စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 54
Translator – Utopiaမုမင်ထန်လည်း သူမ နည်းနည်း သိသာသွားတယ်လို့ တွေးမိတယ်။ ချောင်းတစ်ချက်ဟန့်လိုက်ရင်း
"အဲ့စကားအတိုင်းပြောရရင် ကျွန်မက ငါးမှ မဟုတ်တာ၊ ငါးတွေ ပျော်မပျော် ကျွန်မ ဘယ်လိုလုပ် သိနိုင်မလဲ။ ကျွန်မ ဒီနေရာမှာ အကျဉ်းချခံထားရတယ်လို့ အရှင့်သားက တွေးမိပြီး ကျွန်မကို ထွက်သွားလို့ရအောင် ကူပေးချင်တယ်။ ဒါပေမဲ့ ကျွန်မက ထွက်သွားချင်တယ်လို့ အရှင့်သားက ဘယ်လိုသိတာလဲ? တကယ်လို့ ကျွန်မက ရည်မှန်းချက်ကြီးတဲ့သူ မဟုတ်ဘဲ အခုလို သက်သောင့်သက်သာ နေရတဲ့ဘဝကို ကြိုက်တယ်ဆိုရင်ကော"
သူမ ယုံကြည်ချက်အပြည့်နဲ့ပြောနေတာကို တွေ့တော့ ရှဲ့ရွှမ်းချန် မျက်ခုံးပင့်ကြည့်လာတယ်။ မုမင်ထန်က သူ့အတွက် ခေါင်းအုံးတွေကို ညှိပေးရင်း
"အခုလို ဘာမှလုပ်စရာမလိုတဲ့ဘဝကို ကျွန်မ တကယ် သဘောကျတယ်။ အရှင့်သား ကျေးဇူးပြုပြီး ကျွန်မကို ဒီအိမ်တော်မှာ ပေးနေပါနော်။ နေ့တိုင်း အစားကောင်းတွေ စားရပြီး နန်းတော်ကလည်း ဂရုစိုက်ပေးနေတော့ အခု ကိုယ်တိုင်တောင် ကြိုးစားနေစရာမလိုတော့ဘူး၊ ဘယ်လောက် ကောင်းလိုက်လဲ"
မသိမသာလေး စကားဆွယ်နေပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ ဒီလှည့်ကွက်ထဲ ပါသွားမှာ မဟုတ်ချေ။
"ကိုယ် အပြင်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့အချိန်တုန်းကဆို မင်းက ကလေးပေါက်စလေးပဲ ရှိဦးမှာ။ မင်း တစ်သက်လုံး သက်သောင့်သက်သာ ဘဝကို နေသွားချင်တယ်ဆို အခုရှိနေတဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို ယူသွားရုံနဲ့တောင် ရတယ်။ ဘာလို့ ဒီနေရာမှာ နေနေပြီး သေမယ့်အချိန်ကို စောင့်နေမှာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကြာရင် အဲ့ပစ္စည်းတွေက ကုန်သွားမှာပဲဟာ။ အိမ်တော်မှာနေနေသ၍ ကျွန်မမှာ ဘာပြဿနာမှ ကြုံရမှာ မဟုတ်ဘူး"
သူမရဲ့အဖြေက သိပ်ကို ရိုးစင်းတာကြောင့် ရှဲ့ရွှမ်းချန်တောင် ဘာပြန်ပြောရမလဲမသိတော့ဘူး။ မုမင်ထန်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြုံးပြလိုက်ရင်း
"ဒီတော့ ကျွန်မ နေချင်တဲ့အတိုင်းလေး ပေးနေပါနော်။ ကလေးကတည်းက ကျွန်မအိပ်မက်က အလုပ်မလုပ်ဘဲ တစ်သက်လုံး ကောင်းကောင်းနေ ကောင်းကောင်း စားသွားရဖို့ပဲ။ အခု ကျွန်မအိပ်မက်တွေ လက်တွေ့ဖြစ်လာပြီမို့ အရှင့်သား သူများအိပ်မက်လေးကို မဖျက်စီးလိုက်ပါနဲ့"
"ဒါပေမဲ့ ဘာလို့လဲ"
"ဘာကိုလဲ"
"ဘာလို့ ဒီမှာပဲ အဲ့လောက် နေချင်နေရတာလဲ။ ရှဲ့ရွှမ်းကျီ ပြောသွားတာ မှန်တယ်။ မင်း ဒီမှာနေနေသ၍ ကိုယ်က မင်းကို ဘာမှဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး" သူမက တောက်တောက်ပပ ပြုံးပြလာတယ်။ သူမမျက်ဝန်းတွေက ကြယ်လေးတွေလိုပဲ တောက်ပလင်းလက်နေတယ်။ "ဘာလို့ဆို အရှင့်သားက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်၊ ကျွန်မနှလုံးသားထဲက သူရဲကောင်းပဲ။ အရှင့်သားဘေးမှာ နေခွင့်ရတာနဲ့တင် ကျွန်မအတွက် သိပ်ကို ပျော်ရွှင်ရတယ်"
သူမအဖြေကြောင့် ရှဲ့ရွှမ်းချန် အံ့အားသင့်သွားတယ်။ သူ ခဏကြာတဲ့အထိ တွေတွေကြီး ဖြစ်နေမိတယ်။ အသိပြန်ဝင်နဲ့အခါကျမှ ချက်ချင်းပဲ လှောင်ပြုံးလိုက်ရင်း
"မင်း ကိုယ် ရူးသွားတာကို မမြင်သေးလို့ ပြောနိုင်တာပါ။ အဲ့လူတွေလည်း မင်းလိုပဲ၊ ဘာမှမမျှော်လင့်ပါဘူးဆိုပြီး ပြောခဲ့ကြပြီး ကိုယ့်ကို ဦးညွှတ်ခဲ့ကြတယ်။ နောက်တော့ ကိုယ် နှစ်ခါလောက်လည်း စိတ်လွတ်သွားကော သူတို့အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြကော"
မုမင်ထန်လည်း သူမ စိတ်ပိုင်းဖြတ်ပြီးပြီဆိုတာကို သူ သိအောင် ဘယ်လိုပြောပြရမလဲ မသိတော့ဘူး။
"အရှင့်သား နေမကောင်းဖြစ်နေတာက ကုသလို့ ရမှာပါ။ ကြည့်ပါလား ဒီရက်ပိုင်းထဲ အရှင့်သားက ညင်သာပြီး ပေါင်းသင်းဆက်ဆံရလွယ်တဲ့ဟာကို"
သူမပြောတဲ့ "ညင်သာပြီး ပေါင်းသင်းဆက်ဆံရလွယ်တယ်"ဆိုတဲ့စကားကြောင့် ရှဲ့ရွှမ်းချန် ဟားတိုက်ရယ်လိုက်တယ်။
"ကိုယ်က နိုးနေတဲ့အချိန်ပဲ တိုက်ခိုက်တတ်တာ မဟုတ်ဘူး။ ဖြစ်နိုင်ချေက အမြဲတမ်းရှိတယ်။ မင်း အခုလို ပြောနေရင် ကိုယ် စိတ်လွတ်သွားတဲ့အခါက အရင်ဆုံး သေမယ့်သူက မင်း ဖြစ်နေမှာ စိုးရတယ်။
"ကျွန်မတော့ မကြောက်ပါဘူး"
မုမင်ထန်က ချက်ချင်းပဲ ပြန်ဖြေလာတယ်။ ထို့နောက် ရှဲ့ရွှမ်းချန်ကို သေချာကြည့်ရင်း
"ဆိုတော့ အရှင့်သား ကျွန်မကို နေခွင့်ပြုလိုက်တယ်ဆိုတဲ့သဘောပေါ့နော်။ အရှင့်သား ကျွန်မကို ထပ်မမောင်းထုတ်တော့ဘူးမလား"
ရှဲ့ရွှမ်းချန်က ဘာမှမပြောလာခဲ့ဘူး။ မုမင်ထန်လည်း သူ လက်ခံတယ်လို့ သဘောထားလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ
"အတော်တောင် နောက်ကျနေပြီ။ အရှင့်သား အိပ်ရာဝင်တော့ရယ်။ မနက်ဖြန်ကျ တွေ့မယ်"
သူမ ပြောပြီးတာနဲ့ မီးအိမ်လေးကို ကိုင်ပြီး ထွက်သွားတော့တယ်။ ရှဲ့ရွှမ်းချန်အခန်းထဲက ဘယ်တံခါးကိုမှ မဖွင့်ရဲတာကြောင့် သူမ မီးအိမ်အားလုံးကို ငြှိမ်းပစ်လိုက်ရတယ်။ အဲ့ဒီနောက်မှာပဲ သူမ ခန်းဆောင်ထဲက ထွက်သွားတော့တယ်။
သူမ အရှေ့ဘက်ခန်းဆောင်ဆီ မရောက်ခင် ရှိသမျှ မီးအိမ်တွေကို တစ်ခုချင်း လိုက်ငြှိမ်းနေတယ်။ ယွီလင်းခန်းမဆောင်အပြင်က အစောင့်တွေလည်း အထဲက မီးရောင်တွေ ပျောက်သွားတာကို တွေ့တဲ့အခါ ညရောက်လာပြီမှန်း သိလိုက်ကြပြီ။
ဒီလိုနဲ့ပဲ ချီယန်ဝမ်ဖေးရဲ့ မီးအိမ်လေးတွေက အိမ်တော်ထဲ နေ့ည ပိုင်းခြားပေးတဲ့အရာတစ်ခု ဖြစ်လာတော့တယ်။
____________________________________________________________________________________________