စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 106
Translated by Utopiaနောက်ပိုင်း ကျင်းရှီသက္ကရာဇ် ဒုတိယမြောက်နှစ်မှာတော့ ရှဲ့ရွှမ်းချန် စိတ်ဖောက်ပြန်သွားတဲ့သတင်းက လေလိုပဲ ပျံ့နှံ့သွားပြီး သူ့ဂုဏ်သိက္ခာတွေလည်း မြောင်းထဲ ရောက်ကုန်တယ်။ ရှဲ့ရွှမ်းချန်အကြောင်းကို ဘယ်သူမှ အံ့ဩလေးစားဖွယ် တစ်ခုတ်တစ်ရ မပြောကြတော့ချေ။ ကျန်းမင်ဝေ့ကိုလည်း ရှဲ့ရွှမ်းချန်အနား မသွားဖို့၊ သူနဲ့ စကားမပြောဖို့၊ ကုန်ကုန်ပြောရရင် သူ့ကိစ္စမှန်သမျှကနေ လက်ရှောင်နေဖို့ ကျန်းဟုန်ဟောက်နဲ့ ကျန်းသခင်မတို့က အတန်တန် သတိပေးခဲ့ကြတယ်။
ရှဲ့ရွှမ်းချန်က မကောင်းဆိုးဝါးတစ်ကောင်လိုပဲမို့ လှမ်းကြည့်မိရုံနဲ့တင် သူမ သေသွားနိုင်တယ်။ နောက်ပိုင်း ကျန်းမင်ဝေ့လည်း မိဘတွေစီစဉ်ပေးတဲ့ မင်္ဂလာပွဲကနေ ထွက်ပြေးပြီး ပေရုံမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။ အဲ့ဒီနောက် အခုလက်ရှိအချိန်ကို သူမ ပြန်လည်မွေးဖွားလာခဲ့တယ်။ အဖြစ်အပျက်ပေါင်းများစွာအပြီးမှာ ကျန်းမင်ဝေ့မှတ်ဉာဏ်ထဲ ရှဲ့ရွှမ်းချန်က မေ့တေ့တေ့တောင် ဖြစ်နေပြီ။ သူ ဘယ်လိုပုံစံရှိလဲတောင် သူမ ရုပ်မဖမ်းမိတော့ဘူး။
ဒါပေမဲ့ ဒီနေ့ သူမ သတိလက်လွတ်ဖြစ်သွားပြီး ဟိုးအရင်ချိန်က လေးစားသဘောကျခဲ့ရတဲ့ ခံစားချက်တွေက ပြမ်ပေါ် လာတယ်။ ကျန်းမင်ဝေ့ သူ့ကို သေချာကြည့်နေမိတယ်။ အရင်ကထက်တော့ သူ အများကြီး ပိန်ကျသွားပေမဲ့ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားနေဆဲဖြစ်တယ်။ အထူးသဖြင့် ယုံကြည်ချက်အပြည့်နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ မထိတထိ အကြည့်က အရင်လိုပဲ မပြောင်းလဲသေးဘူး။
အသက် ၁၅ နှစ်တုန်းကနဲ့ ယှဉ်လိုက်ရင် အခု သူက အများကြီး ပိန်သွားပြီး အရပ်လည်း ပိုရှည်လာတယ်။ နည်းနည်းလေးမှ ရုပ်ရင့်မသွားဘဲ အရင်ကထက်တောင် နုပျိုချောမောနေသလိုပဲ။ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာသွင်ပြင်က ပိုထင်ထင်ရှားရှားရှိလာပြီး ခန့်ညားလာတယ်။ မေးရိုးထင်းထင်း၊ မျက်ခုံးကောင်းကောင်းနဲ့ ဖျော့တော့တဲ့ နှုတ်ခမ်းတစ်စုံ သူ့မှာ ရှိတယ်။ အသားအရည်က ဖြူဖျော့ဖျော့ ဖြစ်နေပေမဲ့ ကြောက်လန့်စရာမကောင်းဘဲ နုနုနယ်နယ် အလှလေးလိုမျိုးနဲ့ ပိုတူတယ်။