Chapter 36

2.9K 277 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်‌ဖေး
I’ll Be the Male Lead’s Sister-in-Law 
Chapter 36
Translator – Utopia

ဒီသေးသေးမွှားမွှားကိစ္စတွေလောက်ကိုတော့ ရှဲ့ရွှမ်းကျီလည်း လိုက်မပြောချင်ဘူး။ မုမင်ထန် အသက်ရှင်လျက် ချီယန်အိမ်တော်ဆီ ရောက်သွားတာနဲ့တင် သူတို့ရည်မှန်းချက်က ပြည့်မြောက်သွားပြီ။ မုမင်ထန် အဲ့မှာ ဘယ်လိုနေနေ ဘာလုပ်လုပ် ဧကရာဇ်လည်း စိတ်မဝင်စားချေ။ 

မုမင်ထန် အပြင်ကနေ အစေ့လှော်တချို့ ဝယ်ခဲ့ခိုင်းတာကလောက်က ကိစ္စမရှိဘူး။ အခုက အိမ်တော်ထိန်းက သူ့ကို တစ်ခုခု ပြောလိုက်တာကြောင့်သာမဟုတ်ရင် ဒီနေ့ သူမကို တွေ့ဖို့ ရှဲ့ရွှမ်းကျီ ဒီကိုရောက်လာမှာ မဟုတ်ချေ။

မုမင်ထန်က ဇဝေဇဝါဖြစ်နေတာတွေ့တဲ့အခါ သူကပဲ စိတ်အဆင်မပြေဖြစ်ရတာကို သည်းခံလိုက်ရင်း အင်္ကျီလက်ထဲကနေ ပစ္စည်းတစ်ခုကို သူမရှေ့ ထုတ်ပြလာတယ်။
“ဒါဆို ဒါက ဘာလဲ”

မုမင်ထန် တစ်ချက်လှမ်းကြည့်လိုက်တယ်။ အဲ့ဒါက သူမ လာဘ်ထိုးခဲ့တဲ့ ကျောက်စိမ်းဆံထိုးပဲ။ သေချာတာပေါ့ အစောင့်က အပေါင်ဆိုင်မှာ သွားပေါင်လိုက်တာ ဖြစ်မယ်။

သူမ အစောင့်ကို ငွေတုံးပေးပြီး လာဘ်ထိုးဖို့အဆင်မပြေတာကြောင့် သူမပိုင်တဲ့ လက်ဝတ်ရတနာတွေကိုပဲ အားကိုးရတော့တယ်။ ဒီရိုးရှင်းပြီး ကျက်သရေရှိတယ်ဆိုတဲ့ ကျောက်စိမ်းတွေကို သူမလည်း ကြိုက်တာမှမဟုတ်ဘဲဟာ။ မဟုတ်လည်း မသုံးဖြစ်မယ့်အတူတူ သူမရဲ့အဖိုးတန် ရွှေဆံထိုးတွေအစား ကျောက်စိမ်းတွေကို လာဘ်ထိုးဖို့သုံးလိုက်တာက ပိုမကောင်းဘူးလား။

ကျန်းအိမ်တော်က လက်ဖွဲ့တွေက အားလုံး ကျန်းမင်ဝေ့ရဲ့အကြိုက်အတိုင်း လုပ်ထားတာဖြစ်တယ်။ ဒါ့ကြောင့်မို့ မုမင်ထန်မှာ ရိုးရှင်းပြီးကျက်သရေရှိတဲ့ လက်ဝတ်ရတနာတွေ အများကြီးပဲ ရှိတယ်။ မုမင်ထန် တစ်ချက်ပဲ လှမ်းကြည့်ပြီး ပြောလိုက်တယ်။

“ဟုတ်တယ်၊ အဲ့တာ ကျွန်မဟာလေ။ ကျွန်မရဲ့လက်ဖွဲ့တွေကို ဘယ်လိုသုံးလဲဆိုတာ ကျွန်မ လုပ်ပိုင်ခွင့်ပါ။ အရှင့်သားက ဒီကိစ္စတွေအထိပါ လိုက်ထိန်းချုပ်ချင်နေတာလား”

ရှဲ့ရွှမ်းကျီ ဒေါသကို မျိုချလိုက်ရင်း
“မင်း ဘယ်လောက်ပဲ မကျေနပ်ပါစေ ကိုယ့်လက်ဖွဲ့ကို ဘာမှမဟုတ်တာလေးအတွက်နဲ့ ပေးမပစ်လိုက်သင့်ဘူး“

“ကျွန်မမှ မကြိုက်တာ။ စားစရာနဲ့ လဲပစ်လိုက်တော့ကော ဘာဖြစ်လဲ”

မုမင်ထန်ကလည်း ပက်ခနဲ ပြန်ပြောလာတယ်။

“မင်း ဘာလို့ဒီလောက်တောင် ခေါင်းမာရတာလဲ”

ရှဲ့ရွှမ်းကျီ သူမကို ကြည့်ရင်း တစ်ခုခု ပြောမလို့ လုပ်လိုက်ပေမဲ့ ပြန်မျိုသိပ်လိုက်တယ်။ သူ့အကြည့်က လေးနက်နေတယ်။

“မင်း အစ်ကိုတော်နဲ့ လက်ထပ်လိုက်ရလို့ ဒီလောက်တောင် စိတ်ပျက်ဝမ်းနည်းနေလား။ လမ်းဘေးက မုန့်လေးစားရဖို့အတွက်နဲ့ မင်္ဂလာလက်ဖွဲ့ကိုတောင် ထုတ်ရောင်းပစ်တယ်တဲ့လား”

“ကျွန်မ တကယ် မကြိုက်လို့ပါဆိုနေ!” မုမင်ထန် အထင်လွဲခံရသလို ခံစားလိုက်ရတယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now