Chapter 25

2.7K 256 1
                                    

Chapter 25
December 6, 2023
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 25
Translator – Utopia
အခု သူက မေ့မြောနေပြီး သူမက သူ့ဇနီး ဖြစ်လာခဲ့ပြီ။ သူမဘဝတစ်လျှောက်လုံး သူ့ကို အဖော်ပြုသွားပေးဖို့ မုမင်ထန်မှာ ဘာတွေဝေခြင်းမှ မရှိတော့ချေ။
သူမမှာ ဘာအကြောက်တရားမှလည်း မရှိတော့ဘူး။ သူက သူမရဲ့ အသက်သခင်ပဲ၊ သူရဲကောင်းပဲ၊ ရူးသွပ်နေတဲ့ လူသတ်ကောင်တစ်ယောက် မဟုတ်ဘူး။ သူမ မတ်တတ်ရပ်လိုက်ပြီး ‌ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း သူမ ဘာလုပ်ပေးရင် ကောင်းမလဲ စဥ်းစားနေတယ်။ 
ယွီလင်စံအိမ်တော်က ကြီးမားပေမဲ့ လူသူကင်းမဲ့နေတာ ကြာပြီမို့ ဖုန်အလိမ်းလိမ်း ဖြစ်နေခဲ့တယ်။ ခန်းဆီးလိုက်ကာတွေကလည်း ညစ်ပတ် ပေရေနေရုံသာမက အပြင်က အလင်းမဝင်နိုင်အောင်ပါ တားဆီးထားတယ်။ အခန်းထဲက လေထုက ထိုင်းမှိုင်းခြောက်ခြားဖွယ်ကောင်းနေတယ်။ မုမင်ထန် ချက်ချင်းပဲ ခန်းဆီးလိုက်ကာတွေကို ဖွင့်လိုက်ပြီး အခန်းထဲ အလင်းရောင်ဝင်အောင် လုပ်လိုက်တယ်။
အဲ့ဒီနောက် ရှဲ့ရွှမ်းချန်ကို မျက်နှာသစ်ပေးရအောင်လို့ သူမ ရေအေးတစ်ဇလုံခပ်လာတယ်။ သူ မေ့မြောနေတာ အချိန်အတော်ကြာကို ရှိခဲ့ပြီ။ သူ့အတွက် စားစရာနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လေ့ကျင့်ပေးထားတဲ့ အစေခံတွေ ရှိပေမဲ့လည်း သူတို့လို စစ်သားတွေက လူမမာတစ်ယောက်ကို ဘယ်လိုပြုစုပေးသင့်လဲ ဘယ်လိုလုပ် နားလည်မှာလဲ။ အခြေခံ လုပ်ပေးရမှာတွေလောက်က ကိစ္စမရှိပေမဲ့ သူ့မျက်နှာတစ်ခုလုံးကော တစ်ကိုယ်လုံးမှာကော သွေးတွေက ခြောက်ကပ်စွန်းထင်းနေတယ်။
မုမင်ထန် အဖွားကျိုး မမာမကျန်းဖြစ်တုန်းက ပြုစုပေးခဲ့ရတာမို့ လူနာကို ဘယ်လိုပြုစုပေးရမလဲ သူမ ကောင်းကောင်း နားလည်တယ်။ ကံကောင်းတာက စစ်သားတွေက သူမအနားလည်း မလာရဲ၊ သူမကိုလည်း အပြင်ပေးမထွက်ပေမဲ့ သူမအမိန့်ကိုလည်း မနာခံဘဲလည်း မနေရဲဘူး။ မုမင်ထန် သူတို့ကို ရေနွေးတစ်ဇလုံခပ်လာခဲ့ခိုင်းတဲ့အခါ စစ်သားတစ်ယောက်က ခပ်လာပေးပြီး ယွီလင်စံအိမ်တော် အဝင်ဝမှာ ချသွားပေးတယ်။ ထို့နောက် သူ့နေရာသူ ပြန်သွားတော့တယ်။
..... ကောင်းပြီလေ သူမကိုယ်တိုင်ပဲ သယ်ရတော့မှာပေါ့။ စစ်‌ဘေးရှောင်ဘဝတုန်းက သူမ ပိုက်ဆံရဖို့ဆို မလုပ်ဖူးတဲ့အလုပ် မရှိခဲ့ဘူး။ ရေတစ်ဇလုံလောက်ခပ်ရတာက ဘာမှမဟုတ်သေးဘူး။ မုမင်ထန် ရေဇလုံကို ရှဲ့ရွှမ်းချန်ရဲ့ အတွင်းအိပ်ဆောင်ထိ သယ်လာပြီး ရေပူရေအေး စပ်ပေးလိုက်တယ်။ ထို့နောက် လက်ကိုင်ပဝါကို ထုတ်ပြီး ရေထဲနှစ်ကာ သေချာ ပြန်ညှစ်လိုက်တယ်။ သူမ အိပ်ရာဘေး ဒူး‌ထောက်ထိုင်ကာ ရှဲ့ရွှမ်းချန်မျက်နှာကို ဂရုတစိုက် ရေဖတ်တိုက်ပေးနေတယ်။ ဒီသွေးကွက်တွေက ဘယ်သူ့သွေးလဲဆိုတာ သူမ တွေးတောင် မတွေးရဲဘူး။
သူမ မြင်ရသလောက်မှာတောင် ရှဲ့ရွှမ်းချန်က ဘယ်လောက်ချောမောလဲဆိုတာကို မရည်ရွယ်ဘဲ သတိထားမိသွားတယ်။ အသားအရေက ကျောက်စိမ်းသားလို ဖြူစင်ပြီး နှစ်ပေါင်းများစွာ နေရောင်အောက် မနေခဲ့ရတာကြောင့် ပါးတွေတော့ ချောင်ကျနေတယ်။ ဒါပေမဲ့ မျက်ခုံးမြင့်မြင့်၊ ရှည်လျားတဲ့ မျက်တောင်၊ နှာတံစင်းစင်းနဲ့ သွေးရောင်မဲ့နေတဲ့ နှုတ်ခမ်းပါးပါးလေး ရှိတယ်။
“နာမည်ကြီး ချီယန်ဝမ်က အပြင်က ချောလှချည်ရဲ့ဆိုတဲ့ ကောင်လေးတွေထက်တောင် ချောတာပဲ”
မုမင်ထန် လက်ကိုင်ပဝါကို ရေထဲနှစ်ပြီး နောက်တစ်ခါ ဒီကောင်ချောလေး ... အဲ ချီယန်မင်းသားရဲ့ လက်တွေ ခြေထောက်တွေကို ‌ရေပတ်တိုက်ပေးဖို့ လုပ်လိုက်တယ်။
အင်္ကျီလဲပေးဖို့ကတော့ သူမမှာ အဲ့လောက်ထိ သတ္တိမရှိသေးဘူး။
မုမင်ထန် အိပ်ရာပေါ် တက်လာပြီး စောင်ကို မလိုက်တဲ့အခါ သူ့လက်မှာ ခတ်ထားတဲ့ သံလက်ထိတ်တွေကြောင့် အံ့အားသင့်သွားရတယ်။ သူမ ချက်ချင်းပဲ စောင်တစ်ခုလုံးကို ဖယ်ပစ်လိုက်တယ်။ ခြေထောက်မှာလည်း သံခြေချင်းတွေ ခတ်ထားတာပဲ။
လူနာတစ်‌ယောက်ကို ခြေချင်းတွေ လက်ထိတ်တွေ ခတ်ထားတာလား??
သူ့ကိုယ်က ပိန်ချုံးနေတာမှ ခါးသေးသေးလေးပဲ ကျန်တော့တယ်။ ဒါတောင်မှ သူတို့က သူ့ကို လက်ထိတ်တွေ ခြေချင်းတွေ ခတ်ထားကြတယ်?
မုမင်ထန် မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျလာတော့တယ်။
“သူတို့ ဘာလို့ အရှင့်ကို ဒီလို ဆက်ဆံရက်ကြတာလဲ။ အရှင်က ရှန်းယန်မြို့ကို ကယ်ခဲ့တဲ့ သူရဲကောင်းပဲ။ အခု အရှင် မမာမကျန်းဖြစ်လို့ အိပ်ရာထဲ လဲနေချိန်ကျ သူတို့က အရှင့်ကို အကျဉ်းသားတစ်ယောက်လို ဆက်ဆံနေကြတာပဲ!”
သူ့လက်ကောက်ဝတ်က ဒဏ်ရာတွေဆိုတာ ကြောက်ဖို့လန့်ဖို့တောင် ကောင်းတယ်။ ကြည့်ရတာ သူ ဒီသံကြိုးတွေကနေ အကြိမ်ပေါင်းများစွာ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ခန္ဓာကိုယ်က အားလည်း မရှိတော့သလို ဖွင့်ဖို့ သော့လည်း မရှိရှာဘူး။ မတတ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အနာခံပြီး အတင်းအကြပ်လုပ်တာကြောင့် လက်ကောက်ဝတ်မှာ ဒဏ်ရာတွေ အများကြီး ဖြစ်နေတော့တယ်။ တချို့အနာတွေဆို သွေးနဲ့ စောင်က ချည်စတွေနဲ့ ရောပြီး အိပ်ရာမှာတောင် ကပ်နေတယ်။
မုမင်ထန် ဒဏ်ရာမှာကပ်နေတဲ့ ချည်စတွေကို ဖယ်ပေးချင်ပေမဲ့လည်း သူမ သွားလုပ်ခါမှ သူ့ကိုပိုနာအောင် လုပ်မိသလို ဖြစ်မှာလည်း စိုးရိမ်နေမိတယ်။ ဒါနဲ့ပဲ သူမ စိတ်ရှည်ရှည်နဲ့ ဒဏ်ရာတွေကို ရေနူးသွားအောင် လုပ်ပြီး ဖြေးဖြေးချင်းဆီ သွေးစတွေကို ဖယ်ပေးလိုက်တယ်။
သူ နာသွားလို့ပဲလား ဒါမှမဟုတ် သံကြိုးတွေက သူ့ရဲ့နောက်ဆုံးမာနကို ထိခိုက်နေလို့ပဲလားမသိ ရုတ်တရက် ရှဲ့ရွှမ်းချန်ခန္ဓာကိုယ်က လှုပ်သွားတယ်။ မုမင်ထန်လည်း လန့်ဖျပ်သွားပြီး
“ကျွန်မကို မသတ်ပါနဲ့”
ဒါပေမဲ့ ထိုလူငယ်ဆီက ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ပြန်ချေ။ ခဏကြာတဲ့နောက် သူမ ဂရုတစိုက်နဲ့ သူ့ရှေ့ တိုးလာပြန်တယ်။
_______________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now