စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law)
Chapter 12
Translator – Utopia
အဲ့အချိန်တုန်း ကျန်းမိသားစုနဲ့ ရှဲ့မိသားစုက သာမန်မိသားစုငယ်လေးပဲ ရှိသေးတယ်။ အိမ်နီးချင်းတွေကြားက မင်္ဂလာပွဲက သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ။ ဘာမှထပ်တွေးနေစရာမလိုဘူး။ ဒါပေမဲ့ ကျန်းမင်ဝေ့ကတော့ သူ့သူငယ်ချင်းတွေဆီက မင်္ဂလာပွဲနဲ့ပတ်သက်ပြီး မြှောက်ပင့်ကျီစယ်ခံရတာကို သဘောခွေ့နေတယ်။
ပြောကြတာတော့ ရှဲ့ရွှမ်းကျီရဲ့ ဦးလေးက အာဏာရှိတဲ့ ရာထူးကြီးအရာရှိတစ်ယောက်ဖြစ်ပြီး သူ့ဝမ်းကွဲအစ်ကိုကလည်း သိပ်တော်တယ်တဲ့။ နှစ်ယောက်စလုံးကလည်း မြို့တော်မှာပဲ နေကြတာတဲ့။
ရှဲ့မိသားစုရဲ့ ပင်မအိမ်တော်ကို ဘယ်သူမှ မမြင်ဖူးကြပေမဲ့ ကလေးတွေအတွက်တော့ မြို့တော်မှာနေတဲ့ ဆွေမျိုးရှိတယ်ဆိုတာနဲ့တင် ဂုဏ်ယူစရာဖြစ်နေပြီ။ ဒီလိုနဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကြား ရှဲ့ရွှမ်းကျီက အမြင့်ဆုံးနေရာကို ရောက်သွားတယ်။ ကျန်းမင်ဝေ့ကတော့ ထောင်လွှားခဲ့ပြီး ဒီလိုအတော်ဆုံးအမြင့်ဆုံးသူက မြို့ထဲ အချောအလှဆုံးဖြစ်တဲ့ သူမနဲ့သာ လိုက်ဖက်တယ်လို့ ယုံကြည်ခဲ့တယ်။
သူမ အသက် ၁၂နှစ်၊ ဟုန်ကျားသက္ကရာဇ်မှာ ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်။
ကျန်းအန်လမ်းမကြီးမှာ ရုတ်တရက်ဆိုသလို ရထားလုံးတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ အံ့ချီးဖွယ် ကိုယ်ရံတော်တွေက ရှဲ့မိသားစုအိမ်တံခါးဝမှာ စီတန်းပြီး ရပ်စောင့်နေကြတယ်။ စစ်သူကြီးရှဲ့က သူညီငယ် ရှဲ့ရွေ့ ရဲ့မိသားစုကို မြို့တော်ကို ပြောင်းဖို့ လာခေါ်တာပဲ ဖြစ်ကြောင်း ကိုယ်ရံတော်တွေက အမိန့်ကို ထုတ်ပြန်လာတယ်။
ရှဲ့မိသားစုအကြောင်း ကောလာဟလတွေက တကယ် အမှန်ဖြစ်နေတာပဲ! ရှဲ့ရွှမ်းကျီမှာ တကယ်ကြီး ရာထူးကြီးတဲ့ဦးလေး ရှိတာကိုး။ ကလေးတွေရဲ့ အားကျတဲ့ အကြည့်တွေကို ခံယူရင်း ရှဲ့ရွှမ်းကျီ ရထားလုံးပေါ် တက်လိုက်ကာ မြို့တော်ကို ထွက်ခွာသွားခဲ့တယ်။ နောက်ပိုင်းကျ ကျန်းအန်မြို့က ကျန်တဲ့သူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ရာထူးတိုးခံခဲ့ရတယ်။ ကျန်းမိသားစုကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့လည်း မြို့တော်ကို ရွှေ့ပြောင်းခဲ့ကြတယ်။
ဒီတော့မှပဲ မြို့တော်က အရာရှိအသိုင်းအဝိုင်းဆိုတာ ဘယ်လိုမျိုးလဲ သူမ မျက်ဝါးထင်ထင် သိလာခဲ့ရတာဖြစ်တယ်။
ကျန်းမင်ဝေ့ မြို့တော်ကို ရောက်တဲ့နေ့မှာ ရှဲ့ရွေ့တို့ မိသားစုတွေနဲ့အတူ ရှဲ့ရွှမ်းကျီကလည်း မြို့တော်ဂိတ်တံခါးဝမှာ သူတို့ကို လာထွက်ကြိုခဲ့တယ်။ လူကြီးတွေ အချင်းချင်း နှုတ်ဆက်စကားပြောနေကြချိန်မှာပဲ အပြင်ကနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အသံကို ကြားလိုက်ရတယ်။ အဖြူရောင်မြင်းကို စီးထားတဲ့ လူငယ်လေးတစ်ယောက်က လူအုပ်ကြားတဲ့ မြင်းကို ဒုန်းစိုင်းစီးလာနေတယ်။
ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာ မြင်တော့ တာဝန်ကျ အစောင့်ရဲမက်ကလည်း ဂိတ်တံခါးဝက လူတွေကို လမ်းဖယ်ပေးဖို့ အော်လိုက်တယ်။ ဒါပေမဲ့ ထိုလူငယ်လေးရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ အားလုံး တိတ်ဆိတ်သွားကြတယ်။
ကျန်းမင်ဝေ့ခမျာ အခုမှ မြို့တော်ကို ရောက်ဖူးတာမို့ အသားကျအောင် ကြိုးစားယူနေရချိန်မှာပဲ အခုလို ဖြစ်ပျက်သွားတော့ သူမ ကြောင်အန်းအန်းဖြစ်သွားပြီး စကားတောင် မပြောနိုင်တော့ဘူး။ အဲ့အချိန်မှာပဲ သူမဘေးက ရှဲ့ရွှမ်းကျီက အရှေ့ကိုပြေးသွားပြီး လှမ်းခေါ်လိုက်တယ်။
“ဒုတိယအစ်ကို! (အာ့ကော)”
လူငယ်လေးက လှည့်လိုက်ပြီး သူ့ကို သိတယ်ဆိုတဲ့ပုံစံနဲ့ တစ်ချက် ပြန်ကြည့်သွားခဲ့တယ်။ ထို့နောက် မြင်းဆက်စီးရင်း မြို့တော်ထဲ ပျောက်ကွယ်သွားတော့တယ်။
အဲ့ဒီ့နေ့ကို ကျန်းမင်ဝေ့ မနေ့တနေ့ကလိုပဲ မှတ်မိနေတုန်းပဲ။ အဲ့လူငယ်လေးရဲ့နာမည်က ရှဲ့ရွှမ်းချန်တဲ့။ နောက်ပိုင်း သူမ သိလိုက်ရဝာာက သူက အသက် ၁၅ နှစ်ပဲရှိသေးပေမဲ့ ဝူအန်းဟိုရယ်*ဘွဲ့ ကို ရ ထားတယ်။ သူ့လက်အောက်က စစ်အင်အားက သူ့အဖေ ရှဲ့ယီနဲ့ အတူတူပဲ။
(T/N : 公; gōng: "duke" ပထမအဆင့်၊ 侯; hóu: "marquis" ဒုတိယအဆင့်။ ဥပမာ - Story of Yanxi Palace ဇာတ်ကားထဲက ဖူချာဖူဟန်ရဲ့ ရာထူးအဆင့်က ကျုံးရုန်ကုန်း/ကျုံးရုန်မြို့စား ဖြစ်ပါတယ်။)
ဒီအချက်က သူမကို လန့်ဖြန့်သွားစေတယ်။ လင်အန်းမှာတော့ သူမက မင်းသမီးတစ်ပါးလိုပဲ ဆိုပေမဲ့ မြို့တော်မှာကျ သူမက သာမန်အရာရှိငယ်လေးရဲ့ သမီးတစ်ယောက်ပဲ။ ကျန်းမိသားစုနဲ့ ရှဲ့မိသားစုက အရင်က အဆင့်အတူတူပဲ ဆိုပေမဲ့ မြို့တော်ကို ပြောင်းလာပြီးနောက် ရှဲ့ရွှမ်းကျီရဲ့အဆင့်အတန်းက သူမထက် အများကြီး ပိုမြင့်သွားတယ်။ နောက်ပိုင်းမှာ ရှဲ့မိသားစုက ပုန်ကန်ခဲ့ပြီး ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ရှဲ့ရွှမ်းကျီက တော်ဝင်မင်းသားတစ်ပါး ဖြစ်လာခဲ့ပြန်တယ်။ သူမ ပိုပိုပြီး အနေရခက်လာတယ်။
ဒီလိုနဲ့ ဆွေ့ဟယ်သက္ကရာဇ် ပထမနှစ်မှာ နန်းတော်က သူမက တကယ်ကြီး ရှဲ့ရွှမ်းကျီနဲ့ ထိမ်းမြားပေးဖို့ ရည်ရွယ်ထားကြောင်း မိဘတွေဆီက သိလိုက်ရတဲ့အခါ သူမ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ မြို့တော်ထဲ တိုင်းတစ်ပါးက သူလျှိုတစ်ယောက်ဖြစ်တဲ့ ယဲ့လုယန်က သူမရဲ့ အိပ်ဆောင်ထဲကို ကျူးကျော်ဝင်လာခဲ့တယ်။ ရှဲ့ရွှမ်းကျီရဲ့ စေ့စပ်သူဆိုတဲ့ နာမည်ကို သုံးပြီး ကျန်းမင်ဝေ့ သူ့ကို ဖွက်ထားပေးခဲ့တယ်။ နောက်ပိုင်းမှာ သူ့ရဲ့ နွေးထွေးရက်ရောပြီး လက်ရဲဇက်ရဲရှိတဲ့ စိတ်သဘောထားအောက်မှာ သူမ တိမ်းညွှတ်သွားခဲ့ပြီး ဆောင်းဦးလလယ်ပွဲတော်နေ့မှာ သူ့နောက်ကို ခိုးရာလိုက်ခဲ့တော့တယ်။
ပြန်တွေးကြည့်တဲ့အခါ ဒီဆုံးဖြတ်ချက်က သူမ နောင်တအရဆုံး အရာပဲ။ သူမရဲ့ဘဝနဲ့ အနာဂတ်တစ်ခုလုံး ပျက်စီးသွားခဲ့ရတာ။
သူမရဲ့ အရင်ဘဝတုန်းက ယဲ့လုယန်နဲ့အတူ မြောက်ပိုင်းကို အတူထွက်ပြေးခဲ့ကြပြီး သူကလည်း မင်းသားတစ်ပါးဖြစ်နေတာကို သိလိုက်ရတယ်။ အဲ့တာကြောင့်မို့ ထွက်ပြေးတဲ့နေ့တုန်း မြို့တော်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်သွားခဲ့တာကိုး။ ယဲ့လုယန်က သူမကို ပေရုံကို ခေါ်လာခဲ့ပြီးနောက် မြောက်ပိုင်းသားတွေလည်း သူမကို လက်မခံချင့်ခံချင်နဲ့ မင်းသားရဲ့မိန်းမအဖြစ် လက်ခံလိုက်ရတော့တယ်။ ဒါပေမဲ့ အဲ့တာက တစ်နှစ်ပတ်လုံး သူမနဲ့ ယဲ့လုယန်တို့ ယောက်ျားမိန်းမ သဘာဝ အတူနေခဲ့ကြပြီးနောက်မှာသာ သူ့ရဲ့ မိန်းမအနေနဲ့ လက်ခံပေးလိုက်ကြတာ ဖြစ်တယ်။ အဲ့ထက် ဘာမှမပိုခဲ့ဘူး။
သူမက ဟန်လူမျိုးတစ်ယောက်ဖြစ်နေတာကြောင့် ယဲ့လုယန်ရဲ့ ဝမ်ဖေး ဖြစ်ခွင့် မရှိခဲ့ဘူး။ နောက်တော့ ထီးနန်းအတွက် အာဏာပိုရအောင် ယဲ့လုယန်က ပေရုံက မျိုးရိုးမြင့်တစ်ယောက်ရဲ့ သမီးကို ဝမ်ဖေးအဖြစ် တင်မြှောက်လိုက်တယ်။ ဝမ်ဖေးက ထောင်လွှားမောက်မာပြီး ဟန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ကျန်းမင်ဝေ့က မျက်စိစပါးမွှေးစူးနေခဲ့တယ်။ သူမ ကိုယ်လုပ်တော်တွေကြားက ချောက်တွန်းအကွက်ဆင်တာတွေကို ကြားခဲ့ဖူးပေမဲ့ ဝမ်ဖေးတစ်ပါးနဲ့တော့ တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးဘူး။ အားလုံးက ပေါ်ပေါ်ထင်ထင်ပဲ ဒုက္ခပေးခဲ့တာဖြစ်တယ်။ ဆောင်းတွင်းအေးစိမ့်နေချိန်မှာ သူမကို ရေနဲ့ လောင်းချခဲ့တာတွေ၊ ဖိနပ်အောက်ခံထဲ အပ်တွေ စိုက်ထားခဲ့တာ စသဖြင့် အစုံအစုံပဲ။
____________________________________________________________________________