စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law)
Chapter 10
Translator – Utopia
ပိုင်ရှင်ဆီ ပြန်ရောက်ရှိလာခြင်း။
အတုအယောင်က ရှဲ့ရွှမ်းချန်ရဲ့ဝမ်ဖေးဖြစ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ?
‘မရီးကို ရမ်းကားတယ်’ လို့ မုမင်ထန် ပြောလိုက်တဲ့အခါ ရှဲ့ရွှမ်းကျီ ဒေါသထောင်းကနဲ ထွက်သွားပေမဲ့ သူမကို ဘာမှသွားလုပ်လို့လည်း မရပြန်ဘူး။
ချီယန်ဝမ်နဲ့ ပတ်သက်လာရင် အရှင်မင်းကြီးရဲ့အနေအထားက အတော်လေး ကိုးရိုးကားရားနိုင်တယ်။ ရှဲ့ရွှမ်းကျီအတွက်လည်း သူ့ဝမ်းကွဲအစ်ကိုကသာ နန်းမွေဆက်ဆံခံသူ ဖြစ်ခဲ့ရမှာဆိုတဲ့အချက်က အတူတူပဲ ဖြစ်တယ်။ ချီယန်ဝမ်ရဲ့ရောဂါကြောင့် အကျိုးအမြတ် အများဆုံး ရသွားတဲ့သူက လက်ရှိဧကရာဇ်မိသားစုပဲဆိုတာ လူတိုင်း သိတယ်။
အခုက ကွန်ဖြူးရှပ်ဝါဒကို လက်ကိုင်စွဲထားတဲ့ခေတ်ဖြစ်တာကြောင့် ယောက်ျား မိန်းမကြားက ပတ်သက်မှုကို အတော်လေး အကဲဆတ်တယ်။ မရီးနဲ့ မတ်၊ ခယ်မနဲ့ ခဲအို တို့ကြား ခပ်ခွာခွာသာ နေသင့်တာဖြစ်တယ်။ အထူးသဖြင့် ချီယန်ဝမ်က သတိကောင်းကောင်းမရှိတော့ဘဲ အိပ်ရာထဲ လဲနေချိန်မှာ မုမင်ထန်က မုဆိုးမနဲ့ ဘာမှမကွာဘူး။ သူမလို ငယ်ရွယ်လှပတဲ့ မုဆိုးမတစ်ယောက်ကို ရှဲ့ရွှမ်းကျီက ကာယိန္ဒြေပျက်ပြားအောင် လုပ်ခဲ့ပါတယ်လို့ စွပ်စွဲခံလိုက်ရရင် သူ ဘယ်လိုမှ သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်တော့မှာ မဟုတ်ဘူး။
ရှဲ့ရွမ်းကျီရဲ့မျက်နှာက ဒေါသကြောင့် နီရဲနေပေမဲ့ သူမလက်ကို လွှတ်ပေးလိုက်ရတယ်။ မုမင်ထန် ပြန်ကြောလိုက်နိုင်တဲ့အတွက် စိတ်ထဲကျေနပ်သွားတယ်။ သာမန်အရပ်သူဖြစ်တဲ့ သူမအဖို့ မျိုးရိုးမြင့်အထက်တန်းလွှာတွေရဲ့ ယဥ်ကျေးပျူငှာခြင်းနဲ့ လောကဝတ်အပြုအမူတွေဆိုတာ နားမလည်ဘူး။ သူမ သိတာဆိုလို့ ကိုယ်က အထက်ကို ရောက်နေတဲ့အခါ ဒီအခွင့်အရေးကို အသုံးချပြီး သူများ အနိုင်မကျင့်ရဲအောင် လုပ်ရမယ်ဆိုတာပဲ။ ဒါမှ အောက်ပြုတ်ကျခဲ့ရင်တောင် ခံသာမှာ။
မုမင်ထန် အင်္ကျီလက်စကို ပြန်ဖြန့်ပြုလုပ်ရင်း ရယ်လိုက်တယ်။
“အရှင့်သားကို လူတွေက ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး ကျောက်စိမ်းလို နူးညံ့တဲ့သူလို့ သိကြတာလေ။ အရှင့်သားရဲ့ပုံရိပ်ကို နည်းနည်း ထိန်းပါဦး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အရှင့်သားရဲ့မရီးတော်ဖြစ်ပြီး အရှင့်သားရဲ့ဝမ်းကွဲအစ်ကိုတော်ကလည်း သတိလစ်မေ့မြောနေတုန်းပဲ။ ကျွန်မဆီမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် လူတွေရဲ့ တီးတိုးဝေဖန်သံတွေကြားမှာ အရှင့်သားလည်း လွတ်မှာမဟုတ်ဘူး”
ထို့နောက် သူမ ချာကနဲ လှည့်ထွက်လာခဲ့လိုက်တယ်။ တံခါးမှာ စောင့်နေတဲ့အစေခံက သူမကို ထွက်သွားခွင့်မပြုဘဲ ပိတ်ထားမလို့ လုပ်လိုက်ပေမဲ့ သူမရဲ့ စကားကြောင့် ရပ်သွားတယ်။
“လမ်းဖယ်စမ်း! အရှင်မင်းကြီးကိုယ်တိုင်က ငါ့ကို ချီယန်ဝမ်ဖေးအနေနဲ့ တင်မြှောက်ထားပြီးသား။ နင်တို့လောက်က ငါ့ကို တားနိုင်မယ်ထင်နေတာလား?”
ရှဲ့ရွှမ်းကျီက အမြဲတမ်း သူ့ကိုယ်သူ ရည်ရည်မွန်မွန်နဲ့ ယဥ်ကျေးတဲ့သူတစ်ယောက်အဖြစ် ပုံဖော်ထားတာဖြစ်တယ်။ သူ့ကို တွေ့တဲ့သူတိုင်းက ရပ်ပြီး လေးလေးစားစား နှုတ်ဆက်သွားကြတာချည်းပဲ။ သူ တွေ့ခဲ့ဖူးသမျှ မိန်းကလေးတွေဆိုတာလည်း ကျန်းမင်ဝေ့တို့လို ကျက်သရေရှိရှိ နူးနူးညံ့ညံ့ နေတတ်တဲ့ အထက်တန်းလွှာသခင်မလေးတွေသာ ဖြစ်တယ်။ သူ ဘယ်တုန်းက မုမင်ထန်လို အပေါက်ဆိုးတဲ့မိန်းမနဲ့များ ဆုံခဲ့မိတာပါလိမ့်။
သူ့မျက်နှာက ဒယ်အိုးဖင်လို မည်းမှောင်နေပြီး ကျန်းဟုန်ဟောက်က သူ့ထက်တောင် ပိုဆိုးသေးတယ်။ မုမင်ထန်ရဲ့ ပုံစံအမှန်က ဒီလိုမျိုးမှန်းသာ သိခဲ့ရင် ကျင်းဝမ်ကို ဒီမှာရှိနေပေးဖို့ သူ တောင်းဆိုခဲ့မှာ မဟုတ်ဘူး။ ကျင်းဝမ်ရှေ့မှာ ကျန်းမိသားစုကို စော်ကားနေတာကတောင် တော်တော်ကို အရုပ်ဆိုးနေပြီကို အခုကျ ကျင်းဝမ်ကိုပါ စော်ကားပြောဆိုလိုက်သေးတယ်။
ကျန်းဟုန်ဟောက် ရှက်လည်းရှက် ကြောက်လည်း ကြောက်ရွံသွားတယ်။ မုမင်ထန်ထွက်သွားတာနဲ့ ချက်ချင်း အမြန်ပဲ ဦးညွတ်လိုက်ပြီး
“အရှင့်သား ကျွန်တော်မျိုးကို ခွင့်လွှတ်တော့မူပါ! ကျွန်တော်မျိုးရဲ့ မွေးစားသမီးက အရင်က ကုန်သည်အိမ်က သမီးဖြစ်တာကြောင့် နိမ့်ကျပြီး တွေးတောချိန်ဆနိုင်စွမ်း မရှိပါဘူး။ အရှင့်သားကပဲ သဘောထားကြီးကြီးနဲ့ ဒီနိမ့်ကျတဲ့ အရပ်သူတစ်ယောက်ရဲ့စကားတွေကို ဗွေမယူဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်”
ရှဲ့ရွှမ်းကျီ ခေါင်းညိတ်လိုက်တယ်။ ဒါက ခွင့်လွှတ်ပေးလိုက်လို့ရတဲ့ အပြစ်ငယ်တစ်ခုဖြစ်သလို သူ ခွင့်မလွှတ်ပေးဘဲလည်း နေလို့ မရဘူး။ မုမင်ထန်ပြောသွားခဲ့သလိုပဲ အရှင်မင်းကြီးကိုယ်တိုင်က လွှတ်တော်မှာ တော်ဝင်အမိန့်စာထုတ်ပြီး သူမကို ချီယန်ဝမ်ဖေးအနေနဲ့ သတ်မှတ်ခဲ့တာဖြစ်တယ်။ ပြောရရင် ကျန်းမိသားစုကို ဥက္ကာခဲ လာမှန်ခဲ့ရင်တောင် တစ်မိသားစုလုံး ဖြစ်ချင်ရာဖြစ်လို့ရတယ်၊ မုမင်ထန်ကတော့ ဆံချည်တစ်မျှင်တောင် ထိခိုက်သွားလို့ မရဘူး။
ကျင်းဝမ်ကို စိတ်ကျေနပ်အောင် အလ္လာပ သလ္လာပ ပြောပြီးတဲ့နောက် အစေခံကို လက်ဖက်ရည် တည်ခင်းဖို့ အမိန့်ပေးလိုက်တယ်။
ကျန်းဟုန်ဟောက် မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး
“အရှင့်သားကြောင့်သာ မဟုတ်ရင် ကျွန်တော်မျိုးရဲ့မွေးစားသမီးနဲ့ ချီယန်ဝမ်တို့ကြားက မင်္ဂလာပွဲက ဒီလောက် မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်ခဲ့မှာ မဟုတ်ပါဘူး။ စိတ်ချပါ အရှင့်သား၊ မုမင်ထန်က ကျန်းမိသားစုကို ကျေးဇူးကြွေး တင်နေတာပါ၊ သူမ ကျေးဇူးကြွေးကို ပြန်ဆပ်ရလိမ့်မယ်။ သူမက အဲ့လောက် အသိတရားမရှိတဲ့ မိန်းကလေးတော့ မဟုတ်ပါဘူး။ သူမကသာ မင်းမိန့်ကို အာခံမယ်ဆို အသက်နဲ့ပြန်ပေးဆပ်သွားရလိမ့်မယ်။ ချီယန်အိမ်တော်ကို ဝင်ပြီးနောက်မှာလည်း ဒီလိုပဲ သူမ နာခံရမှာပါပဲ”
ရှဲ့ရွှမ်းကျီ စိတ်အေးသွားအောင်လို့ ကျန်းဟုန်ဟောက် အသေအချာ အာမခံပြီး ပြောပြနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်ဝေ့က မင်္ဂလာပွဲကနေ ထွက်ပြေးခဲ့တာလေ၊ မုမင်ထန်ပါ ထပ်ပြီး ထွက်ပြေးသွားမယ်ဆို ကျန်းမိသားစုမှာ ပြစရာမျက်နှာတောင် ရှိတော့မှာ မဟုတ်ဘူး။
ရှဲ့ရွှမ်းကျီကလည်း ခေါင်းညိတ်လိုက်ပြီး
“ယွဲ့ဖု၊ မင်ဝေ့က ပန်ဝမ်(ငါ မင်းသား)ရဲ့ ချစ်ရတဲ့ စေ့စပ်ထားသူဆိုမှတော့ ကျန်းမိသားစုရဲ့ အရေးကိစ္စက ဒီမင်းသားရဲ့ အရေးကိစ္စပါပဲ”
ဒီစကားကို ကြားတဲ့အခါ ကျန်းဟုန်ဟောက် အတော်လေး စိတ်သက်သာရသွားတယ်။ ကိုယ့်သမီးကို ချစ်မြတ်နိုးတဲ့ သမက်ကို သဘောမကျတဲ့ အဖေဆိုတာ ဘယ်မှာရှိမလဲ။ သူမ ပျောက်သွားတုန်းကလည်း အရှင့်သားက ကူရှာပေးခဲ့တယ်။ ဒီတစ်ချက်နဲ့တင် သူ ကျန်းမင်ဝေ့ ထွက်ပြေးသွားတာကို ခွင့်လွှတ်ပေးလို့ ရနေပြီ။
သူ့အတွေးက ဒီအထိ ရောက်လာတဲ့အခါ စိတ်ထဲ မတင်မကျ ဖြစ်လာရပြန်တယ်။ အဖေတစ်ယောက်အနေနဲ့ စေ့စပ်ထားပြီးသား သမီးကို ဒီလိုအကြောင်းတွေ ထုတ်မေးရမှာက နည်းနည်းတော့ အနေရခက်နေတယ်။ သူမ တစ်နှစ်ပတ်လုံး ပျောက်ဆုံးနေခဲ့ပြီး အရိုင်းအစိုင်း တိုင်းတစ်ပါးသားနဲ့ ခိုးရာလိုက်ပြေးသွားတယ်ဆိုတဲ့ သတင်းကလည်း ပျောက်တဲ့နေ့ကတည်းက ထွက်လာတာဖြစ်တယ်။ သူ စိတ်ပူရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျန်းသခင်မကတော့ သူ့သမီးက ဖြူစင်ပါတယ်လို့ အာမခံခဲ့ပြီး၊ ကျန်းဟုန်ဟောက်လည်း သံသယမဖြစ်ပေမဲ့ ဒီကိစ္စက သူတို့ယုံတယ် မယုံတယ်နဲ့တင် ပြီးသွားမှာ မဟုတ်ချေ။
____________________________________________________________________________