Chapter 30

2.8K 282 2
                                    

Chapter 30
December 8, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 30
Translator – Utopia
“မိသားစုကို ထောက်ပံ့ခြင်း”
“ကောင်ချောလေးတစ်ယောက်ကို ပျိုးထောင်ရတာက သိပ်ခက်ခဲတာပဲ”
 
ရှဲ့ရွှမ်းချန်ကို ဆန်ပြုတ်တိုက်ပြီးတဲ့နောက်မှပဲ မုမင်ထန် သူမကိုယ်တာကို စစားတော့တယ်။ နည်းနည်းကြာသွားတာမို့ ဆန်ပြုတ်တွေက အေးနေပြီ ဖြစ်တယ်။ သူမကို တိတ်တဆိတ်စောင့်ကြည့်နေကြပြီး မီးဖိုဆောင်ကို သုံးလို့မရမှန်း မုမင်ထန် သဘောပေါက်လိုက်တယ်။ မဟုတ်ရင် သူမလည်း စားစရာတွေ ပြန်နွှေးလို့ ရရုံမက ရှဲ့ရွှမ်းချန်အတွက်ပါ ချက်ပေးလို့ရတယ်လေ။
 
သူ အိပ်စက်နေတာ အချိန်အတော်ကြာကို ရှိခဲ့ပြီမို့ ခါးမှာ အသားမရှိသလောက်ပဲ။ သူ့ပုံစံကို မြင်ရတော့ မုမင်ထန် စိတ်မကောင်းဖြစ်မိတယ်။ သူတို့ လူနာတစ်ယောက်ကို ဘယ်လိုတောင် ပစ်စလက်ခတ် ထားနိုင်ကြတာလဲ? သူမသာ လွတ်လွတ်လပ်လပ် သွားလာလို့ ရရင် သူ့အတွက် ဘာမဆို လုပ်ပေးမိမှာပါ။
 
အရင်တုန်းက သူမ စစ်ပြေးဒုက္ခသည်ဖြစ်တုန်းကဆို အဖွားကျိုးကို ကျွေးဖို့ အပြင်မှာ အသီးအရွက်လေးဘာညာ လျှောက်ရှာလို့ရသေးတယ်။ ဘယ်သူက ထင်မလဲ၊ စားစရာ ဝတ်စရာမပူရတဲ့ သူဌေးအိမ်က သမီးလည်း ဖြစ်ကော ကိုယ့်အသက်သခင်ကိုတောင် ဘာမှရှာမကျွေးနိုင်တော့ဘူး။
 
မုမင်ထန် ခပ်တိုးတိုး သက်ပြင်းချလိုက်ရင်း အမြန်ပဲ စားလိုက်တယ်။ ပန်းကန်တွေကို ထမင်းဘူးထဲ ပြန်သိမ်းဆည်းပြီးတဲ့နောက် ဗိုက်ဝသွားတဲ့ဟန်နဲ့ တံခါးရှေ့ ချပေးလိုက်တယ်။
 
တစ်ချိန်လုံး စောင့်ကြည့်ခံရတာလည်း ကောင်းကွက်ရှိပါတယ်လေ၊ သူမ တစ်နေ့ ထမင်းသုံးနပ်စားဖို့ ပူစရာလည်း မလိုသလို သူမစားပြီးသားတွေကို ပန်းကန်ဆေးပေးမယ့်သူတောင် ရှိသေး။
 
ထမင်းဘူးကို ချပေးပြီးတဲ့နောက် လာသိမ်းပေးတဲ့ စစ်သားကို မုမင်ထန် စိတ်ရှည်ရှည်နဲ့စောင့်နေတယ်။ ထို့နောက် သူမစားချင်တဲ့ စွပ်ပြုတ်၊ အသားငါးနဲ့ ဆန်ပြုတ်ပုံစံတွေကို ပြောပြပြီး သေချာ ချက်ခိုင်းလိုက်တယ်။ သူမမှာလိုက်တဲ့ပုံစံက ကြက်ကနေ ဇာမဏီဖြစ်လာတဲ့သူတစ်ယောက်ပုံနဲ့ ကွက်တိပဲ။ (TN: မစားဖူး မသောက်ဖူးတာတွေကို အခုမှ စားသောက်ရတဲ့သူလိုမျိုး စားစရာတွေကို မှာလိုက်တယ် ဆိုလိုတာပါ)
ထိုစစ်သားက သူမ မှာတာတွေကို ကြားတော့ မျက်မှောင်ကြုတ်သွားတာ မြင်တဲ့အခါ မုမင်ထန် ချက်ချင်းပဲ မျက်ခုံးပင့်လိုက်ရင်း
 
“ဘာလဲ မလုပ်ချင်ဘူးလား? ငါက ဝမ်ဖေးဆိုတာ မမေ့လိုက်နဲ့ဦး။ အလုပ်ရှုပ်တယ်ထင်ရင်လည်း ငါ့ကို အပြင်ပေးထွက်၊ ငါ့ဖာသာငါ သွားဝယ်မယ်”
 
ထိုစစ်သားက တပ်စုခေါင်းဆောင်ကို လှမ်းကြည့်လိုက်တယ်။ တပ်စုခေါင်းဆောင်လည်း မျက်မှောင်ကြုတ်ရင်း လက်ဝှေ့ယမ်းပြလိုက်တယ်။
 
 
“သူပြောတာ ကြားတယ်မလား၊ ငါ ပြောတဲ့အတိုင်းလုပ်လိုက်!”
 
မုမင်ထန် မျက်ခုံးကို ပင့်ရင်း အာဏာပြတတ်တဲ့ဝမ်ဖေးတစ်ယောက်လို လုပ်ပြလိုက်တယ်။ ထို့နောက်
 
“နေ့တိုင်းပြောနေရတာ အလုပ်ရှုပ်ပါတယ်လေ၊ အခုကစပြီး ဘာချက်ရမလဲဆိုတာ ငါ စာရေးထားပေးမယ်။ ငါရေးပေးထားတဲ့အတိုင်း ချက်လိုက်။ ဝမ်ရယ်ရဲ့စားစရာတွေကို ဘယ်လိုပြင်ဆင်ပေးလဲတော့ ငါလည်း မသိဘူး။ ဆိုတော့ အဲ့ဟာအတွက်တော့ ပြောင်းပေးဖို့ မပြောပါဘူး။ ဒါပေမဲ့ ငါ့စားစရာတွေကို ဖြစ်သလိုလုပ်ရင်တော့ .....”
 
သူမစိတ်ထဲ ဘယ်လိုခြိမ်းခြောက်ရင်ကောင်းမလဲ စဥ်းစားနေတယ်။ သူမ ဘာမှလည်း မလုပ်နိုင်၊ ကိုယ့်ကိုယ်ကိုယ် အရူးပုံပေါက်သွားအောင်လည်း လုပ်လို့မရဘူး။ နောက်ဆုံးတော့ မုမင်ထန် အကြံရသွားတယ်။
 
“ငါ့စားစရာတွေကို ဖြစ်သလိုလုပ်ရင်တော့ ဝမ်ရယ့်ကို ငါ ထမင်းမကျွေးတော့ဘူး။ နင်တို့ဘာသာနင်တို့ သွားကျွေးကြ”
သေချာတာပေါ့ ထိုစစ်သားရဲ့မျက်နှာက ချက်ချင်းပဲ ပြောင်းသွားတော့တယ်။ ထမင်းဘူးကို အမြန်ပဲ လှမ်းယူလိုက်ရင်း ထွက်သွားတော့တယ်။ သူ တော်တော်လှမ်းလှမ်းရောက်တဲ့အခါ မုမင်ထန်က လှမ်းအော်မှာလိုက်သေး။
 
“ဒီညအတွက် ငါ မှာထားတဲ့စားစရာတွေ မမေ့နဲ့နော်။ နောက်လည်း မကျစေနဲ့!”
 
အဖြစ်အပျက်တစ်ခုလုံးကို ဘေးက မြင်နေရတဲ့ တပ်စုခေါင်း‌ဆောင်ခမျာ မုမင်ထန်ကို စိတ်ထဲကနေ ချီးကျူးမိတယ်။ သူများတွေသာဆို အကျယ်ချုပ်ကျသွားရင် စိတ်ညစ်ပြီး မစားနိုင်မသောက်နိုင်နဲ့။ ဝမ်ဖေးကတော့ စိတ်မညစ်တဲ့အပြင် သူမ စားချင်တာတွေတောင် တက်တက်ကြွကြွနဲ့ မှာနေလိုက်သေး။
 
ဒီလိုအခြေအနေမှာတောင်မှ သူမက ဘယ်လိုလုပ် အကောင်းဘက်က မြင်နိုင်သေးတာလဲ? တပ်စုခေါင်းဆောင်က နားမလည်နိုင်တော့တဲ့ပုံနဲ့ မုမင်ထန်ကို ငေးမောကြည့်နေပေမဲ့ သူမကတော့ သူ့ကို လျစ်လျူရှုပြီး တံခါးကို အကျယ်ကြီးပဲ ပိတ်ချသွားတယ်။
 
ငတ်ဖူးတဲ့သူမှ စားစရာက လူတစ်ယောက်အသက်ရှင်ဖို့ ဘယ်လောက်အရေးပါလဲ နားလည်မှာ။ အခု သူမမှာ နေစရာ၊ စားစရာ၊ ဝတ်စရာ အကုန်ရှိတယ်။ သူမ စစ်ပြေးနေရတုန်းဆို ဒါမျိုး တွေးတောင် မတွေးနိုင်ခဲ့ဘူး။ သူမ အကျယ်ချုပ်ကျနေလည်း ဘာဖြစ်လဲ၊ အနည်းဆုံးတော့ အသက်ရှင်နေသေးတာပဲလေ။
ဒါ့အပြင် မင်းသားတစ်ပါးရဲ့အိမ်တော်ဆိုတော့ကာ လူသူမရှိဖြစ်နေရင်တောင်မှ စားစရာတွေကတော့ ထိပ်တန်းပဲ။
ညနေစာအတွက် မှာလိုက်ပြီးနောက် မုမင်ထန်လည်း ဘာမှလုပ်စရာမရှိတော့ပြန်ဘူး။ ဒါနဲ့ပဲ သူမလည်း အရှေ့ဘက်ခန်းဆောင်တွေကို ဖုန်သုတ်နေလိုက်တော့တယ်။
 
ညနေစောင်းလို့ ညစာစားချိန်ရောက်တဲ့အခါ သူမ တံခါးခေါက်သံ ကြားလိုက်ရတယ်။ မုမင်ထန် အမြန်ပဲ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီး တံခါးဖွင့်လိုက်တယ်။ ကြမ်းပြင်မှာ နေ့လယ်စာဘူးနှစ်ခုကို အဆင်သင့်ချထားတာ သူမ တွေ့လိုက်ရတယ်။
ထမင်းဘူးကို ယူလာခဲ့ရင်း မုမင်ထန် အမြန်ပဲ လက်ဆေးပြုလိုက်တယ်။ ထို့နောက် ရှဲ့ရွှမ်းချန်ကို ညစာကျွေးဖို့ လုပ်တော့တယ်။ လုပ်နေကျအတိုင်းပဲ သူ့ဆန်ပြုတ်ပန်းကန်ကို ပန်းအိုးထဲ သွန်လိုက်ရင်း
 
“အရှင် အခုအချိန်ကစပြီး ကျွန်မရဲ့စားစရာကိုပဲ အရှင် အားကိုးရတော့မယ်။ နာမည်ကြီးလှတဲ့ ချီယန်ဝမ်ကို ကျွန်မ တင်ကျွေးထားရမယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ ကျွန်မရဲ့ဘိုးဘေးတွေကတော့ ဂုဏ်ယူလို့ဆုံးမှာ မဟုတ်ဘူး”
 
_______________________________________________________________
 
 

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now