Chapter 24

2.9K 256 0
                                    

Chapter 24
December 4, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 24
Translator – Utopia
“ဂရုစိုက်မှု”
ဝူအန်းဟိုရယ်ကို သူမ ထပ်တွေ့ရတဲ့အခါ အခြေအနေတွေက အခုလို ဖြစ်နေမယ်လို့ မုမင်ထန် တစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး။
သူမကို အရိုင်းအစိုင်းတွေလက်က ကယ်တင်ပေးခဲ့ပြီး အသက်ဆက်ရှင်သွားဖို့ ပြောခဲ့တဲ့ လူငယ်လေးပဲ။
သူ့စကားတွေက မုမင်ထန်အတွက် တွန်းအားတစ်ခုဖြစ်ခဲ့တယ်။ သူမမိဘတွေက အသက်နဲ့လဲပြီး သူမကို ကာကွယ်ပေးခဲ့ကြတာ၊ သူမ ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေရမှာလဲ? သူမ လမ်းလျှောက်နိုင်သ၍ အသက်ဆက်ရှင်သွားမယ်၊ အသက်ရှူနိုင်သ၍၊ တွားသွားနိုင်သ၍ ရသမျှ ဆက်သွားပြီး လုံခြုံတဲ့နေရာကို ရအောင် သွားရမယ်။
အဲ့ဒီနေ့ ရှန်းယန်တစ်မြို့လုံး မီးလောင်တိုက်သွင်းခံရချိန်မှာ ထိုလူငယ်က သူမကို လုံခြုံတဲ့နေရာဆီ လမ်းပြခဲ့တယ်။ သူမ မြို့ထဲက ထွက်လာနိုင်ပြီးတဲ့နောက် ထောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့အတူ ထိုလူငယ်ရဲ့ စစ်တပ်နောက်ကနေ လိုက်ပါလာခဲ့ကြတယ်။
ရှန်းယန်မြို့ကလူတွေကို ကယ်တင်ခဲ့တဲ့ ဒီလူငယ်က ဝူအန်းဟိုရယ် ဖြစ်ကြောင်း သူမ သိလိုက်ရတယ်။ ဟုန်ရှုအင်ပါယာကို တိုက်ခိုက်ဖို့ သူ့ကို အမိန့်ပေးထားပြီး အပြန်လမ်းမှာ ရှန်းယန်ကျသွားမှန်း သိလိုက်ရတာပဲ။ ဧကရာဇ်က ရှန်းယန်မြို့ကို ကယ်ဖို့ လုပ်ခဲ့ပေမဲ့ မြို့စောင့်တပ်က အကြီးအကဲက သူရဲဘောကြောင်စွာပဲ ရန်သူတွေ ဝိုင်းလာချိန်မှာ ကိုယ်လွတ်ရုန်းသွားခဲ့တယ်။
အဲ့အချိန်မှာပဲ မြို့တော်ကို ပြန်လာနေတဲ့ ဝူအန်းဟိုရယ်က ဒီသတင်းကို ကြားပြီး လာကယ်တာပဲ။ လူ့အသက်ထောင်ချီ ဆုံးရှုံးသွားနိုင်တဲ့အရေးမှာ သူ ဘယ်လိုလုပ် ဒီအတိုင်း နေနိုင်မှာလဲ။ သူ့စစ်တပ်ထဲက အထူးတပ်သားတွေကို ရွေးထုတ်ပြီး ပင်မစစ်တပ်ကနေ ခွဲထွက်ကာ ရှန်းယန်က ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့တယ်။
စစ်ဘေးရှောင်တွေနဲ့ ထွက်ပြေးနေရတဲ့ သာမန်အရပ်သား မုမင်ထန်အဖို့ ဝူအန်းဟိုရယ်က မြို့တော်ကို ဘာအတွက် အမြန် ပြန်ဖို့လိုနေတာလဲ မသိခဲ့ရချေ။ အကြောင်းအရင်းကတော့ ကောရုံက အသည်းအသန် နာမကျန်းဖြစ်နေပြီး ရှဲ့မိသားစုက မင်းဆက်ကို ပြောင်းတော့မှာပဲ ဖြစ်တယ်။
ဝူအန်းဟိုရယ်က ရှဲ့ရွှမ်းချန်မှန်းလည်း မုမင်ထန် မသိခဲ့ဘူး။ ဒီဘွဲ့က ဧကရာဇ်မင်း ကောရုံက ချီးမြှင့်ထားတာဖြစ်ပြီး ရှဲ့မိသားစု နန်းတက်တဲ့အခါ ဝူအန်းဟိုရယ်ကနေ ချီယန်ဝမ် (ချီယန်မင်းသား) လို့ ပြောင်းသွားခဲ့တယ်။ ဒီလိုနဲ့ ရှဲ့ယီ နတ်ရွာစံပြီး ရှဲ့ရွေ့နန်းတက်တဲ့အခါ ချီယန်ဝမ်ရဲ့ အတိတ်က အကြောင်းတွေက တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။
အဖွားကျိုးနဲ့ အတူရှိခဲ့စဥ်တုန်းကလည်း တစ်ခါမှတောင် သူမရဲ့အသက်သခင်ကျေးဇူးရှင်ကို မမေ့ခဲ့ဖူးချေ။ ဒါပေမဲ့လည်း သာမန် အရပ်သားစစ်ပြေးဒုက္ခသည်တစ်ယောက်အဖို့ မြို့တော်က စစ်တပ်ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ သူ့ဆီမှာ ဘာကိစ္စတွေ ဖြစ်နေမလဲ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျန်းမိသားစုက မွေးစားသွားပြီး သခင်မလေးတစ်ယောက် ဖြစ်သွားချိန်မှာတောင် သူမမှာ ဘာအာဏာမှ မရှိတာကြောင့် မသိခဲ့ရဘူး။
အဲ့ဒီအစား သူမက ကျန်းအိမ်တော်ထဲ ကျင့်ဝတ်ထုံးတမ်းတွေ သင်ယူရင်း ပိတ်မိနေခဲ့ပြီး မြို့တော်က ဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့ချေ။ သူမ သိရတာဆိုလို့ အစေခံတွေကြား ပြောကြတဲ့စကားတွေသာ ဖြစ်တယ်။ အစေခံတွေက အတင်းအဖျင်းပြောဆိုရတာ ဝါသနာပါကြပြီး ချီယန်ဝမ်ရဲ့ ရူးသွပ်ရက်စက်မှုတွေကိုသာ ချဲ့ကားပြောဆိုခဲ့ကြတယ်။
ဒါကြောင့်မို့ မုမင်ထန်စိတ်ထဲ ဝူအန်းဟိုရယ်နဲ့ ချီယန်ဝမ်ကို တစ်ယောက်ထဲလို့ မထင်ခဲ့မိတာ ဖြစ်တယ်။ အစေခံတွေကို ဝူအန်းဟိုရယ်အကြာင်း မေးကြည့်ခဲ့ဖူးပေမဲ့ ဘယ်သူမှ တိတိပပ မသိကြဘူး။ သူမ ကျန်းသခင်မကိုလည်း သွားမမေးရဲခဲ့ဘူး။ အထိန်းတော်ကြီး ‌ရောက်လာချိန်မှာတော့ မုမင်ထန်လည်း သူမရဲ့ ကျေးဇူးရှင်ကို တိတ်တိတ်ကလေး ဆုတောင်းပေးရုံသာ တတ်နိုင်တော့တယ်။
လူ့စိတ်ဆိုတာက တောင်ထိပ်ရောက်နိုင်ခဲ့ရင် တိမ်ညွန့်ထိပါ မြင်ချင်ကြပေမဲ့ မုမင်ထန်ကတော့ ရင်ထဲ လေးစားကြည်ညိုခြင်းနဲ့ ကျေးဇူးတရားကလွဲရင် တခြားခံစားချက်မရှိခဲ့ဘူး။
ဒါပေါ့ သူမထက် အသက်သိပ်ကြီးပုံမရပေမဲ့ ဟိုရယ်ဘွဲ့ရထားတဲ့ ဒီလူငယ်က ဘယ်လောက် ခန့်ညားပြီး အာဏာကြီးတဲ့သူလဲဆိုတာ သူမလည်း တစ်ခါမကတော့ တွေးမိခဲ့ဖူးပါတယ်။ သူမစိတ်ထဲ သူ့လို သိပ်တော်တဲ့ပုဂ္ဂိုလ်က အောင်အောင်မြင်မြင် ဂုဏ်ကျက်သရေတွေနဲ့အတူ သမိုင်းမှာ ထင်ရှားတဲ့သူအဖြစ်နဲ့ ကျန်ခဲ့မယ်လို့ပဲ မုမင်ထန် ယုံကြည်ခဲ့တာ။
သူ အခုလို ဖြစ်သွားမယ်မှန်း သူမ တစ်ခါမှ မတွေးကြည့်ဖူးဘူး။
မုမင်ထန် ငိုလို့ပြီးသွားတဲ့နောက် အင်္ကျီလက်စနဲ့မျက်ရည်တွေကို သုတ်လိုက်တယ်။ အဖေက အမြဲပြောခဲ့တယ်၊ ဘယ်သူ့ဆီမှ ကျေးဇူးကြွေး မတင်စေနဲ့တဲ့။ ကျန်းမိသားစုက သူမကို နာမည်ခံပဲ မွေးစားခဲ့ပေမဲ့ ဝူအန်းဟိုရယ်ကသာ သူမအသက်ကို ကယ်တင်ပေးခဲ့တဲ့သူပဲ။
________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now