“အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ” ရှဲ့ရွှမ်းကျီက ငြင်းလာတယ်။ “သားသမီးဝတ်က ပိုအရေးကြီးတယ်။ ဘယ်လောက်ပဲ ကိစ္စတွေက အရေးကြီးပါစေ ကိုယ်တို့ရဲ့ ကိုယ်ကျင့်တရားကို မြဲမြံအောင် ထားရမယ်။ အခု ကိုယ်တို့လုပ်ရမှာက စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပဲ”
သားသမီးဝတ်? ဒါက သားသမီးဝတ်နဲ့ ဘာဆိုင်လို့လဲ! ကျန်းမင်ဝေ့ တကယ် စိတ်မကောင်းဖြစ်သွားတယ်။ သူမက မုမင်ထန်ရဲ့ ချွေးမလည်း မဟုတ် မြေးချွေးမလည်း မဟုတ်ဘူး၊ ဝမ်ဖေးအဆင့်ချင်း အတူတူကို သူမက ဘာလို့ မုမင်ထန်ကို လေးလေးစားစား ဆက်ဆံရမှာလဲ။ ကျင်းအိမ်တော်မှာ လုပ်စရာတွေက တောင်လို ပုံနေပြီ၊ အစေခံတွေအားလုံးကလည်း သူမရဲ့အမိန့်ကို စောင့်နေကြတာ။ မိဖုရားခေါင်ကြီးလည်း သူမရဲ့ ပြန်စာကို စောင့်နေတာလို့! ဒီနေ့ ပြန်တာ နောက်ကျရင် လုပ်စရာတွေ အကုန် နောက်ကျကုန်ပြီး မိဖုရားခေါင်ကြီး ဆူတာခံရဦးမယ်။
ဒါပေမဲ့ ရှဲ့ရွှမ်းကျီကတော့ ညီငယ်ကောင်းတစ်ယောက်ရဲ့ပုံကို ပြသဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ ဖြစ်တယ်။ ကျန်းမင်ဝေ့ စိတ်လောနေပေမဲ့ သူမ ရှဲ့ရွှမ်းကျီနဲ့အတူ ထိုင်စောင့်နေရုံသာ တတ်နိုင်တယ်။ သူမ အတွင်းခန်းထဲကို လည်ပင်းတမျှော်မျှော်နဲ့ ကြည့်နေရင်း နောက်ဆုံး ထပ်ပြီး မစောင့်နိုင်တော့ဘူးလို့ စိတ်ထဲ တွေးလိုက်ချိန်မှာပဲ အထဲက လှုပ်ရှားသွားတာကို တွေ့လိုက်ရတယ်။
အစေခံတွေက လိုက်ကာတွေကို မ ပြီး သူတို့ကို နှုတ်ဆက်လာတော့မှပဲ ကျန်းမင်ဝေ့ သက်ပြင်းချနိုင်တော့တယ်။ သူမ အမြန်ပဲ မတ်တတ်ရပ်လိုက်ပြီး
“ဒုတိယခဲအို၊ ဒုတိယယောင်းမ၊ ကောင်းသော မနက်ခင်းပါ။ ကျွန်တော်မျိုးမတို့ နှုတ်ခွန်းဆက်ဖို့ လာခဲ့ပါတယ်”
ရှဲ့ရွှမ်းကျီက သူမထက် နောက်ကျပြီးမှ ထ လာတယ်။
သူ တမင် နှေးပြီး ထတာတော့ မဟုတ်ပေမဲ့ ရှဲ့ရွှမ်းချန်ကို မြင်လိုက်ရလို့ အံ့အားသင့်သွားတာကြောင့် ဖြစ်တယ်။
မနေ့က ကျန်းသခင်မတို့ အန်းအိမ်တော်ကို လာလည်တော့ သူ ပါမလာခဲ့ဘူး။ သူ့စိတ်ထဲ ရှဲ့ရွှမ်းချန်ကို မင်္ဂလာပွဲတုန်းကလိုပဲ ထင်နေတာ။
အဲ့ဒီနေ့တုန်းက ရှဲ့ရွှမ်းချန်က စိတ်ဖောက်ပြန်နေပြီး ဆံပင်တွေကလည်း ဖရိုဖရဲနဲ့ တကယ့်ကို အရူးအတိုင်းပဲ။ နောက်တော့ သူ မေ့လဲကျသွားပြီး အိပ်ရာထဲ လဲသွားတယ်၊ သူ့မှာ နည်းနည်းလေးတောင် ခုခံနိုင်စွမ်း မရှိတော့ဘူး။ ဆိုတော့ကာ ရှဲ့ရွှမ်းကျီ စိတ်ထဲ သူ့ကို သံချိန်းကြိုးတွေ ခတ်ထားတဲ့ပုံမျိုး၊ မဟုတ်လည်း စိတ်လွတ်နေတဲ့ အရူးလိုမျိုး ကြောက်လန့်စရာပုံမျိုးပဲ မြင်ယောင်ထားတာ။
သန့်ပြန့်သပ်ရပ်နေတဲ့ ရှဲ့ရွှမ်းချန်ရဲ့ ပုံစံက သူ့စိတ်ကူးထဲကနဲ့ တခြားစီပဲ။ ရှဲ့ရွှမ်းချန်း ဖြေးဖြေးချင်း သူတို့ဆီ လျှောက်လာတာမြင်တော့ သူ့စိတ်ထဲ ဟိုးအရင် မြို့တော်ကို ရောက်ခါစအချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ အဲ့အချိန်တုန်းက နယ်မြို့လေးကို ထားခဲ့ပြီး ရုတ်တရက်ဆိုသလို မြို့တော်ရဲ့ခမ်းနားကြီးကျယ်မှုတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သူ့စိတ်ထဲ သိမ်ငယ်ပြီး သေးငယ်သွားသလို ခံစားခဲ့ရတယ်။ ရှဲ့ရွှမ်းကျီ မျက်လုံးထဲ အစောင့်ရဲမက်တွေတောင်မှ အံ့ဩခမ်းနားစရာကောင်းနေပြီး ဒီလိုအရာတွေကို သူ့ဘဝမှာ ပထမဆုံး မြင်တွေ့ခဲ့ရတာပဲ။
အဲ့ဒါတောင် ရှဲ့အိမ်တော်ရဲ့ အစောင့်ရဲမက်တွေပဲ ရှိသေးတယ်။ ရှဲ့အိမ်တော်ထဲ ရောက်မှ တကယ့် တော်ဝင်မျိုးနွယ်တွေက ဘယ်လိုလဲဆိုတာ သူ မျက်ဝါးထင်ထင် တွေ့တော့တယ်။ ရဲရင့်တဲ့စစ်သူကြီးလို့ စာအုပ်တွေထဲမှာတောင် ဖော်ပြခြင်းခံခဲ့ရတဲ့ သူ့ဦးလေး ရှဲ့ယီ၊ နောက်ပြီး ရွှေဘုံပေါ်မှာ မွေးလာတဲ့ လူတကာ အာရုံအစိုက်ခံရဆုံး သူ့ဝမ်းကွဲအစ်ကို ရှဲ့ရွှမ်းချန်တို့ကိုလည်း အဲ့ကျမှ မြင်ဖူးခဲ့တာ။
ချန်၊ ရှင်းချန်၊ ပေချန် .... နာမည်တွေကတောင် သူ့ထက်ပိုပြီး အဆင့်အတန်း မြင့်နေတယ်။ အဲ့ဒီနေ့တုန်းက ရှဲ့ရွှမ်းချန်က သံချပ်ကာ ဝတ်ထားပြီး သူ့နောက်မှာ လူတွေ အများကြီး လိုက်ပါလာကြတယ်။ ရှဲ့ရွှမ်းကျီရဲ့နောက်က အစေခံခေါင်းက သူ့ကို ‘ဒုတိယ သခင်လေး’ လို့ ခေါ်လိုက်ပြီး ရှဲ့ရွေ့နဲ့ ရှဲ့ရွှမ်းကျီတို့ကို သူနဲ့ မိတ်ဆက်ပေးလာတယ်။ ရှဲ့ရွှမ်းချန်က ခေါင်း အသာ ညိတ်ပြသွားပြီး ထွက်သွားတယ်။
အဲ့တာက သူ ပထမဆုံးအချိန် ရှဲ့ရွှမ်းချန်ကို မြင်ဖူးတာပဲ။ နောက်ပိုင်း ကျန်းမင်ဝေ့တို့ကို သွားကြိုတော့ မြို့တော်ဂိတ်မှာ ရှဲ့ရွှမ်ချန်းကို တွေ့ခဲ့ပြန်တယ်။ အဲ့တုန်းက သူငယ်ချင်းတွေကြား ကြွားချင်တာနဲ့ ဒုတိယအစ်ကိုလို့ သူ အကျယ်ကြီး လှမ်းခေါ်လိုက်ပေမဲ့ ရှဲ့ရွှမ်းချန်ဆီက သာမန်ကာလျှံကာ အကြည့်တစ်ချက်ကိုပဲ ပြန်ရခဲ့တယ်။
အဲ့အချိန်မှာပဲ သူ သိလိုက်ရတာက သူနဲ့ ရှဲ့ရွှမ်းချန်ကြား ကွာခြားချက် အကြီးကြီး ရှိနေတယ်ဆိုတာပဲ။ လူတွေကြားထဲ သူကတော့ သေးငယ်ကျုံ့ဝင်သွားပြီး ရှဲ့ရွှမ်းချန်ကတော့ အားလုံးရဲ့ အထက်က လူမော်ပဲ။ မြင်းကို ဒုန်းစိုင်းစီးပြီး ပြေးထွက်သွားတာတောင် ဘယ်သူမှ သူ့ကို မတားရဲဘူး။
နောက်ပိုင်း သူတို့မိသားစုရဲ့ အဆင့်အတန်းလည်း တဖြေးဖြေး မြင့်လာပြီး ရှဲ့ရွှမ်းကျီလည်း ဟိုပွဲဒီပွဲတွေ တက်လာရတော့ မြို့တော်ထဲ နည်းနည်း နာမည်ရလာတယ်။ အဲ့အချိန်မှာ ရှဲ့ရွှမ်းချန်ကတော့ အင်ပါယာတစ်လွှား ဂုဏ်သတင်းကြီးတဲ့သူ ဖြစ်နေပြီ။ ကုန်ကုန်ပြောရရင် ဟန်စကား တစ်ခွန်းမှ မပြောတတ်၊ မဖတ်တတ်တဲ့ တိုင်းတစ်ပါးက မျိုးနွယ်စုတွေတောင်မှ ရှဲ့ရွှမ်းချန်ဆိုတဲ့ နာမည်ကိုတော့ နားလည်ကြတယ်။
ဘာလို့ သူတို့က တစ်ခေတ်တည်းမှာ လာမွေးရတာလဲ။ သူ့လို အာဏာပြင်းတဲ့သူတစ်ယောက် ရှိနေတာက ရှဲ့ရွှမ်းကျီကို အသက်တောင် ဖြောင့်ဖြောင့် ရှူမရအောင် မွန်းကြပ်နေစေတယ်။
ရှဲ့ရွှမ်းချန် နာမည်ကျသွားတဲ့အခါမှသာ ရှဲ့ရွှမ်းကျီက တဖြေးဖြေး ထင်ပေါ်လာတာ ဖြစ်တယ်။ ဒီနှစ်တွေထဲ ရှဲ့ရွှမ်းကျီက ဧကရာဇ်ရဲ့ သားအကြီးဆုံး၊ အားလုံးက ချီးမွမ်းကြတဲ့ ကိုယ်ကျင့်တရားနဲ့ပြည့်စုံတဲ့ မင်းသားတစ်ပါး၊ ဧကရာဇ်အနှစ်သက်ဆုံး သားတော် ဖြစ်လာခဲ့တယ်။ အရာအားလုံးက လေညာက စုန်ဆင်းရသလို ချောချောမွေ့မွေ့ပဲ။ ဟိုးအရင် နယ်မြို့လေးက အရာရှိငယ်လေးရဲ့ သားဖြစ်ခဲ့သူက ဘယ်လိုပုံမျိုးလည်းတောင် သူ မမှတ်မိတော့ဘူး။
____________________________________________________________________________________________