပိုးထည်တွေ ‌ရွေးချယ်ခိုင်းလိုက်တယ်။
ကျန်းမင်ဝေ့က အနီရောင်တောက်တောက်ကို မကြိုက်ပေမဲ့ သူမ ပွဲအခမ်းအနားအတော်များများမှာ ဝတ်ဆင်ရဖို့ရှိတော့ကာ တစ်ရက်တည်းနဲ့ပဲ အကုန် အပြီးရွေးဖို့ ကျန်းသခင်မ လုပ်လိုက်တယ်။
ဆိုင်ရှင်တွေလည်း ကျန်းသခင်မကို မြှောက်ပင့်ပြောဆိုရင်း ပိုးထည်လိပ်တွေကို ရှုထောင့်မျိုးစုံကနေ ပြပေးနေတော့တယ်။
“ကျန်းသခင်မ ကျွန်မတို့ရဲ့ ဒီပိုးထည်က အရောင်တောက်ပညီညာရုံသာမက ကျက်သရေမင်္ဂလာအပေါင်းနဲ့လည်း ပြည့်စုံစေပါတယ်”
ကျန်းသခင်မက တအံ့တဩနဲ့ ပိုးထည်ကို ကြည့်နေတာ တွေ့တဲ့အခါ နောက်ဆိုင်ရှင်တစ်ယောက်ကလည်း အားကျမခံ
“ပန်းထိုးထားတာတွေက လှတော့လှပေမဲ့ အဝေးကကြည့်ရင်တော့ သိပ်မမြင်ရပါဘူး။ ဒီမှာ ကျွန်မတို့ရဲ့ ပိုးထည်ကို ကြည့်ပါဦး ကျန်းသခင်မ။ ပိုးထည်က သုံးလွန်းတင်ကျစ်ထားတဲ့အပြင် အရောင်ကလည်း နေ့မှာ တစ်ရောင် ညမှာတစ်ရောင် ပြောင်းပါတယ်”
“ထူးဆန်းလိုက်တာနော်” ကျန်းသခင်မ ဝမ်းသာစွာနဲ့ ပိုးထည်တွေကို ဟိုဘက်လည်း ကြည့်လိုက် ဒီဘက်လည်း ကြည့်လိုက် လုပ်နေမိတယ်။
“ပန်းထိုးလေးတွေကလည်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံတယ်၊ သုံးလွန်းတင်ပိုးထည်လေးကလည်း သိပ်လှတာပဲ။ တို့များ ဘယ်လိုရွေးရမလဲနော်”
“ကျန်းသခင်မ မရွေးတတ်တော့ရင်လည်း နှစ်မျိုးလုံးပဲ ဝယ်လိုက်ပေါ့ရှင့်”
ကျန်းသခင်မ အံ့အားသင့်သွားတယ်။ အစေခံက တားနေတဲ့ကြားကနေ မုမင်ထန်က အခန်းထဲ ဝင်ချလာတယ်။
“တောင်းပန်ပါတယ် သခင်မ။ ဒီအစေခံ ဒုတိယသခင်မလေးကို မတားလိုက်နိုင်ပါဘူး”
အစေခံလည်း အကျပ်ရိုက်နေပြီ။ သူမ သေချာပေါက် သခင်မက မအားပါဘူးလို့ ပြောနေရဲ့ကြားထဲက မုမင်ထန်က ဂရုမစိုက်ဘဲ ဝင်ချလာတာ။ စာပေသမားက စစ်သားတစ်ယောက်နဲ့ ပြိုင်မငြင်းနိုင်ဘူးဆိုတဲ့အတိုင်း ယဥ်ကျေးသိမ်မွေ့တဲ့ သခင်မလေးတွေကို ခစားဖူးပေမဲ့ မုမင်ထန်လိုလူမျိုးတော့ သူမ မမြင်ဖူးပေါင်။ မုမင်ထန် အခန်းထဲ ဝင်ချလာတဲ့အချိန်ထိတောင် အစေခံက တားဖို့ကြိုးစားနေဆဲဖြစ်တယ်။
အစေခံမလေးရဲ့အမူအရာကို ကြည့်ပြီး ကျန်းသခင်မ အခြေအနေကို အကြမ်းဖျင်းတော့ နားလည်လိုက်တယ်။
“နင် သွားလို့ရပြီ”
အရိုအသေပေးပြီးတဲ့နောက် အစေခံလည်း အမြန်ပဲ ပြန်ထွက်သွားတော့တယ်။ ထို့နောက် မုမင်ထန်က အခန်းထဲ ဝင်လာပြီး ပိုးထည်တွေကို ကိုင်ကြည့်လိုက်တယ်။
“အို ပိုးထည်နှစ်ခုလုံးက ကောင်းသားပဲ။ လက်ထဲ ရေလိုပဲ လျှောကနဲ ဆင်းသွားတယ်။ နှစ်ခုလုံးကို ဝယ်လိုက်ပါလား အမေ”
ကျန်းသခင်မက သူ့ဖာသာသူ လိပ်ပြာမလုံတာကြောင့် ချက်ချင်းတောင် စကား ပြန်မပြောနိုင်ဘူး။ ဆိုင်ရှင်တွေကလည်း တစ်‌ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အရိုအသေပေးလာကြတယ်။
“နှုတ်ခွန်းဆက်ပါတယ် ဒုတိယသခင်မလေး”
ဒီအမျိုးသမီးတွေဆိုတာလည်း မြို့တော်က လူကုံတန်အသိုင်းအဝိုင်းမှာ စီးပွားရေးလုပ်နေတဲ့သူတွေဆိုတော့ကာ အခြေအနေအရိပ်အကဲကို နားလည်တာ မြန်တယ်။
“ဆိုင်ရှင်တို့ လောကဝတ်တွေ မလိုပါဘူး”
“ကျွန်မနဲ့ အစ်မတို့က သိပ်မကြာခင်မှာ မင်္ဂလာဆောင်ကြတော့မှာ။ ဒါကြောင့်မို့ နည်းနည်းလေးမှ နှောင့်နှေးလို့ မဖြစ်ဘူး။ ဆိုင်ရှင်တို့ကိုပဲ ကျွန်မတို့ညီမအတွက် ဒုက္ခများစေရတော့မှာပါပဲ”
“ကျွန်မတို့ညီအစ်မ?"
ကျန်းသခင်မ မျက်နှာပျက်သွားတယ်။ ဘေးမှာ လူတွေလည်း ရှိနေတာကြောင့် ဟန်မပျက်အောင် ထိန်းထားရင်း ချောင်းဟန့်ကာ
“မင်ထန် ဒီနေ့က သမီးရဲ့အစ်မအတွက် လက်ဖွဲ့ပြင်ပေးနေတာ။ လောစရာမလိုပါဘူး”
“လောစရာမလိုဘူး?” မုမင်ထန် အင်္ကျီစကို ကိုင်ထားရာကနေ လွှတ်လိုက်ပြီး “သမီးက ချီယန်ဝမ်နဲ့ ထိမ်းမြားတော့မှာလေ။ ချီယန်ဝမ်နဲ့ ကျင်းဝမ်တို့က ဝမ်းကွဲညီအစ်ကိုတွေဆိုမှတော့ သမီးရဲ့လက်ဖွဲ့ကလည်း အစ်မဟာနဲ့ တန်းတူဖြစ်လိမ့်မယ်လို့ ယူဆမိတယ်”
တန်းတူ? ကျန်းသခင်မ မျက်နှာမပျက်အောင် တတ်နိုင်သမျှထိန်းထားရင်း
“အကြီးအငယ် ဝါစဉ်ဆိုတာက ရှိတယ်လေ။ မင်ဝေ့က သမီးထက် အကြီးပဲ။ မင်္ဂလာလက်ဖွဲ့ကို တန်းတူစီစဥ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ”
______________________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now