Chapter 72

1.8K 158 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 72
Translator – Utopia

မုမင်ထန် သူမရဲ့ အခန်းငယ်လေးဆီ ပြန်တဲ့အခါ နောက်မှာ အစေခံလေးယောက်က လိုက်ပါလာတယ်။ နှစ်ယောက်က ကျန်းမိသားစုက ပေးလိုက်တဲ့ အိမ်တော်ပါ အစေခံဖြစ်ပြီး နှစ်ယောက်က ကျင်းအိမ်တော်က ပြောင်းလာတာဖြစ်တယ်။ မုမင်ထန်ကတော့ သူမ ဘာမှမသိထားဟန်ဆောင်ပြီး လုပ်စရာရှိတာတွေကို ပုံမှန်အတိုင်းပဲ လုပ်နေလိုက်တယ်။ အဲ့အချိန်အတောအတွင်းမှာ အစေခံတွေက သူမကို ကူညီပေးရအောင် ပြောလာပေမဲ့ မုမင်ထန်ကတော့ အားလုံးကို ငြင်းပစ်လိုက်တယ်။

ဟာသပဲ၊ နှစ်ယောက်က ကျန်းအိမ်တော်က၊ နှစ်ယောက်က ကျင်းအိမ်တော်ကလေ၊ သူမ ဘယ်သူ့ကိုမှ မခိုင်းရဲဘူး။ အစကတော့ သူမ အိပ်တဲ့အချိန်လေးတော့ အေးဆေး ပေးနေမယ်ထင်ခဲ့တာ။ ဒါပေမဲ့ မြို့တော်မှာ အစေခံတွေကို ဘယ်လိုလေ့ကျင့်ပေးထားလဲဆိုတာကို လျှော့တွက်မိသွားတာပဲ။ ကျင်းအိမ်တော်က အစေခံတွေက အိပ်ရာပြင်ပေးပြီး ညဆိုင်းနဲ့ အလှည့်ကျ စောင့်ပေးကြတယ်။ တစ်ယောက်က ကြမ်းပြင်ပေါ် အိပ်ပြီး တစ်ယောက်ကတော့ အိပ်ရာခြေရင်းမှာ သူမကို ငုတ်တုတ်ထိုင်စောင့်နေတယ်။

အတိုချုပ်ပြောရရင် သူမကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ခိုင်းထားတာပဲ။

မုမင်ထန် စိတ်ပျက်လက်ပျက်နဲ့ပဲ မျက်လုံးတွေ မှိတ်လိုက်တယ်။ သူမ ရှဲ့ရွှမ်းချန်ကိုတောင် အားကျလာတယ်၊ အနည်းဆုံးတော့ သူ အိပ်နေတဲ့အခါ ဘယ်သူမှ အနားမကပ်ရဲကြဘူး။

နောက်နေ့မနက်မိုးလင်းတဲ့အခါ မုမင်ထန် ပုံမှန်လိုပဲ အဝတ်အစားလဲပြုပြီး မျက်နှာသစ်ဖို့ လုပ်လိုက်တယ်။ အဲ့အချိန်မှာပဲ ကျင်းအိမ်တော်က အစေခံက ရောက်လာပြီး တဘက်လာပေးတယ်၊ တစ်ယောက်ကကျ ရေဇလုံယူလာပြီး တဘက်ကို ရေညှစ်ကာ သူမ မျက်နှာသစ်ဖို့အတွက် လုပ်ပေးကြတယ်။ မုမင်ထန်လည်း မတတ်နိုင်တဲ့အဆုံး သူတို့လုပ်ပေးတဲ့အတိုင်းပဲ လက်ခံလိုက်ရတော့တယ်။

သူမကို မျက်နှာသစ်ပေးပြီးနောက် အစေခံတွေက မှန်ယူလာပြီး ဆံထုံးထုံးဖို့ ကူညီပေးလာကြတယ်။ သူမရဲ့မှန်တင်ခုံက ရှဲ့ရွှမ်းချန်အခန်းထဲ ရောက်နေတယ်။ အပြင်မှာ အစောင့်တွေလည်း ရှိတော့ကာ သူမ ခေါင်းမဖြီးရသေးဘဲ ထွက်သွားလို့ မသင့်တော့ချေ။ ဒီလိုနဲ့ အစေခံတွေလည်း မတတ်နိုင်တဲ့အဆုံး သူမလက်ထဲ ရှိတာနဲ့ပဲ မုမင်ထန်ကို ဆံထုံးထုံးပေးဖို့ လုပ်ကြရတော့တယ်။

"ဒီအစေခံရဲ့ သိမ်နုပ်တဲ့ အရည်အချင်းအတွက် တောင်းပန်ပါတယ်၊ ဝမ်ဖေး ခွင့်လွှတ်ပေးတော်မူပါ"

ဒါက ဘယ်လိုလုပ် လက်ရာညံ့တာဖြစ်နိုင်မှာလဲ ... မုမင်ထန် သူမဆံပင်ထုံးတာကို ပြန်ထိကြည့်ရင်း စိတ်ထဲက တွေးလိုက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် ကျန်းအိမ်တော်ကို ရောက်တုန်းက မြို့တော်ရဲ့အကောင်းဆုံးစည်းစိမ်ကို သူမ ခံစားမြင်တွေ့ခဲ့ရပြီးပြီလို့ပဲ ထင်ခဲ့မိတာ။ အခုပြန်တွေးကြည့်တော့ မွေးစားသမီးနဲ့ သမီးအရင်းကြား ဆက်ဆံပုံက တကယ် ကွာခြားတာပဲ၊ သေချာတာပေါ့ အမတ်အိမ်တော်နဲ့ မင်းသားတစ်ပါးရဲ့အိမ်တော်ကလည်း ဘယ်တူပါ့မလဲ။

ဒီလောက်ဆို အဆင်ပြေပြီလို့ပဲ တွေးလိုက်ပြီး မုမင်ထန် မတ်တတ်ရပ်လိုက်တယ်။

"ငါ့အတွက် ဒီလောက်ဆို အဆင်သင့်ဖြစ်ပြီ၊ နင်တို့လည်း နင်တို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်တော့"

"ဝမ်ဖေးကို ခစားဖို့က ကျွန်တော်မျိုးမတို့ရဲ့ တာဝန်ပါပဲ"

မုမင်ထန် မျက်မှောင်ကြုတ်သွားတယ်။

"မဟုတ်မှလွဲရော ... ငါ့နောက်ကနေ နင်တို့ တစ်နေကုန် လိုက်နေကြမှာလား"

"ဝမ်ဖေးကသာ ကျွန်တော်မျိုးမတို့ရဲ့ ပထမဦးစားပေးပါ။ ဝမ်ဖေးကို အန္တရာယ်ကင်းအောင် ကျွန်တော်မျိုးမတို့ ခစားရမှာပါ။ ဝမ်ဖေးဘေး ခစားရမယ့်အစေခံတွေ ရှိနေရမှာက သဘာဝပါပဲ"

အရင်ကဆို သူမက ဝမ်ဖေးအမည်ခံပဲ၊ ဝမ်ဖေးလို့သာ ခေါ်နေကြပေမဲ့ သူမ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်ပေးကြတာကလွဲရင် သူမက သာမန်လူလိုပဲခံစားရတယ်။ သူမ မုအိမ်တော်မှာ နေခဲ့ရတုန်းကဆို တစ်နေ့လုံး အခန်းထဲအောင်းနေပြီး သူမကြိုက်တာ အကုန်လုပ်လို့ရတယ်။ ချီယန်အိမ်တော်ထဲ ရောက်လာတော့လည်း သူမဘေး နောက်တစ်ယောက်ရှိနေတာကလွဲရင် အားလုံးက အရင်အတိုင်းပဲ။ 

အခုတော့ သူမ သိလိုက်ရတာက ဘာမှမကွာခြားသွားတာ မဟုတ်ဘဲ သူမကို ဘယ်သူကမှ ဂရုမစိုက်ကြတာပဲ။ တကယ့် ဝမ်ဖေးအစစ်တစ်ပါးဆို ဘယ်သွားသွား နောက်ကနေ လူအယောက် ၂၀၊ ၃၀ လောက်က လိုက်ကြရတယ်။ ဒါ့အပြင် သူမကိုပဲ သီးသန့်ခစားရတဲ့အစေခံကတင် ၁၀ ယောက်လောက် ရှိတယ်။ တစ်ဖက်မှာတော့ သူမဆီမှာ အစေခံ ၄ ယောက်ပဲ ရှိပြီး အဲ့တာကလည်း သူများအိမ်က ခဏ ပို့ပေးထားတဲ့သူတွေ။

မြင့်မြတ်လှတဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေက ဘာတွေတွေးနေကြလဲ သူမ လိုက်မမှီတော့ဘူး၊ ရုတ်တရက်ကြီး သူမကို အရေးကြီးတယ်လို့ မြင်လာကြတယ်။ တစ်စုံတစ်ယောက်ဆီက ရုတ်တရက်ကြီး ခစားတာကို ခံရတော့ မုမင်ထန်အတွက် တော်တော်အဆင်ပြေမနေဘူး။

သူမအခန်းက တော်တော်ကို ကျဥ်းကျဉ်းကျုတ်ကျုတ်နဲ့မို့ သူတို့အားလုံး ဝင်နေလို့ မဆန့်ချေ။ မုမင်ထန် အစေခံတွေကို ထားခဲ့ပြီး ရှဲ့ရွှမ်းချန်ဆီ သွားလို့ရအောင် နည်းလမ်းရှာနေတယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now