စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 87
Translator – Utopia
ရှဲ့ရွှမ်းချန် စိတ်ဖောက်ပြန်သွားတဲ့နေ့တုန်းက မုမင်ထန် ရောက်လာတဲ့အခါ စစ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ထမ်းစင်နဲ့သယ်ထုတ်သွားရတာကို တွေ့လိုက်တယ်။ သူတို့ လမ်းတောင် မလျှောက်နိုင်ကြတော့ဘူး။ မုမင်ထန် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခြေကျိုးတဲ့သူက ကျိုး၊ လက်ကျိုးတဲ့သူက ကျိုးနဲ့၊ တချို့ဆို သူ့လက်ချက်နဲ့ အဆစ်ပါ လွဲကုန်ကြတယ်။
ယောက်ျားရင့်မာကြီးတွေဖြစ်ကြတဲ့ စစ်သားတွေတောင်မှ ရှဲ့ရွှမ်းချန်လက်ထဲ မာန်ဖီနေတဲ့ ကလေးတစ်ယောက်လိုမျိုးပဲ တစ်ချက်တည်း ထိုးလိုက်ရုံနဲ့ လဲကျကုန်ကြတယ်။
ဒီလို ကြောက်လန့်စရာကောင်းတဲ့သူက မုမင်ထန်ကို ခေါ်သွားကြတယ်လို့လည်း ကြားရော နေမကောင်းတဲ့ကြားက ရအောင် ထလာပြီး သူမကို ကယ်ဖို့ ရောက်လာခဲ့တယ်။ သူမအတွက်နဲ့ မယ်တော်ကြီးလက်အောက်က ကူးကူးကိုတောင် အပြစ်ပြုခဲ့တယ်။ သူတို့ အခန်းထဲ ပြန်ရောက်တဲ့အခါမှာတောင် သူမနဲ့ အမျိုးသမီးအရာရှိတို့ စကားပြောတာ ပြီးတဲ့အထိ သူ ထိုင်စောင့်နေပေးခဲ့တယ်။ နောက်ဆုံး ဘယ်သူမှ မရှိတော့တဲ့အခါမှသာ သူ ဘယ်လောက် အားနည်းပင်ပန်းနေခဲ့လဲဆိုတာကို ထုတ်ပြနိုင်ရှာတယ်။
ရှဲ့ရွှမ်းချန် ခဏအိပ်လိုက်ပြီးတဲ့နောက် အားနည်းနည်း ရှိသွားတယ်။ သူ နိုးလာတဲ့အခါ မုမင်ထန်က တစ်ခုခုကို တွေးနေသလိုမျိုး ငေးမောနေတာကို တွေ့လိုက်ရတယ်။
ရှဲ့ရွှမ်းချန်က မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် မေးလာတယ်။
"မင်း ဘာတွေ တွေးနေတာလဲ"
"ဘာမှမတွေးပါဘူး" မုမင်ထန် အဲ့ကျမှ အသိပြန်ဝင်ပြီး သူ့ကို စောင်သေချာပြန်ခြုံပေးနေတယ်။ "ကျွန်မတွေးနေတာ အရှင့်သားက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ နူးညံ့တဲ့သူပဲ"
ဘာ? နူးညံ့တယ်? ရှဲ့ရွှမ်းချန် ဘဝင်မကျဖြစ်သွားတယ်။ ဒါက ဘယ်လို မိန်းကလေးဆန်တဲ့ စကားလုံးကြီးလဲ? သူ ချက်ချင်းပဲ ထထိုင်လိုက်ပြီး
"မင်း ဘာပြောလိုက်တာလဲ"
ရှဲ့ရွှမ်းချန် ငေါက်ကနဲ ထထိုင်လိုက်တာမို့ မူးသွားပြီး နောက်ကို လဲကျမလို ဖြစ်သွားတယ်။ မုမင်ထန်က အမြန်ပဲ သူ့ကို ထိန်းပေးလိုက်ပြီး
"သတိထားလေ! ပြောစရာရှိတယ်ဆို ဖြေးဖြေးပြော၊ အလောတကြီး မပြောနဲ့"
ရှဲ့ရွှမ်းချန် ပြောရင်း ခေါင်းက မူးနောက်လာတယ်။ သူ အရမ်း ဒေါသထွက်နေတာကြောင့် မျက်လုံးပါ ပြာသွားပြီး အားနည်းနေတော့တယ်၊ မသိရင် ဖန်သားနဲ့ ပန်းပုထုထားတာကျနေတာပဲ။ မုမင်ထန် ဖြေးဖြေးချင်း သူ့ကို ခေါင်းအုံးရှိရာဆီ ပြန်လှဲပေးနေတယ်၊ သူမ ခပ်မြန်မြန်တောင် မလုပ်ရဲဘူး။
"အရမ်း စိတ်လှုပ်ရှားမလွယ်နဲ့၊ ဖြေးဖြေးချင်း ပြောလေနော်၊ ကျွန်မ နားထောင်ပေးမယ်"
မုမင်ထန် ပြောလိုက်ပြီးတဲ့နောက် ရုတ်တရက် သူမနောက်က တစ်ခုခုက လှုပ်ရှားနေသလို ခံစားလိုက်ရတယ်။ သူမ လှည့်ကြည့်လိုက်တဲ့အခါ တံခါးဝမှာ ရှန့်နန်ချွမ် ရပ်နေတာကို တွေ့လိုက်ရတယ်။ သူမပုံစံ ကြည့်ရတာ တံခါးခေါက်ချင်ပေမဲ့ မခေါက်ရဲတဲ့ပုံပေါ်တယ်။
သူမ ပြန်ဝင်လာတဲ့အခါ အခုလို မြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ရှန့်နန်ချွမ် မထင်ထားခဲ့ဘူး။ ဝမ်ရယ်က အိပ်ရာထဲ လှဲနေပြီး ဝမ်ဖေးကလည်း ကုတင်အစွန်းမှာ ထိုင်နေတယ်။ သူမရဲ့ဆံပင်ရှည်တွေက ဘေးကို ယိမ်းကျနေပြီး နှစ်ယောက်စလုံးရဲ့မျက်နှာကို မမြင်ရဘူး။ သူတို့ ဘာလုပ်နေကြတာလဲ ရှန့်နန်ချွမ် အတိအကျကြီးတော့ မမြင်ရပေမဲ့ အခုလိုအခြေအနေမျိုးမှာ သူတို့ ဘာလုပ်နေတာဖြစ်မလဲက တွေးကြည့်လို့ရပါတယ်။
ရှန့်နန်ချွမ် တံခါးဝမှာပဲ ရပ်နေပြီး အထဲဝင်ရမလား မဝင်ရဘူးလား တွေးနေတယ်။ သူမ တိတ်တိတ်လေး ပြန်ထွက်သွားမလို လုပ်လိုက်ချိန်မှာပဲ မုမင်ထန်က လှည့်ကြည့်လာတယ်။ ရှန့်နန်ချွမ်လည်း ဘာမှမမြင်လိုက်သလိုမျိုး ကိုးရိုးကားရားနဲ့ ပြန်ပြုံးရင်း
"ဝမ်ဖေး ဆန်ပြုတ် အဆင်သင့် ဖြစ်ပါပြီ။ အခုပဲ သုံးဆောင်တော့မလား"
မုမင်ထန် အိပ်ရာပေါ် အားပြုထားရတာမို့ ခဏကြာမှပဲ ပြန်ပြောနိုင်တယ်။ သူမ မတ်မတ်ပြန်ထိုင်လိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ဆံပင်ကို သေချာ ပြန်သပ်လိုက်တယ်။
"ယူလာခဲ့လိုက်တော့"
ရှန့်နန်ချွမ်နဲ့အတူ အစေခံတွေကလည်း ခေါင်းငုံ့ရင်း ဝင်လာကြတယ်။ သူတို့ခမျာ မော့တောင် မကြည့်ရဲဘူး။ မုမင်ထန်လည်း သူ့ဟာသူ ရှက်နေမိတော့တယ်။ သူမ တကယ် ရှဲ့ရွှမ်းချန်ကို လှဲဖို့ ကူပေးနေတာပါ၊ တခြား ဘာမဟုတ်တာမှ လုပ်နေတာ မဟုတ်ဘူးရယ်။ သူတို့ပုံစံက မသိရင် ရှဲ့ရွှမ်းချန်နဲ့ အိပ်ရာပေါ် လူးလိမ့်ချင်နေတဲ့ သူမကို ဝင်နှောင့်ယှက်မိသလိုမျိုးနဲ့။
ဒီအထင်လွဲမှုကို သူမ ရှင်းရှင်းလင်းလင်း လုပ်ရမယ်လို့ မုမင်ထန် တွေးလိုက်တယ်။ သူမ မတ်တတ်ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်တယ်။
"တကယ်တော့ ငါ ဝမ်ရယ်နဲ့ စကားပဲ ပြောနေတာပါ"
သူမ မပြောပဲ နေလိုက်ရင်တောင် အကောင်း၊ ပြောလိုက်ကာမှ အစေခံမလေးတွေ အကုန်လုံး ရှက်သွေးဖြာပြီး ခေါင်းငုံ့သွားကြတော့တယ်။ ရှန့်နန်ချွမ်လည်း ရှက်ရှက်နဲ့ သူမကို အကြည့်လွှဲသွားပြီး ကိုယ်ကို အရှေ့ကိုင်းညွတ်လိုက်ကာ
"အနှောင့်အယှက်ပေးမိတဲ့အတွက် စိုးရွံ့မိပါတယ်။ ကျေးဇူးပြုပြီး ဝမ်ဖေး ခွင့်လွှတ်တော်မူပါ"
____________________________________________________________________________________________