စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 55
Translator – Utopia"ယခင် ခင်ပွန်းလောင်းဆီမှ ဖိတ်ကြားလွှာ"
မနက်ပိုင်း မုမင်ထန် စောစောနိုးလာတာကြောင့် ရှဲ့ရွှမ်းချန်လည်း နိုးလာတယ်။ မုမင်ထန် သူ့ကို မနက်စာကျွေးပြီးတဲ့နောက် အခန်းထဲ လမ်းပတ်လျှောက်ဖို့ ကူညီပေးနေတယ်။
သတိရခါစအချိန်ကနဲ့ ယှဥ်လိုက်ရင် ရှဲ့ရွှမ်းချန်ရဲ့ လက်ရှိအခြေအနေက အများကြီး တိုးတက်လာပြီဖြစ်တယ်။ အစတုန်းကဆို လမ်းအနည်းငယ်လျှောက်တာနဲ့ သူ့မျက်နှာက ဖြူဖျော့သွားခဲ့ပေမဲ့ အခုဆို အခန်းထဲ လမ်းတစ်ပတ်ပြည့်အောင် လျှောက်နိုင်လာပြီဖြစ်တယ်။ သူက နာလန်ထူတာ မြန်တယ်လို့ မုမင်ထန် မြင်ပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ သူ့အခြေအနေသူ စိတ်ပျက်နေဆဲ ဖြစ်တယ်။
မုမင်ထန် သူ့ကို ဘေးက ကူပေးရုံသာ တတ်နိုင်တယ်။ သူမ ဘေးကနေ တကျည်ကျည်လုပ်ရင်း
"ဒီမှာ ဘယ်သူမှလဲ မရှိတာကို ဘာလို့ အဲ့လောက် အလောတကြီး ဖြစ်နေတာလဲ။ စိတ်အေးအေးထားပြီး ဖြေးဖြေးချင်း လုပ်လေ"
နှစ်ယောက်သား အခန်းထဲ လမ်းတစ်ပတ်လျှောက်လို့ ပြည့်ခါနီးမှာပဲ ပင်မခန်းဆောင်ရဲ့ တံခါးက ရုတ်တရက် ပွင့်လာတာကြောင့် ရှဲ့ရွှမ်းချန်ကော မုမင်ထန်ကော လန့်ဖျပ်သွားကြတယ်။ အဲ့အချိန်မှာပဲ တံခါးဝက အစောင့်ရဲ့ အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။
"မင်းသားကျင်း"
ရှဲ့ရွှမ်းကျီလား? သူက ဘာလို့ ရောက်လာပြန်တာလဲ? မုမင်ထန် အမြန်ပဲ ရှဲ့ရွှမ်းချန်ကို ဖွက်ဖို့လုပ်ရတော့တယ်။ အိပ်ရာနဲ့ မလှမ်းမကမ်းမှာ ရှိနေတာကြောင့် အိပ်ရာပေါ် ပြန်လှဲနေဖို့ အချိန်ရှိပေမဲ့ ရှဲ့ရွှမ်းချန်က အဲ့လောက် မြန်မြန် မလှုပ်ရှားနိုင်သေးဘူး။ နောက်ပြီး သံမဏိကြိုးတွေကိုလည်း ဖြုတ်ထားပြီး ကြမ်းပြင်ပေါ် မှာ အပုံလိုက်ချထားတယ်။
ရှဲ့ရွှမ်းချန်မှာ အချိန်ရှိရင်တောင်မှ သံလက်ထိတ်တွေကို ပြန်ခတ်ဖို့က အချိန်မလောက်ဘူး။ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး ပါးလျတဲ့သူ့နှုတ်လမ်းမှာ သွေးရောင်တောင် မကျန်တော့ဘူး။ သူ့အကြည့်က အေးခဲထက်ရှနေတယ်။
မုမင်ထန် ဘယ်ပြေးပုန်းရမလဲ နေရာရှာနေတုန်း ရှဲ့ရွှမ်းချန်နဲ့ အကြည့်ချင်းဆုံသွားတဲ့အချိန် သူမပါ လန့်ဖျပ်သွားတယ်။ သူမ ကြောင်ကြည့်နေမိပြီး ခဏကြာမှ သူ ဘာလုပ်ချင်နေတာလဲ သဘောပေါက်သွားတယ်။
အဲ့အခိုက်အတန့်မှာ သူမခေါင်းမွေးတွေပါ ထောင်လာသလို ခံစားလိုက်တယ်။ ရှဲ့ရွှမ်းကျီက တံခါးဝမှာပဲ ရှိသေးတာမို့ အထဲကအခြေအနေကို မမြင်ရချေ။ မုမင်ထန် အမြန်ပဲ လက်ဦးမှုယူပြီး ရှဲ့ရွှမ်းချန်လက်ကို တွဲကာ ခပ်တိုးတိုးနဲ့
"အရှင့်သား ရူးနေလား!"
ရှဲ့ရွှမ်းချန်ကတော့ လှောင်ပြုံးပြုံးလိုက်ရင်း ခေါင်းငုံ့ကာ သူမကို ပြက်ရယ်ပြုလိုက်တယ်။
"ဘာလဲ မင်းရဲ့နှလုံးသားလေးက သူ့အတွက် နာကျင်နေပြီလား"
"သူနဲ့ကျွန်မက ဘာဆိုင်လို့လဲ။ ကျွန်မ အရှင့်သားကို မဆုံးရှုံးချင်ဘူး"
မုမင်ထန် ဘယ်ကသတ္တိတွေ ရလာမှန်းမသိပေမဲ့ ရှဲ့ရွှမ်းချန်ကို နောက်ပို့ပြီး သူမကိုယ်နဲ့ ကာထားတယ်။
"ကျွန်မရဲ့လက်ဖွဲ့တွေနဲ့ စားစရာကိုပါ ကျွေးပြီး အရှင့်သားက နာလန်ထူလာအောင် လုပ်ထားရတာ။ အခု အရှင့်သားက အားကုန်ထုတ်သုံးလိုက်ရင် ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည် ရှိတော့မှာလဲ"
သူမစကားကြောင့် ရှဲ့ရွှမ်းချန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းသွားတယ်။ သူ တစ်ခုခုပြောမလို့ ဟန်ပြင်လိုက်ချိန်မှာပဲ မုမင်ထန်က ဖြတ်ပြောလာတယ်။
"အခု အရှင့်သားက ကျွန်မကျွေးတာကို စားနေရတာ။ ကျွန်မကို ဆန့်ကျင်ပိုင်ခွင့် မရှိဘူး။ အဲ့အတိုင်းနေဦး မလှုပ်နဲ့"
မုမင်ထန် လိုက်ကာပန်းချီကားချပ်ကို ဆွဲဖွင့်ရင်း သူမအပြင်ဝတ်အင်္ကျီတွေကို ချွတ်ချလိုက်တယ်။ ထို့နောက် လိုက်ကာပေါ် ဖရိုဖရဲ ပစ်တင်ထားတော့တယ်။ အနီရောင်ဖျော့ဖျော့စကတ်ကိုမှ အပေါ်က ရွှေနီရောင်အင်္ကျီနဲ့ အဝါရောင်အပေါ်ဝတ်ခြုံလွှာကို သူမ ဝတ်ဆင်ထားတာဖြစ်တယ်။ ရွှေနီရောင်အင်္ကျီနဲ့ အပေါ်ဝတ်ခြုံထည်က သိပ်ကို ပနံလည်းသင့်ပြီး ပန်းချီကားထဲက ဆေးမှင်နဲ့ တွဲဖက်လိုက်တဲ့အခါ မျက်စိပသာဒရှိလှတယ်။
အစက လိုက်ကာပန်းချီကားချပ်ကို အိပ်ရာကို မမြင်ရအောင်လို့ ကာထားတာဖြစ်တယ်။ ဒါကြောင့်မို့ လိုက်ကာကို အပြည့်ဆွဲပိတ်လိုက်တဲ့အခါ အိပ်ရာနောက်မှာ ဘာတွေဖြစ်နေလဲ အပြင်က မမြင်ရတော့ချေ။
ရှဲ့ရွှမ်းကျီက ချီယန်အိမ်တော်က မကြာခဏ လာရောက်လေ့ရှိပြီး အိမ်တော်ထဲက အစောင့်တွေကလည်း သူ့လူတွေပဲမို့ ဘယ်တုန်းကမှ အထဲကို သတင်းပို့စရာမလိုခဲ့ချေ။ ရှဲ့ရွှမ်းကျီ ဝင်လာတော့ ဘယ်သူ့ကိုမှမတွေ့တာနဲ့ အနောက်ဘက်ခန်းမဆောင်ဆီ ဆက်လျှောက်လာခဲ့လိုက်တယ်။
____________________________________________________________________________________________