စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 42
Translator – Utopia
လူတစ်ယောက်က ပြောခဲ့ဖူးတယ်၊ သေရတာက လွယ်တယ် အသက်ရှင်ရတာကမှ ခက်ခဲတာတဲ့။ ဒီလိုနဲ့ ကျွန်မလည်း ဒုက္ခမျိုးစုံ ကျော်ဖြတ်ရင်း အသက်ရှင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ အဲ့လူက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ။ အခု ဒီစကားကို အရှင့်သားဆီ ပြန်ပါးချင်ပါတယ်။
"အရှင့်သားက သေဖို့ မကြောက်ရွံ့မှတော့ ဘာလို့ အသက်ရှင်ဖို့ သတ္တိမရှိရမှာလဲ"
ဟုံကျားသက္ကရာဇ် တတိယနှစ်၊ ရှဲ့ရွှမ်းချန် အဲ့နှစ်တုန်းက ဘာတွေဖြစ်ခဲ့လည်း ချက်ချင်းပဲ မှတ်မိသွားတယ်။ သူ ရှန်းယန်မြို့ကို ရောက်တဲ့အချိန် မြို့တဝက်လောက်က ဖျက်ဆီးခံလိုက်ရပြီ။ တကယ်ကို အနိဌာရုံပဲ။ သူ ဆက်တောင် မကြည့်နိုင်ခဲ့ဘူး။ လက်စသတ်တော့ သူမက ရှန်းယန်မြို့ကကိုး။
သူ မေ့မြောနေတုန်းက မုမင်ထန် 'အသက်သခင်' ဆိုပြီး ပြောတာကို ဝေဝေဝါးဝါး ကြားခဲ့ရတယ်။ အစက ဒီအတိုင်း လောကဝတ်အရ ပြောတယ်ထင်ခဲ့မိတာ။
ရှဲ့ရွှမ်းချန် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် မေးလာတယ်။
"ကိုယ်တို့ တွေ့ဖူးလား"
မုမင်ထန်က မျက်ရည်လည်ရွဲနဲ့ ငိုနေမိပြီမို့ ခေါင်းပဲ ညိတ်ပြနိုင်တော့တယ်။ ရှဲ့ရွှမ်းချန် ပင်ပန်းလာတာကြောင့် နောက်က ခေါင်းအုံးကို မှီလိုက်တယ်။ အချိန်အတော်ကြာ တွေးပြီးတဲ့နောက် ဝိုးတိုးဝါးတားပုံရိပ်လေးတစ်ခုကို သူ ပြန်မှတ်မိလာတယ်။
အဲ့တုန်းက သူမက ကလေးပဲ ရှိသေးပြီး ကြောက်လွန်းလွန်းလို့ လှုပ်တောင် မလှုပ်နိုင်ရှာဘူး။ ဒီလောက် အားနည်းတဲ့ကလေးမလေးက လမ်းမပေါ်ရောက်သွားတာရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ရှဲ့ရွှမ်းချန် တွေးခဲ့မိတယ်။ မထင်ထားဘဲ ဒီကလေးမလေးက စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ခဲ့ပြီး၊ စစ်ဘေးရှောင်တွေကြား ရှင်သန်လာရင်း သူမအတွက်လွတ်လမ်းကို သူမလက်နဲ့ ကိုယ်တိုင် ရှာခဲ့တာပဲ။
ဟိုးအရင် သူ သာမန်ပဲ ကယ်ခဲ့တဲ့ အဲ့ကလေးမလေးက သူ့နောက်ဆုံးခရီးကို အဖော်ပြုပေးမယ့်သူဖြစ်လာမယ်လို့ မထင်ထားခဲ့ဖူးဘူး။ စစ်စခန်းထဲ ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်း စစ်တပ်ထဲ ရောက်တဲ့အချိန်ကစလို့ ရှဲ့ရွှမ်းချန်ရဲ့လက်ထဲ မြောက်များစွာသောရန်သူတွေ သုတ်သင်ခံခဲ့ရတယ်။ ဒီလိုပဲ လမ်းတစ်လျှောက်မှာလည်း မုမင်ထန်လိုမျိုး စစ်ပြေးလာတဲ့သူတွေကိုလည်း သူ ကယ်တင်ခဲ့တယ်။
သူ သာမန်ပဲ ပြောလိုက်တဲ့စကားတစ်ခွန်းကို သူမက နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် မှတ်မိနေတုန်းပဲ။ ဒီနေ့မှာ သူပြောခဲ့ဖူးတဲ့စကားကို သူမက ပြန်ပြောလာခဲ့တယ်။
ရှဲ့ရွှမ်းချန် သက်ပြင်းချလိုက်တယ်။ နှစ်တွေအများကြီး ကြာခဲ့ပြီဆိုပေမဲ့ သူ့ကို မှတ်မိနေပြီး အသက်ဆက်ရှင်စေချင်တဲ့သူတစ်ယောက်လောက်တော့ ရှိသေးတာပဲ။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အဲ့ဒီနှစ်တွေက နှစ်အနည်းငယ်ပဲကြာသေးပေမဲ့ သူ့အတွက်တော့ ဝေးကွာလွန်းလှတဲ့ အတိတ်နေ့ရက်တွေလိုပဲ။
ရှဲ့ရွှမ်းချန် အတိတ်အကြောင်းပြန်တွေးမိရင်း အချိန်အတော်ကြာ စကားပြန်မပြောလာခဲ့ဘူး။ ထို့နောက် နူးနူးညံ့ညံ့ပြုံးလိုက်ပြီး
"အခုလို အခြေအနေထိ ရောက်လာဖို့ မင်းအတွက် ခက်ခဲခဲ့မှာပဲ။ ကိုယ် သေသွားတဲ့အခါ စာတစ်စောင် ထားခဲ့လိုက်မယ်၊ ဒီလိုဆို သူတို့ မင်းကို နောက်အိမ်ထောင်ပြုဖို့ ခွင့်ပြုပေးလိမ့်မယ်" ပြောရင်း ရှဲ့ရွှမ်းချန် ရပ်သွားတယ်၊ "ထားလိုက်တော့ အဲ့သားအဖက ကြောင်သူတော်တွေပဲ၊ ကိုယ် သူတို့ကို မယုံဘူး။ အချိန်ကျလာတဲ့အခါ ကိုယ် အမတ်ဟောင်းတွေဆီ ဆက်သွယ်ပြီး မင်းကို တိတ်တဆိတ် လုံခြုံတဲ့နေရာကို ပို့ပေးမယ်"
နောက်အိမ်ထောင်ဆိုတဲ့စကားကို ကြားလိုက်ရချိန် မုမင်ထန်ရဲ့နှလုံးသားက အေးစက်သွားတယ်။
"အရှင့်သား သေသွားပြီးနောက် ဖြစ်လာမှာတွေကို ကြိုပြင်နေတာလား"
ရှဲ့ရွှမ်းချန်ကတော့ ပြုံးနေဆဲဖြစ်တယ်။
"ဒါက သဘာဝပါပဲ။ စစ်တပ်ထဲကသူတွေက သေရမှာကို မကြောက်ကြဘူး။ ကိုယ် နောက်နှစ်အထိ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး"
"နောက်နှစ်က အခုထိမှ မရောက်သေးတာ၊ ဘယ်လိုလုပ်ပြီး အသက်မရှင်နိုင်ဘူးလို့ တထစ်ချ ပြောနေရတာလဲ" သူမ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလာတယ်၊ "ကျွန်မ စစ်ပြေးတုန်းကဆို ကိုယ့်ကိုယ်ကိုယ် အသက်မရှင်လောက်တော့ဘူးလို့ မကြာခဏ တွေးခဲ့ဖူးပေမဲ့ အခုထိ အသက်ရှင်နေသေးတာပဲလေ။ အရှင့်သားက အသက်ရှင်ချင်စိတ် ရှိသ၍ အခွင့်အရေးက အမြဲ ရှိနေပြီးသားပါ"
"ကိုယ့်ကို လာသင်နေရအောင် မင်း အသက်ဘယ်လောက်ရှိပြီမို့လို့လဲ"
ရှဲ့ရွှမ်းချန် မျက်ခုံးပင့်ပြီး လှမ်းမေးလိုက်တယ်။ သူ့မျက်ဝန်းထောင့်က မှဲ့လေးက မြင့်တက်သွားပြီး သူ့အကြည့်တွေက လှောင်ရယ်နေသလိုပဲ။
မုမင်ထန် နှုတ်ခမ်းကို ကိုက်ထားရင် လူကလည်း ကြို့ထိုးလာတယ်။
"အစက ကျွန်မ အိမ်ထောင်ပြုရတော့မယ်ကြားတော့ အရှင့်သားက ဝူအန်းဟိုရယ်မှန်း မသိခဲ့ဘူး။ ကျွန်မ မတရားသလို ခံစားခဲ့ရပြီး ကျန်းဟုန်ဟောက်ကိုတောင် လက်ညှိုးထိုးပြီး ဆူပူခဲ့တာ၊ သူ့ကို ကြောင်သူတော်အမတ်စုတ်လို့တောင် ဆဲဆိုခဲ့မိသေးတယ်။ နောက်တော့ ကျန်းသခင်မကို တစ်ပတ်ရိုက်ပြီး မင်္ဂလာလက်ဖွဲ့အများကြီး ပေးရအောင် လုပ်ခဲ့တယ်။ အို ဟုတ်သားပဲ၊ ရှဲ့ရွှမ်းကျီကိုလည်း အဲ့နေ့က ကျွန်မ ဆူပူအပြစ်တင်ခဲ့သေးတာ"
ရှဲ့ရွှမ်းချန် အံ့အားသင့်သွားတယ်။ သူ့ကိုယ်သူ ပြဿနာအရှာနိုင်ဆုံးသူလို ထင်နေတာ သူမက သူ့ထက်တောင် ပိုဆိုးတာပဲ။
"ဒီတော့ ....." မုမင်ထန် သနားစရာမျက်လုံးတွေနဲ့ ရှဲ့ရွှမ်းချန်ကို အားကိုးတကြီး ကြည့်လာတယ်။ "ဝမ်ရယ် အသက်ဆက်ရှင်နေမှဖြစ်မယ်။ ဝမ်ရယ်သာ သေသွားရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ။ ကျန်းမိသားစုက သေချာပေါက် ကျွန်မကို အနိုင်ကျင့်ကြမှာ"
ရှဲ့ရွှမ်းချန် ပြောစရာစကားတောင် ပျောက်ရှကုန်တယ်။ မုမင်ထန်ရှေ့ အဝတ်စတစ်စ လှမ်းပစ်လိုက်ပြီး
"ငိုမနေနဲ့၊ အခုချက်ချင်း မျက်ရည်တွေသုတ်လိုက်။ ဆက်ငိုနေရင် ငါ မင်းကို သတ်ပစ်မယ်"
_________________________________________________________